သစ်ပင်ချစ်သူများအဖွဲ့တွေကို လေးစားစွာဦးညွှတ်ခြင်း

သစ်ပင်ချစ်သူများအဖွဲ့တွေကို လေးစားစွာဦးညွှတ်ခြင်း

(၁)
သစ်တော သစ်ပင်နဲ့ပတ်သက်တဲ့ အသံဗလံတွေ ဒီနှစ်မှာမှ ပိုမို ကျယ်လောင်လာသလားလို့။ “သစ်ပင် တွေ စိုက်ကြပါ။ ရှင်အောင် စိုက်ကြပါ။ သစ်ပင်တွေကို ကာကွယ်ကြပါ။ ထိန်းသိမ်းစောင့်ရှောက်ကြပါ” စသဖြင့် တိုက်တွန်းစကားတွေ။ “သစ်ပင်စိုက်ပါ” စတေကာ ကမ်ပိန်းတွေဟာ မြို့အများစုကနေ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့ ခဲ့တယ်။ လမ်းနဲ့မလွတ်လို့ အခုတ်ခံရတော့မယ့် သစ်ပင်ကြီးတွေကို ကာကွယ်ကြတဲ့ သစ်ပင်ချစ်သူများ အဖွဲ့ တွေ၊ ကမ္ဘာမြေ စိမ်းလန်အောင်၊ အပူဒဏ်တွေ လျော့ကျအောင်၊ လေထုညစ်ညမ်းမှု လျော့ကျအောင် အပါအဝင် ရည်ရွယ်ချက်မျိုးစုံနဲ့ သစ်ပင်စိုက်ဖို့နှိုးဆော်နေတဲ့၊ သစ်ပင်စိုက်နေတဲ့ အဖွဲ့တွေလည်း တိုးပွားလာခဲ့တယ်။ ပခုက္ကူမြို့ လမ်းချဲ့ထွင်တဲ့လုပ်ငန်းမှာ မလွတ်တဲ့ သစ်ပင်ကြီးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခုတ်ပစ်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဒေသခံ သစ်ပင်ချစ်သူများအဖွဲ့က နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ခဲ့တဲ့ အတွက် သစ်ပင်ကြီးတွေ အသက်ဘေးမှ ကင်းလွတ်ခဲ့ရတယ်။ သစ်ပင်ချစ်သူတွေရဲ့ အောင်ပွဲလို့ ဆိုရမှာပါ။
အရင်ကတော့ မိုးရာသီရောက်တာနဲ့ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေက သစ်ပင်စိုက်ပွဲတော်တွေ ကို ပုံမှန်ပြုလုပ်လေ့ရှိကြတယ်။ နောက်ပြီး ဘာအထိမ်းမှတ်၊ ညာအထိမ်းအမှတ်ဆိုပြီးတော့လည်း သစ်ပင်စိုက်ပွဲ တွေ ပြုလုပ်ကြသေးတယ်။ အဲဒီကာလတွေတုန်းက မြန်မာနိုင်ငံမှာ သစ်ပင်တွေ သိသိသာသာ မဆုံးရှုံးသေးတဲ့ အတွက် နောက်ဆက်တွဲ ပြဿနာတွေကို သိသိသာသာ မခံစားရသေးဘူး။ သစ်ပင်စိုက်ပွဲတော်တွေကိုလည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ အဲဒီနောက်ပိုင်းမှာ သစ်တော သစ်ပင် ပြုန်းတီးမှုတွေဟာ တစတစ ဆိုးရွားလာခဲ့ တယ်။ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်လာခဲ့တယ်။ နာဂစ်ကတော့ သစ်ပင် သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လူပေါင်း တစ်သိန်းကျော်ရဲ့ အသက်တွေနဲ့ရင်းပြီး မီးမောင်းထိုးပြခဲ့တယ်။ အဲဒီနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်တဲ့အဖွဲ့တွေ များလာသလို စိုက်ပျိုးတဲ့ သစ်ပင်အရေအတွက်လည်း များလာခဲ့တယ်။ ဒါပေမယ့်လည်း သစ်ပင်ကို တာဝန်အရ စိုက်တာတွေ၊ ပိုက်ဆံရ လို့ စိုက်တာတွေ၊ စိုက်ပြီးရင် ပြီးရော စိုက်တာတွေကြောင့် သစ်ပင်တွေဟာ စိုက်သလောက် မရှင်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အထိ သစ်ပင်တွေကို အင်တိုက်အားတိုက် စိုက်ခဲ့ကြပေမယ့် ဒီကနေ့မှာ တော့ သစ်ပင်မရှိခြင်းရဲ့ နောက်ဆက်တွဲ သဘာဝဘေးတွေကို သိသိသာသာ ရင်ဆိုင်နေကြရပြီ။ ဒါတောင်မှ ရှိပြီးသား သစ်ပင်ကြီးတွေကို ခုတ်လှဲဖို့ ကြံစည်တဲ့သူတွေက ရှိနေသေးတော့ ခက်သားလား။
(၂)
ဒီနှစ်က အင်အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုနှစ်ဖြစ်နေတဲ့အတွက် နိုင်ငံတစ်ဝန်းမှာ အပူဒဏ်ကို လူးလိမ့်ခံစားခဲ့ရတယ်။ ဧပြီ ၂၇ ရက်အထိ မြို့ ၁၅ မြို့မှာ အပူချိန် စံချိန်ကျိုးခဲ့တယ်။ တစ်ချို့မြို့တွေမှာ စံချိန်ထပ်ကာ ထပ်ကာ ကျိုးခဲ့တယ်။ ရန်ကုန်မြို့မှာလည်း ဧပြီ ၂၇ ရက်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ကမ္ဘာအေးမိုးလေဝသစခန်း ဖွင့်လှစ်ပြီးနောက်ပိုင်း ၅၁ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်နဲ့ အပူချိန် စံချိန်သစ်တင်ခဲ့တယ်။ အပူကြောင့် လူတွေ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသလို အသက် သေဆုံးမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ အပူဒဏ်ခံစားနေရတဲ့ လူတွေရဲ့အသံတွေကိုလည်း ကျယ် ကျယ်လောင်လောင် ကြားလာရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ အပူရှောင်မှုတွေကိုလည်း တွေ့လာရတယ်။ အဲဒီလို ပူလောင်တဲ့အခါ သစ်ပင်ရိပ်တွေရဲ့ တန်ဖိုးကို ပိုနားလည်လာကြတယ်။ ဒါကြောင့် သစ်ပင်စိုက်ဖို့ တိုက် တွန်းနှိုးဆော်မှုတွေ ပြုလုပ်လာခဲ့ကြတယ်။ သစ်ပင်တွေကို စိုက်လာကြတယ်။ သစ်ပင်စိုက်တဲ့နေရာမှာလည်း အရင်ကာလတွေလို စိုက်ပြီးရင်ပြီးရော ပုံစံမဟုတ်တော့ဘဲ ရှင်သန်ဖို့ကို ဦးစားပေး ဆောင်ရွက်လာကြတာကို ဝမ်းမြောက်ဖွယ် မြင်တွေ့ကြားသိလာရတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသူကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဖို့ ဖိတ်ကြားတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ရောက်ခဲ့တယ်။ ဟောပြောပွဲက ဇွန် ၁ ရက်မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် စာရေးသူက ရန်ကုန်ကနေ မေ ၂၉ ရက် ညနေပိုင်းမှာ High Class ကားနဲ့ ထွက်ခဲ့တယ်။ တကယ်တော့ ဒီဟောပြောပွဲဟာ ကျွန်တော့်ကို တိုက်ရိုက်ဖိတ်တဲ့ပွဲ မဟုတ်ပါဘူး။ မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်ကို ဖိတ်ကြားတဲ့ပွဲပါ။ ဒေါ်ဒေဝီသန့်စင်က ကျန်းမာရေး အနည်းငယ်မကောင်းလို့ အနားယူနေရ တဲ့အတွက် စာရေးသူက အစားထိုးသွားရောက်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကလေးမြို့ကို လိုင်းကားနဲ့ နာရီ ၂၀ လောက်စီးရတယ်။ စာရေးသူ ထင်ထားတာက ကလေးမြို့ဆိုတာ ချင်းတောင်တန်းတွေ အနီးမှာရှိတဲ့မြို့လေး၊ သစ်ပင် သစ်တောတွေနဲ့ လည်ပင်းဖက်ပေါင်းသင်းနေတဲ့ မြို့ကလေး၊ မြူနှင်းတဝေဝေနဲ့ အေးချမ်းနေမှာပဲပေါ့။ လမ်းတစ်လျှောက်မှာလည်း အဲယားကွန်းကားကြီးပေါ်ကနေ ကလေးမြို့အနီးပတ်ဝန်းကျင် မြင်ကွင်းတွေကို ခံစားလာတာ အေးချမ်းလိုက်ပါဘိ။ ကလေးမြို့ ကားကြီးကွင်းကို ရောက်လို့ အဲယားကွန်း ကားပေါ်ကနေ ဆင်းလိုက်မှပဲ အခြေအနေမှန်ကို သိလိုက်ရတော့တယ်။ အအေးထဲကနေ ဗြုန်းကနဲ အပူထဲရောက်၊ လူကို မီးစနဲ့ ဆောင့်ထိုးသလို အပူက ခုန်အုပ်လာတော့ တစ်လမ်းလုံးဝတ်လာတဲ့ အနွေးထည်ကို ကမန်းကတမ်း ချွတ် လိုက်ရတယ်။ ပူလိုက်တာ ကလေးမြို့ရယ်။
(၃)
“ သစ်ပင်တွေ အရမ်းဆုံးရှုံးနေရတယ်။ ချင်းတောင်တန်းတွေမှာလည်း သစ်ပင် သစ်တောတွေ မရှိတော့ ဘူး။ မြို့မှာရှိတဲ့ သစ်ပင်တွေလည်း လမ်း တံတား အဆောက်အအုံတွေလို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ကြောင့် ဆုံးရှုံးနေရတယ်။ ကလေးမြို့နဲ့ နီးတဲ့ မဟာမြိုင်တောကြီးလည်း ပျောက်ကွယ်သွားပြီ။ ဒါတွေကြောင့် လည်း ကလေးမြို့ဟာ သဘာဝဘေးအန္တရာယ်တွေကို ခံစားနေရပြီ ဆရာရေ…”
ဟောပြောပွဲစီစဉ်သူ နေသာပညာဒါန ဆရာတော်ရဲ့ တပည့်ဒကာတစ်ဦးက စာရေးသူကို လာကြိုရင်း ရင်ဖွင့်နေတာပါ။ စာရေးသူလည်း ကလေးမြို့နဲ့ပတ်သက်ပြီး မယုံကြည်နိုင်အောင်ဖြစ်ရပါတယ်။ ဗိုလ်ချုပ်လမ်း ကို ဖြတ်တော့ ဗိုလ်ချုပ်လမ်းက ဘေးဘယ်ညာမှာရှိတဲ့ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးတွေကြောင့် အေးချမ်းလို့ နေတယ်။ စောစောက ပူနေတဲ့အပူဟာ ချက်ချင်း ပြေလျော့သွားတယ်။ အဲဒီကုက္ကိုလ်တန်းကျော်တော့ အပူက ပြန်လည် တိုးဝင်လာပြန်တယ်။ အဲဒီနေရာလေးမှာပဲ သစ်ပင်မရှိတာနဲ့ ရှိတာ၊ အကွာကြီးကွာတာ သိသာလွန်းပါ ရဲ့။
စာရေးသူက သဘာဝပတ်ဝန်းကျင်ဆိုင်ရာဟောပြောပွဲဆိုလို့သာ ထွက်လာလိုက်တာ။ ဘာအကြောင်း ကို ဦးတည်တာလဲမသိ။ ပွဲစီစဉ်သူ ဆရာတော်ဆီရောက်မှ အကြောင်းစုံ သိရတယ်။ စာရေးသူ ဝမ်းသာကြည်နူး မိပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော် ဖွဲ့စည်းထားတဲ့ ကာယကံမေတ္တာ သစ်ပင်ချစ်သူများအဖွဲ့ကို အားသစ် ပြန်လောင်းမယ့်ပွဲ၊ သစ်ပင်စိုက်ပျိုးမှုတွေအတွက် လှုံ့ဆော်ရမယ့်ပွဲဖြစ်နေလို့ပါပဲ။ ဆရာတော်က ကျန်းမာရေးမကောင်းတဲ့ကြားက ဒီပွဲကို ဖြစ်အောင်လုပ်တာ။ ဆရာတော်က လေဖြန်းထားတဲ့အတွက် စကား သိပ်မပီဘူး။ လမ်းသိပ်မလျှောက်နိုင်ဘူး။ ဒါပေမယ့် သစ်ပင်တွေ စိုက်ဖို့ နှိုးဆော်နေတယ်။ သစ်ပင်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ တိုက်တွန်းနေတယ်။ ဆရာတော်တည်ထောင်ထားတဲ့ ကာယကံမေတ္တာ သစ်ပင်ချစ် သူများအဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တွေကို ဖတ်မိတော့ စာရေးသူ ကြက်သီးထ၊ ကြည်နူးမိတယ်။
ကာယကံမေတ္တာ သစ်ပင်ချစ်သူများအဖွဲ့ ရည်ရွယ်ချက်က “ ကျွနု်ပ်သည် သစ်ပင်များကို တန်ဖိုးထား တတ်၊ ချစ်တတ်သူဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုကို ဆောင်ရွက်ပါမည်” တဲ့။ လုပ်ငန်းစဉ်က တော့ “ ကိုယ့်နေအိမ် ရပ်ကွက်မှာ အရိပ်ရအပင် စိုက်ကြမလား၊ ကာယကံမေတ္တာ သစ်ပင်ချစ်သူများအဖွဲ့က အခမဲ့ လာစိုက်ပေးပါ့မယ်။ မိတ်ဆွေတို့က ရေလောင်း ဂရုစိုက်ပေးပါ။ (၁) အပင်စိုက်မယ့် ရပ်ကွက်မှာ စာရင်း အချက်အလက် အရင်ကောက်ပါမယ်။ အပင်စိုက်ချင်တဲ့ဆန္ဒ ရှိ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မလားဆို တာကို အဓိက မေးပါတယ်။ ကျန်တာကို အဖွဲ့က အကုန်တာဝန်ယူပေးပါတယ်။ (၂) ပျိုးပင်တွေကို မြို့နယ်သစ် တောဦးစီးဌာနက လှူဒါန်းပေးပါတယ်။ အရိပ်ရအပင်တွေပဲ ပေးတာပါ။ အလှစိုက် အပင်တွေ မရပါဘူး။ လိုအပ် တဲ့ ပစ္စည်းတွေကို အများအလှူငွေ၊ အသင်းရန်ပုံငွေကနေ ဝယ်ယူသုံးစွဲပါတယ်။
(၃) စာရင်းအချက်အလက်တွေ ကောက်ပြီးရင် နောက်တစ်ပတ်မှာ ကျင်းတူးပြီးတော့ မြေဆွေးထည့် ရေလောင်းပြီး နှပ်ထားပါတယ်။ နောက်တစ်ပတ်ကျမှ အပင်ကို စိုက်ပါတယ်။ အပင်စိုက်ပြီးရင် အပတ်စဉ်လိုက် ပြီး စစ်ဆေးဖို့ အဖွဲ့ဖွဲ့ထားပါတယ်။ သေသွားတဲ့အပင်တွေရှိရင် အစားပြန်စိုက်ပေးပါတယ်။ (၄) မိတ်ဆွေတို့ လည်း ကာယကံမေတ္တာ သစ်ပင်ချစ်သူများအဖွဲ့နဲ့အတူပါဝင်ပြီး အရိပ်ရအပင်၊ ပျိုးပင်များ လှူဒါန်းလို့ရပါတယ်။ မြေဆွေး မြေသြဇာ လှူဒါန်းလို့လည်း ရပါတယ်။ လုပ်အားကူညီလို့လည်း ရပါတယ်” အစရှိတဲ့ အချက်တွေ ဖြစ် ပါတယ်။ တော်တော်လေး ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့ စာရေးသူ မှတ်ချက်ပြု ချင်ပါတယ်။ ဒါကို ကလေးမြို့သူ မြို့သားတွေက အလေးအနက်ထားပြီး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုပါ တယ်။ ဟိုး အရင်ကတည်းက ကလေးမြို့မှာ ဆရာတော်နဲ့ လူငယ်အဖွဲ့တွေက သစ်ပင်တွေ စိုက်ခဲ့ကြတယ်။ ဒါပေမယ့် သက်ဆိုင်ရာက လမ်းနဲ့မလွတ်လို့ဆိုပြီး ခုတ်လှဲပစ်လိုက်တယ်တဲ့။ ဒါကို ကြည့်ခြင်းအားဖြင့် သက်ဆိုင် ရာအစိုးရအဖွဲ့တွေလည်း သစ်ပင်တွေရဲ့တန်ဖိုးကို နားလည်ပြီး ထိန်းသိမ်းကာကွယ်ဖို့ အသိတရားတွေ လိုအပ် နေသေးတာတွေ့ရပါတယ်။
(၄)
အချုပ်အနေနဲ့ ပြောရရင်တော့ ကလေးမြို့မှာမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရှိမြို့တွေ၊ ရွာတွေ အားလုံးမှာ သစ်ပင်တွေ လိုအပ်နေပါပြီ။ သစ်ပင်တွေ မရှိတဲ့ နောက်ဆက်တွဲဘေးအန္တရာယ်တွေကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဒါကြောင့်လည်း မြို့တွေမှာ သစ်ပင်ချစ်သူများ အဖွဲ့တွေ ပေါ်ပေါက်လာပြီး ကိုယ့်မြို့ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံတော်ကြီး စိမ်းလန်းစိုပြည်ဖို့၊ သဘာဝ ဘေးအန္တရာယ်တွေ ကင်းဝေးဖို့ ဆောင်ရွက်လာကြတာ ဖြစ်ပါ တယ်။ ဒီဆောင်ရွက်ချက်တွေအတွက် သစ်ပင်ချစ်သူများအဖွဲ့ကို လေးလေးနက်နက် ကြိုဆိုပါတယ်။ နောက်ပြီး သစ်ပင်တွေကို ကမ္ဘာမြေပေါ်မှာ ရှင်သန်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတဲ့ သစ်ပင်ချစ်သူများအဖွဲ့ တွေ၊ ရှိပြီးသားသစ်ပင်တွေ ဆုံးရှုံးပျောက်ကွယ် မသွားအောင် ကာကွယ်စောင့်ရှောက်ကြတဲ့ သစ်ပင်ချစ်သူများ အဖွဲ့တွေကို လေးစားစွာ ဦးညွှတ်ဂုဏ်ပြုလိုက်ရပါတယ်။ ။

မင်းချစ်နိုင်

(၂၀၁၉)

About The Author

greenness_mm

No Comments

Leave a Reply