“သစ်တောမရှိတော့ဘူးဆိုရင်´´

“သစ်တောမရှိတော့ဘူးဆိုရင်´´

#ဒေါက်တာဦးထွန်းလွင်(မိုးလေ၀သ)

★ သစ်တောမရှိတော့ဘူးဆိုရင် ရာသီဥတုက နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မိုးမရွာတဲ့အချိန်ဆိုရင် အလွန်ပူတယ်။ အပူချိန်က ပိုပူလာတယ်။ နောက်တစ်မျိုးက မိုးရွာပြီဟေ့ဆိုရင် ရွာတဲ့မိုးက ဒလဟောပဲ။ ★

မြန်မာနိုင်ငံမှာ ရေကြီးရတဲ့အကြောင်းရင်းတွေမှာ မိုးများတာကတော့ နံပါတ်တစ်ပေါ့။ ဒါပေမဲ့ အခါတိုင်းလည်း မိုးများတယ်လေ။ ခါတိုင်း မိုးများတုန်းက ဒီလောက်မှ ရေမကြီးတာ။ ဒါဖြင့် ဘာကြောင့်လဲ။

မိုးစများတဲ့ဒေသက မြန်မာနိုင်ငံမြောက်ပိုင်းက။ ဘယ်လိုဒေသလဲဆိုတော့ အင်္ဂလိပ်လို Hilly region လို့ ခေါ်တယ်။ တောင်တန်းဒေသတွေ၊ ကုန်းမြင့်တွေ အများကြီးရှိတယ်။ အဲဒီတောင်ကုန်းတွေဟာ အရင်တုန်းက သစ်တောတွေ ညို့နေတယ်။ အောက်ကမြေပြင်တွေမှာလည်း သစ်ပင်တွေက ဖုံးနေတယ်။

မိုးရွာလိုက်ရင် ရွာလိုက်တဲ့မိုးရေကို သစ်ပင်တွေကလည်း ထိန်းတယ်။ သစ်ပင်ဆိုတာက ရေကို စုပ်တယ်။ အောက်ကျလာတဲ့ရေကလည်း စီးဆင်းတဲ့အခါ အောက်ကမျက်နှာပြင်မှာ သစ်ပင်တွေ၊ မြက်တွေ စတဲ့ ဒါတွေရဲ့ကြမ်းတမ်းမှုကြောင့် ရေစီးနှုန်းကလည်း မမြန်ဘူး။ တဖြည်းဖြည်းချင်း သူ့ဘာသာသူ စိမ့်ကျသွားတယ်။ နောက်ပြီးတော့ မြေဆီလွှာကလည်း မပျက်စီးဘူး။ ဘာကြောင့်လဲဆိုရင် သစ်တောက ကာထားတာကိုး။ သစ်တောက ကာထားတဲ့အတွက် မြေဆီလွှာက မပျက်စီးတော့ မြေကြီးက ကျစ်လျစ်တယ်။ သစ်တောတွေရှိတော့ သစ်ပင်တွေမှာ ရေသောက်မြစ်ရှိတာကိုး။ အဲဒီရေသောက်မြစ်က အောက်က underground water table ကို ဆွဲတင်ထားတယ်။ ဆွဲတင်ထားတော့ ရွာတဲ့မိုးရေကလည်း အဲဒီကို အလွယ်တကူ ရောက်သွားနိုင်တယ်။ အဲဒီတော့ ရေကြီးတာကို သူ့ဘာသာသူ သဘာ၀က ထိန်းထားတယ်။

အဲဒီသစ်တောတွေ အကုန်ခုတ်လိုက်တော့ အဲဒီတောင်စောင်းတွေ၊ တောင်ကုန်းတွေက သစ်ပင်မရှိတော့ဘူး။ သစ်ပင်မရှိတော့ အရိပ်အကာအကွယ်မဲ့သွားတယ်။ အရိပ်အကာအကွယ်မဲ့သွားပြီးတော့ မိုးရွာရင် အစို၊ နေပူရင် အခြောက်ဖြစ်သွားတယ်။ အဲဒီတော့ မျက်နှာပြင်ကလည်း ယိုယွင်းလာတယ်။ မြေသားခိုင်မာမှုလည်း လျော့နည်းလာတယ်။ မြေပေါ်မှာဖုံးထားတဲ့ သစ်ပင်၊ မြက်ပင်ကလည်း အပူဒဏ်နဲ့ ဘာမှမရှိတော့ဘူး။

အဲဒီအချိန်အခါမျိုးမှာ သစ်တောမရှိတော့ဘူးဆိုရင် ရာသီဥတုက နှစ်မျိုးပဲရှိတယ်။ တစ်မျိုးက မိုးမရွာတဲ့အချိန်ဆိုရင် အလွန်ပူတယ်။ အပူချိန်က ပိုပူလာတယ်။ နောက်တစ်မျိုးက မိုးရွာပြီဟေ့ဆိုရင် ရွာတဲ့မိုးက ဒလဟောပဲ။ သစ်ပင်အထိန်းအကွပ်မရှိတော့ တောင်ကျရေတွေကလည်း ဒလဟောကျတယ်။ တောင်ပေါ်ကနေ တောင်အောက်ကို ရေစီးလည်း သန်တယ်။ ပိုလည်း ကျယ်ပြန့်တယ်။ အဲဒါအပြင် မြေဆီလွှာလျော့ပါးပြီးတော့ ကျစ်လျစ်မှုလျော့နည်းနေတဲ့မြေကို ရေစီးတွေက အကုန်လုံး ဆွဲယူလာတော့ အမှုန်တွေ၊ အမွှားတွေ၊ အမှိုက်တွေ အကုန်လုံးပါလာတယ်။ ပါလာတော့ အောက်က ချောင်းထဲ၊ မြစ်ထဲ ရောက်တဲ့အခါမှာ မြစ်ရေက အကုန်လုံးနောက်ကျိနေတယ်။ ရေကြီးပြီးလို့ ပြန်ကျသွားရင် အဲဒါတွေက တင်ကျန်ခဲ့မယ်။ ဒီနေ့ဖြစ်တာတွေက အဲဒါတွေပဲ။ ဒါဟာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။

(Eternal Light Magazine 2015 September လထုတ်တွင် ဖော်ပြခဲ့သော ရာသီဥတုပြောင်းလဲမှုက လူတိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ ဒေါက်တာဦးထွန်းလွင်(မိုးလေ၀သ)နှင့် တွေ့ဆုံခြင်း အင်တာဗျူးဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြပါသည်။)

#Eternal_Light_Magazine

#Save_The_Environment

#ပြန်လည်ဖော်ပြ။ ။

 

About The Author

greenness_mm

No Comments

Leave a Reply