ဝတ်ရည်နှင့်ရနံ့ လုပွဲ

ဝတ်ရည်နှင့်ရနံ့ လုပွဲ

ကံကော်တွေစပွင့်ကြလေပြီ။ နွေဦးကံ့ကော်တွေစပွင့်ကြလေပြီ။ စျေးထဲတွင် ကံ့ကော်ပန်းကုံးတွေကို မြင်ရလေပြီ။ တကုံးကိုငါးရာရောင်းတာလည်းရှိသည်။ သုံးရာရောင်းတာလည်းရှိသည်။ ပန်းကုံးတွေကတော့ အရွယ်အစားတူတွေ။ သူ့ဖောက်သည်နှင့်သူဝယ်ကြလေသည်။ ကံ့ကော်ပန်းမှာ ရှားသေးသည့် ပွင့်ဦးကံကော်တွေမို့ အရောင်းသွက်သည်။ စျေးရသည်။
” ကံ့ကော်ပန်းကို စျေးမဆစ်သင့်ဘူး” ဟု ကံ့ကော်ပန်းခူးဖူးသူတွေကပြောကြသည်။ ကံ့ကော်ပန်းတွေက ကိုင်းဖျားကိုင်းနားတွေမှာ ပွင့်သည်။ ခက်ခက်ခဲခဲတက်ပြီး ကံ့ကော်ပန်းပန်းလှလှရအောင် ခူးရသည်။ပြုတ်မကျအောင် ကိုင်းတို့၊ ငြမ်းတို့ဆွဲပြီးတက်ရသည်မှာ လက်အံသေမတတ်ဖြစ်သည်။ တနည်းအားဖြင့် ကံ့ကော်ပန်းခူးရသည့်အလုပ်သည် အသက်နှင့်ရင်းရသည့်အလုပ်ဖြစ်သည်။
စာရေးသူလည်း ကံကော်ပန်းကောက်ဖူးသည်။ တကယ်မလွယ်သည့် အလုပ်ဖြစ်သည်။ ကောင်းကောင်းမွန်မွန်ငြမ်းမဆင်ထားပါက ပိုခက်သည်။ ကိုင်းဖျားမှာပွင့်နေသည့် ကံ့ကော်ပန်းကို ကိုယ့်ဆီရောက်လာအောင် ကိုင်းကိုတဖြည်းဖြည်းဆွဲယူရသည်။ ကျန်လက်တစ်ဖက်ကလည်း အခြားကိုင်းတစ်ခုကိုမြဲမြဲကိုင်ထားရသေးသည်။ လူ့ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်သည့်လှုပ်ရှားမှုနှင့် အကိုင်း၊ အပင်သည် ယိုင်းထိုးနေတတ်သည်။ သည်ကြားထဲမှာမှ ကံ့ကော်ပန်းကို မနာအောင်ယုယုယယ ကောက်ယူရသည်။
ကံကော်ပန်းကောက်ရသည့်အချိန်က မနက်စောစော။ ရာသီဥတုကိုကြည့်ပြီး ပိုစောသင့်ရင်စောရသည်။ တနည်းအားဖြင့် ကံ့ကော်ပန်းတွေ မအာခင်ကောက်ရသည်။ ကံ့ကော်ပန်းတွေပွင့်ပြီး အာသွားရင် ပျားကောင်တွေလာတော့သည်။ ပျားတွေက ဝတ်ရည်စုတ်၊ ပျားတွေဝတ်ရည်စုတ်နေသည့် ကံ့ကော်ပွင့်တွေကောက်မိတော့ ပျားကလူကိုတုတ်။ လူရော၊ ပျားရော အပင်ပေါ်မှာ အလှုပ်ရှုပ်နေရတော့သည်။ ကံကော်ပန်းတွေပင်လုံးပွင့်ခါမှ သွားကောက်ရင် ပျားတုတ်ခံရဖို့က သေချာသလောက်ဖြစ်သည်။
တကယ်တော့ ကံကော်ပန်းကောက်ရသည်က ပျားနှင့်လူ ဝတ်ရည်၊ရနံ့လုကြသည့်ပွဲဖြစ်သည်။ လူတွေကစောစောထပြီး ပျားတွေထက်ဦးအောင်၊ ပျားတွေဝတ်ရည်မစုတ်ခင်၊ ကံ့ကော်ပန်းတွေမအာခင် အရင်ကောက်ကြသည်။ ထိုအခါပျားတွေမှာ ကံကော်ဝတ်ရည်မစုတ်နိုင်ကြရှာတော့ပါ။ ပျားတွေကသူတို့အသိုက်အအုံအတွက် ၊ မျိုးဆက်သစ်အတွက် ဝတ်ရည်ကို အလိုရှိကြသည်။ ကံ့ကော်ပန်းခူးသူတွေကလည်း သူတို့ဝမ်းရေးအတွက် ကံကော်ပန်းအလှနှင့်ရနံ့ကိုအလိုရှိကြသည်။စျေးထဲမှာသွားရောင်းမှ သူတို့အတွက်ပိုက်ဆံရမည်။ ကံ့ကော်ပန်းကောက်သည်ဆိုသည်က တကယ်တော့ ပျားနှင့်လူ မျိုးဆက်တည်မြဲရေးအတွက် ရနံ့နှင့်ဝတ်ရည်ကို လုကြသည့်ပွဲ။
တောတွေမှာတော့မပြောတတ်သော်လည်း မြို့ပေါ်က ကံ့ကော်ပင်တွေမှာတော့ လူတွေသာကြီးစိုးကြတာများသည်။ သည်နေရာမှာ လူတွေက ပျားတွေထက် ဝီရီယရှိကြသည်။ ပြီးခဲ့တဲ့တစ်ပတ်က ပျားအုံလိုက်ကြီးပြောင်းခဲ့ကြဟန်တူသည်။ အကောင်ပေါင်းထောင်ချီလို့။ ကောင်းကင်မှာ ပျားကောင်တွေအဝိုင်းကြီးပျံသန်းနေကြသည်မှာ သုံးပင်အိမ်တစ်အိမ်စာလောက်ရှိသည်။ ထိုပျားတွေသည် ကံ့ကော်ပင်နားခဏဝဲသေးသည်။ ထို့နောက် အိမ်ရှေ့စကားဖြူပင်ကိုလည်း ရစ်ဝဲသေးသည်။ ထို့နောက် အိမ်နဲ့တဖြည်းဖြည်းဝေးရာကို ထွက်ခွာပျံသန်းသွားကြသည်မှာ ဘယ်ဆီကိုလို့ အတိအကျမသိတော့။ ကျွန်တော့စိတ်ထဲတွင် သူတို့အတွက်(ပျားတွေအတွက်) ကံ့ကော်ပင်ကြီးတစ်ပင်သပ်သပ်စိုက်ပေးချင်နေမိပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply