“သစ်တောပြုန်းတီးခြင်းအတွက် အလားအလာကောင်း(သို့မဟုတ်) ရေရှည်ထိန်းသိမ်းနိုင်တဲ့ သစ်ပင်တွေဆီမှ သစ်သား”

“သစ်တောပြုန်းတီးခြင်းအတွက် အလားအလာကောင်း(သို့မဟုတ်) ရေရှည်ထိန်းသိမ်းနိုင်တဲ့ သစ်ပင်တွေဆီမှ သစ်သား”

တစ်နှစ်မှာ ၁၅ ဘီလီယံသော အပင်တွေက ခုတ်လှဲခံနေရပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ သစ်တော ပမာဏ နည်းလာပြီး သစ်တောပြုန်းတီးမှုဟာ ဂေဟစနစ်ကို ထိခိုက်စေ နိုင်တာပဲ ဖြစ်ပါတယ်။မိုးသစ်တော၊မုတ်သုံတောလို သစ်တောတွေ သာမက ဒီရေတော ပြုန်းတီးမှု ကလည်း အာရုံစိုက်သင့်တဲ့ ပြဿနာတစ်ခု ဖြစ်လို့ နေပါတယ်။
လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ထိုင်ခုံ၊ ကုတင် ၊မှန်တင်ခုံ စတာတွေသာမက ဂျပန်နိုင်ငံမှာဆိုရင် ရိုးရာ အိမ်တွေကို သစ်သားနဲ့ ဆောက်လုပ် ကြတာကြောင့် သစ်ထုတ်လုပ်မှု ပမာဏတွေ မြင့်တက်ခဲ့သလို သစ်ဈေးကွက် ကလည်း တန်ဖိုးကြီးမြင့်တဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။
သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ကိုပဲ ပညာရှင်အားလုံးက အကြံပြုခဲ့ပါတယ်။ ဒီလိုပဲ ခေတ်စနစ်ရဲ့ သုတေသနတွေနဲ့ အားလုံးရဲ့ အလိုရမ္မက်တွေကို ဖြည့်ဆည်းပေး နိုင်မယ့် အကြံဉာဏ် ကောင်းတစ်ခု ဖြစ်ပေါ်လို့ လာခဲ့ပါတယ်။ အခုအချိန်မှာတော့ သစ်တောများ ပြုန်းတီး ခြင်းကို ကောင်းကောင်း နှုတ်ဆက်နိုင်မယ့် နည်းလမ်းကောင်း တစ်ခု ရှိလို့နေပါပြီ။
လျှို့ဝှက်ချက်က‌တော့ ဘွန်ဇိုင်းမျိုးနွယ်အပင်တွေပဲ ဖြစ်ပါတယ်။အဆိုပါ ဘွန်ဇိုင်း မျိုးနွယ် အပင်တွေကို သေချာစိုက်ပျိူးဖို့ လိုအပ်ပါတယ်။ အပင်တွေကို ရိတ်သိမ်းသလိုမျိုး စနစ်တကျ ခုတ်ရပါမယ်။ ဒါပေမယ့် အပင်တွေကို အပြီးတိုင် ခုတ်လှဲစရာတော့မလိုအပ်ပါတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်စေမှု နည်းပါးတယ်‌ဆိုရမှာပါ။
ဒိုင်ဆူဂီ နည်းဟာ ၁၄ ရာစုခေတ်ကတည်းက အပင်တွေကိုပျိုးထောင်ခဲ့တဲ့ နည်းတစ်နည်း ပါပဲ။အဆိုပါနည်းထဲမှာ ဘွန်ဇိုင်းနည်းပညာတွေနဲ့ အပင်ရဲ့ အသားကို ခဏခဏ ခုတ်လှဲလို့ရပြီး အပင်သေသွားခြင်း၊ သဘာဝအရင်းအမြစ်တွေ ပျက်စီး သွားခြင်းလည်း မရှိသလောက်ပါပဲ။
Cedar tree လို့ခေါ်တဲ့ သစ်ကတိုး အမျိုးအစား ဘွန်ဇိုင်းပင်ကို စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။အဆိုပါ သစ်ကတိုး ဘွန်ဇိုင်းပင်ဟာ နှစ်ပေါင်း ၃၀၀ အထိ ကြီးထွား နိုင်ပါတယ်။အပင်တွေကို နှစ်၃၀၀ အထိ ခုတ်လှဲလို့ မရရင်တောင်မှ အပင်ကို ခုတ်လှဲဖို့ မလိုအပ်ဘဲ သစ်တောရဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေကို ထိန်းသိမ်း ထားနိုင် ပါတယ်။
“ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် “ ဆိုတဲ့စကားပုံကို ကြားဖူး ကြမှာပါ။ သစ်ပင်ကြီး တစ်ပင်ဟာ မှီခိုသူအပေါင်းကို အရိပ်ပေးပါတယ်။ သတ္တဝါငယ်လေးတွေအတွက် အိမ်ဖြစ်‌နိုင် သလို စားပင်၊သီးပင်သာဆိုရင် မှီခို စားသုံး ပြီး အာဟာရ ဖြည့်တင်းနိုင်ပါတယ်။ လူသား တွေအတွက်လည်း ဆေးဖြစ်တဲ့ အပင် တွေရှိသလို အိမ်နဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် အကျိုးပြုပေးနေတဲ့ သစ်ပင် တွေပဲဖြစ်ပါတယ်။
သစ်တော ပြုန်းတီးမှုတွေထဲ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ပရိဘောဂ ထုတ်လုပ်မှုမှာတောင် သစ်သားအဟောင်းတွေပဲ ပြန်လည်အသုံးပြုလို့ သစ်ပင်တွေ
မလိုအပ်ဘဲ ခုတ်လှဲမှု ခံရတဲ့ အန္တရာယ်ကနေ ကာကွယ်‌နေကြပါတယ်။ သစ်တောရဲ့ စီမံမှုတွေကို ပြန်လည်ဖွံ့ဖြိုးခြင်းနည်းနဲ့ ကြိုးစားမယ်ဆိုရင် ဂေဟစနစ်ကို ထိခိုက် စေနိုင်တော့မှာ မဟုတ်ပါဘူး။
သစ်တောပြုန်းတီးခြင်းဟာ သစ်တောတွေကို ပိုင်ဆိုင်သူ၊ ထိန်းသိမ်း ဦးစီး သူတွေ မှာသာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးနဲ့ သက်ဆိုင်လျက်ရှိပါတယ်။သစ်‌‌တောတွေကနေရရှိတဲ့ အောက်စီဂျင်၊ သဘာဝအရင်းအမြစ်တွေနဲ့ သောင်းချီတဲ့ ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက် ရမယ့် တာဝန်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
အမေရိကန်လိုနိုင်ငံကြီးမှာဆိုရင် အိမ်တစ်အိမ်ဝယ်ယူပြီဆိုတာနဲ့ အိမ်တွင်း ပြင်ဆင်မှုတွေပဲ စိတ်တိုင်းကျ ပြုလုပ်နိုင်ပြီး အပင်တွေပြင်ဆင်ချင်တယ်၊ခုတ်လှဲချင် တယ် ဆိုရင်တော့ သက်ဆိုင်ရာကို စာတင်ရတာမျိုးရှိပါတယ်။အလားတူ ကမ္ဘာ့ နိုင်ငံကြီး တွေမှာ လမ်းဖောက်လုပ်မယ် ဆိုရင်တောင် သစ်ပင်ကြီးတွေကို ခုတ်လှဲမယ့် အစား လွတ်ကင်းဖို့ကို အရင်စဉ်းစားကြပါတယ်။ မလွတ်ကင်းနိုင်ရင်တောင် စနစ် တကျ ခြံစည်းရိုး သို့ ပလက်ဖောင်းခတ်ပြီး အပင်တွေကို တန်ဖိုးထားကြတာကို တွေ့နိုင်ပါတယ် ။
ဒါကြောင့်လည်း ယခုနောက်ပိုင်း အိမ်ကြီးအိမ်ကောင်းတွေ ဆောက်လုပ် ရာမှာအပင်တွေကို မခုတ်လှဲဘဲ မူရင်းသဘာဝအတိုင်းထားရှိလို့ အိမ်တွင်းပန်းခြံ အဖြစ် ပုံဖော်ကြပါတယ် ။ယခုလိုမျိုး ဂေဟစနစ်အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အရေးပါလှတဲ့ အပင်တွေအပေါ် တန်ဖိုးထားပုံကို အတုယူသင့်ပါတယ်။
သဘာဝ အရင်းအမြစ်တစ်ခုဖြစ်တဲ့ သစ်တောတွေကို ခဏအကျိုးအတွက် ခုတ်လှဲမယ့်အစား ရေရှည်ဘယ်လိုအသုံးပြုကြမလဲဆိုတာ စဉ်းစားဖေးမနိုင်မယ့် လူမှုအသိုက်အဝန်းများ ပေါ်ပေါက်လာကြပါစေလို့ ဆန္ဒမွန်ပြုလိုက်ရပါတယ်။
မြကြာဖြူ
ကိုးကားချက်များ

About The Author

greenness_mm

No Comments

Leave a Reply