သစ်ပင်ကြီးတွေစိုက်ပျိုးကြဖို့ လိုပြီ

သစ်ပင်ကြီးတွေစိုက်ပျိုးကြဖို့ လိုပြီ

ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးဝါသနာပါသူတွေ ပေါပါသည်။ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်တော့ စိုက်ပျိုးရေးဝါသနာက အနည်းနဲ့အများ လူတွေမှာရှိကြသည်။ သို့သော် အများစုဝါသနာပါသည့်စိုက်ပျိုးရေးသည် သီးနှံစိုက်ပျိုးရေးဖြစ်သည်။ ပန်းစိုက်ပျိုးရေးဖြစ်သည်။ အသီးအရွက် စိုက်ပျိုးရေးဖြစ်သည်။ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေးကို လပိုင်းအတွင်း ဖြေရှင်းနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်း တွေကိုဖြစ်သည်။

စိုက်ပျိုးရေးဝါသနာပါသူတွေထဲမှာမှ သစ်ပင်ကြီးစိုက်ပျိုးတာကို ဝါသနာပါသူက တစ်ရာတွင် တစ်ယောက်ဆိုသလိုရှားပါးလှပါသည်။ ကျွန်တော်တို့သည် သဘာဝအလျောက်ပေါက်ခဲ့သော သစ်ပင်တို့ကိုသာ အစဥ်အဆက် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ အိမ်ဆောက်ဖို့ ခုတ်လှဲသော သစ်ပင်နေရာမှာ သစ်ပင်ကြီးတစ်ပင် အစားစိုက်ပျိုးခဲ့တာမျိုးမရှိသလောက်ပင်ဖြစ်သည်။ ထင်းအဖြစ်သုံးစွဲရန်ခုတ်လဲဲကြသော တောကသစ်ပင်တွေနေရာမှာလည်း ပြန်လည်စိုက်ပျိုးခြင်းမရှိကြချေ။

အရိပ်ရသစ်ပင်ကြီးတွေနှင့်ပတ်သက်လျင်လည်း ထို့အတူပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီခေတ်က ကျွန်တော်တို့ဘိုးဘွားတွေစိုက်ခဲ့သော လမ်းဘေးသစ်ပင်ကြီးတွေရဲ့ အရိပ်ကို ခိုကြရသည်။ ခေတ်သစ်မှာပြန်လည်စိုက် ပျိုးသည့်အပင်တွေရှိသော်လည်း ပမာဏ နည်းလှပါသည်။ ကျွန်တော်တို့သည် ကိုယ်အရိပ်ခိုရမည့်အပင်ကိုပင် မစိုက်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်၊ ဖြစ်နေသည်ဟု ဆိုလျှင် လွန်မည်မထင်ပါ။

နောက်တစ်ခုက အရိပ်လည်းခိုရ၊ အစားအစာတွက်လည်းရသည့် သစ်ပင်ကြီးတွေ။ မကျည်းပင်လို၊ တမာပင်လို၊ ထန်းပင်လို၊ပေပင်လို စသဖြင့် အပင်ကြီးတွေကိုလည်း ဘိုးဘွားတွေစိုက်ထားခဲ့သည့် အပင်တွေကိုသာ အားကိုးနေ၊ စားသုံးနေကြပါသည်။ ထပ်မံစိုက်ပျိုးခြင်းနည်းလှသည်။

သည်နေရာတွင် ကြားဖြတ်ပြီး တစ်ခု ပြောလိုပါသေးသည်။ သစ်တောတွေပြုန်းတီးသည့်ကိစ္စ၊ တောင်ကုန်းတွေဖြစ်သည့်ကိုစ္စ သည်ကိစ္စတွေကို ဘယ်သူတွေလုပ်ဆောင်ခဲ့သည်ကို အများသိဖြစ်ပါသည်။ ဤဆောင်းပါးသည် သည်ကိစ္စကိုဆွေးနွေးခြင်းမဟုတ်ပါ။ ကျွန်တော်တို့လူမျိုးတွေ၏ သစ်ပင်ကြီးစိုက်ပျိုးသည့် အလေ့အကျင့်မရှိကြတော့သည်ကိုသာ ဆွေးနွေးလိုခြင်းဖြစ်ပါသည်။

ကျွန်တော်တို့သည် သစ်ပင်ကြီးတွေစိုက်ပျိုးဖို့ တကယ်လိုအပ်နေပြီဖြစ်သည်။ သည်အလေ့အကျင့်ကို ကျွန်တော်တို့ကိုယ်တိုင်လုပ်ဆောင်ပြီး မျိုးဆက်သစ်တွေကိုပါ အလေ့အကျင့်ကောင်းပေးခဲ့ဖို့အရေးကြီးသည်။

သစ်ပင်ကြီးစိုက်ပျိုးခြင်းက ရေရှည်အလုပ်ဖြစ်သည်။ ထို့ကြောင့် ဟန်ပြလုပ်ကြသူတွေ သိပ်ပေါသည်။ ထင်းစိုက်ပျိုးခင်းဆိုပြီး ဆိုင်းပုဒ်တပ်ရုံစိုက်သော စိုက်ခင်းများ ပေါ်ပေါက်ခဲ့ဖူးသည်။ စိုက်ပျိုးရေးပွဲတော်ဆိုပြီး စိုက်ပြီးပစ်ထားခဲ့သည့် ပွဲတော်များစွာ ရှိဖူးခဲ့ကြပြီဖြစ်သည်။ လူထုစိတ်ဝင်စားမှုရှိအောင်လုပ်နိုင်သည့် အကျိုးတရားရှိသည့်တိုင် သည်အရာတွေကို အားကိုးလို့မရပါ။

အရေးကြီးသည်က ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ သစ်ပင်ကြီးစိုက်ပျိုးတတ်သည်အလေ့ထွန်းကားဖို့ဖြစ်သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ ကျွန်တော်တို့တွေ သစ်ပင်ကြီးတွေ စိုက်ပျိုးဖို့ လိုနေပြီဖြစ်ပါသည်။

တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply