သစ်ပုပ်ပင်ကြီး အသက်ကြီးပြီ

သစ်ပုပ်ပင်ကြီး အသက်ကြီးပြီ

မနှစ်က သတင်းစာတစ်စောင်မှာ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကြီးနဲ့ ပတ်သက်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အထင်ကရ အမှတ်အသား တစ်ခုဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်တဲ့ သတင်းပဲဖြစ်တယ်။ ရန်ကုန် မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားကို ၂၀၁၄ ခုနှစ်ကစတင်ပြီး မြို့တော်ခန်းမကို စတင် တပ်ဆင်ခဲ့တယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ကူညီအားပေးမှု၊ အလှူရှင်တွေရဲ့ ငွေကြေးမတည်မှုတို့နဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့( YHT )က တာဝန်ယူဆောင်ရွက်တာ ဖြစ်တယ်။ ၃၂ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ၆.၉.၂၀၁၉ နေ့က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သိပ္ပံဆောင်အနီးမှာရှိတဲ့ သစ်ပုပ်ပင်ကြီးကို တပ်ဆင်ခဲ့တယ်လို့ သိရတယ်။

၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ ၂၀၂၀ မှာ နှစ်တစ်ရာ ပြည့်ပြီပေါ့၊ ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တည်ဆောက်စဉ်ကတည်းက သစ်ပုပ်ပင်ကြီးရှိခဲ့တာဖြစ်လို့ သစ်ပုပ်ပင်ကြီးရဲ့သက်တမ်းလည်း အနှစ်တစ်ရာကျော်နေပါပြီ၊ သစ်ပုပ်ပင်ကြီးဟာ အဓိပတိ လမ်းမကြီးရဲ့ထိပ်ဖက် သိပ္ပံဆောင်အနီးမှာရှိပြီး ဘွဲ့နှင်းသဘင်ခန်းမနဲ့လည်း မဝေးတဲ့အတွက် ဘွဲ့လာယူတဲ့ မောင်မယ်တွေ အတော်များများ သစ်ပုပ်ပင်ကြီးအနားမှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်လေ့ရှိပါတယ်။ ကျွန်တော်ဘွဲ့ယူစဉ်ကလည်း သစ်ပုပ်ပင်ကြီးကို နောက်ခံထားပြီး ကျွန်တော့်အမေ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ သစ်ပုပ်ပင်ကြီးကို ကာရန်ထားတဲ့ သံတိုင် ်ခြံစည်းရိုးတွေမရှိသေးလို့ သစ်ပုပ်ပင်ကြီးနဲ့နီးကပ်စွာ ကျွန်တော့်အမေ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်အမေကတော့ မရှိတော့ပါဘူး။ ကွယ်လွန်အနိစ္စရောက်ခဲ့ပါပြီ။ သစ်ပုပ်ပင်ကြီးကတော့ သံတိုင်ခြံစည်းရိုးနဲ့ဖြစ်ခဲ့ပြီ။ ကျွန်တော်ဘွဲ့နှင်းသဘင်တက်ပြီးဘွဲ့ယူခဲ့တာလည်း ၂၈ နှစ်ကျော်ခဲ့ပြီလေ။

နာဂစ်မုန်တိုင်းတိုက်တုန်းက ရန်ကုန်မြို့မှာရှိတဲ့ သစ်ပင်အတော်များများ လဲပြိုပျက်စီးခဲ့တယ်။ ဒါပေမယ့်သစ်ပုပ်ပင်ကြီးကတော့ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းရဲ့ဒဏ်ကိုကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ သစ်ပုပ်ပင်ကြီးဟာ သက်တမ်းရင့် ရွက်ကြွေ အဖိုပင်ကြီးဖြစ်သတဲ့၊ ရုက္ခဗေဒ အမည်ကတော့ Tetramelesnudiflora.R.Br ( Datiscaceae )ဖြစ်တယ်လို့ ဆိုတယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ အထင်ရှားဆုံး သစ်ပင်ကြီးတွေထဲက နှစ်ပေါင်းရာကျော်သက်တမ်းရင့်သစ်ပင်တစ်ပင်ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်နေရာကို အင်္ဂလိပ်ကိုလိုနီလက်ထက်အခါက မြေဧက ၄၅ဝ ကို ဝယ်ယူပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က တောအုပ်တွေနဲ့ ထူထပ်ခဲ့တဲ့နေရာဖြစ်တယ်။ အဲဒီအချိန်ကတည်းကပဲ သစ်ပုပ်ပင်ကြီး တည်ရှိခဲ့တာပါ။ သစ်ပုပ်ပင်ကြီးကိုဗဟိုပြုပြီး ရန်ကုန်တက္ကသိုလ်ရဲ့ သိပ္ပံဆောင်တွေကို ယူပုံသဏွာန် တည်ဆောက်ခဲ့တာဖြစ်တယ်။ ဒုတိယကမွာစစ်ကြီးပြီးတော့လည်း သိပ္ပံဆောင်တွေအနားမှာ သစ်ပုပ်ပင်ကြီးခံ့ခံ့ထည်ထည်ရှိခဲ့ပါတယ်။ ကျွန်တော်လည်းသိပ္ပံကျောင်းသား ဖြစ်ခဲ့တော့ သစ်ပုပ်ပင်ကြီးအနားကနေ နေ့တိုင်းလိုလို ဖြတ်သန်းသွားလာခဲ့ရတာပေါ့။

ဆရာကြီး မင်းသုဝဏ် တို့ကျောင်းသားဘဝတုန်းကတော့ ဘွဲ့နှင်းသဘင်ခန်းမအနီး အဓိပတိ လမ်းမဘေး မြောင်းကြီးတွေရဲ့နံရံမှာ အင်းလျားကန်မှာ ကျက်စားလေ့ရှိတဲ့ ငှက်တွေလာရောက်တတ်တယ်လို့ ဆရာကြီးမင်းသုဝဏ် ရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၆၅ နှစ် ပတ်ဝန်းကျင်က အင်းလျားကန်စပ်တစ်ဝိုက်မှာ ရေကြက်တွေ၊ စစ်စလီငှက်တွေ၊ တောဘဲအရိုင်းတွေ အစုလိုက် အုပ်လိုက် ကျက်စားခဲ့တယ်လို့ဆိုတယ်။ ရန်ကုန်တက္ကသိုလ်နယ်မြေဟာ အဲဒီလို ရှားပါးတဲ့ သစ်ပင်တွေ၊ ကျေးငှက်သတ္တဝါတွေ တည်ရှိရာနေရာဖြစ်ခဲ့ပါတယ်။ သစ်ပုပ်ပင်ကြီးနဲ့အတူတောပင်တွေ ဖြစ်တဲ့ ဖလံတောင်ဝှေး၊ ဇရစ်၊ ဂုံမင်း၊ တောင်စဉ်ဖက်ပင်စတဲ့ အပင်ငယ်လေးတွေ၊ ကညင်၊ သက်ရင်း ကြီး စတဲ့အပင်ကြီးတွေပါ ရန်ကုန်တက္ကသိုလ်နယ်မြေ ပတ်ဝန်းကျင်မှာရှိခဲ့တယ်။ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ တက္ကသိုလ်နယ်မြေမျိုးကို ရန်ကုန်တက္ကသိုလ်က ပိုင်ဆိုင်ခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်က်ိုနောက်ခံထားပြီး ရေးသားခဲ့ကြတဲ့ စာ၊ ကဗျာ၊ ဝတ္ထု၊ တေးသီချင်းတွေ ထဲမှာ ဂျပ်ဆင်၊ Library ၊ R.C ၊အဓိပတိလမ်း၊ စိန်ပန်း၊ ကံ့ကော်၊ ဘွဲ့နှင်းသဘင်အဆောက်အဦးတို့ပါဝင်တတ်သလို သစ်ပုပ်ပင်ကြီးလည်း မကင်းခဲ့ပါဘူး။ ဟိုးအရင် ၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်က တက္ကသိုလ်အတန်းတင်စာမေးပွဲတွေကို မတ်လမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ နောက်ဆုံးနှစ် အတန်းကို ဖြေဆိုရမယ့်သူတွေအနေနဲ့လည်း ဘွဲ့လွန်အတန်းတွေကို ဆက်ပြီး တက်ခွင့်မရခဲ့ရင်၊ မတက်ဖြစ်ခဲ့ရင် ကျောင်းတော်ကြီးကနေ ခွဲခွာရမယ့်အချိန်ဖြစ်ပါတယ်။အဲဒါကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကဗျာဆရာ အညာတမာက သူ့ရဲ့” ကံ့ကော်တောလား”ဆိုတဲ့ ကဗျာထဲမှာ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့ပါတယ်။
“ပေါင်းသင်းကျွမ်းချစ်
ကုန်လွန်နှစ်များ၊ကာလလျားခဲ့
ဟန့်တားခိုင်းစေ၊မပိုင်ချေပြန်လေ ကျောင်းနှင့်ဝေးတော့မည်”…….တဲ့။

ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဆရာအောင်ပြည့်ကတော့ စာမေးပွဲ အတွက် တပ်လှန့်နှိုးဆော်တဲ့အနေနဲ့ စာကျက်ဖို့ ” ညလုံးပေါက်စေ “ဆိုတဲ့ကဗျာကိုရေးခဲ့ပြီး သစ်ပုပ်ပင်ကြီးကို ထည့်သွင်းရေးသားဖွဲ့ဆိုခဲ့တယ်။

ညလုံးပေါက်စေ
ရောင်းရင်းတို့
သစ်ပုပ်ပင်ကြီးသည်
ရွက်သစ်လဲပြီ။
နံ့သာမြကျွန်းက
နံ့သာရော်ရွက်အပေါင်း
ညောင်းညာကြွေကျ
မြေမှာလူးပြီ။
ထွေတလာကို
တဒင်္ဂမေ့ချေဦး
ခဏဆိုသည်မှာ
ဘာမျှမကြာလှချေ။
သည်တော့
စာအုပ်ပြင်လော့
ညလုံးပေါက်
မီးကိုထွန်းလော့။
အောင်ပြည့်
ကျွန်တော်ကတော့ ၁၉၈၁-၈၂ ပညာသင်နှစ်မှာ ရူပဗေဒတတိယနှစ်ကို တက်ဖို့အတွက် ရန်ကုန်တက္ကသိုလ်ကို ရောက်လာခဲ့တယ်။ ပထမနှစ်နဲ့ ဒုတိယနှစ်တွေ ကိုတော့အမှတ်( ၂ ) ဒေသ ကောလိပ်၊ ရန်ကုန်မှာ တက်ရောက်သင်ကြားခဲ့ရပါတယ်။ ပညာရေးစနစ်တွေကလည်း အမျိုးမျိုး အဖုံဖုံပြောင်းလဲခဲ့တယ်လေ။ ကျွန်တော်တို့ကျောင်းသားဘဝက စနေနေ့မှာ နေ့ဝက်ရုံးဖွင့် ပါတယ်။ အဲဒီတော့ ကျောင်းလည်း စနေနေ့ဝက်တက်ရတာပေါ့၊ ကျန်တဲ့နေ့ဝက်မှာ စာပေဟောပြောပွဲတွေကို ပြုလုပ်လေ့ရှိတယ်။ အများအားဖြင့်တော့ သိပ္ပံခန်းမ၊ ဝိဇ္ဇာခန်းမတို့မှာ ပြုလုပ်တာဖြစ်တယ်။ ကဗျာရူး၊ စာရူး ကျွန်တော်တို့လည်း အဲဒီဟောပြောပွဲတွေကို မလွတ်တမ်း တက်ခဲ့တာများပါတယ်။ ဟောပြော ကြတဲ့ စာရေးဆရာ၊ စာရေးဆရာမအများစုဟာလည်း ရန်ကုန်တက္ကသိုလ်မှာတက်ရောက်သွားခဲ့ဖူးသူ တွေ၊ ဆရာ ဆရာမတွေ ဖြစ်ကြတယ်။ ကျွန်တော်မှတ်မိသမျှ ဟောပြောခဲ့ကြသူတွေကတော့ ဒေါ်ခင်ဆွေဦး၊ မောင်ဝဏ္ဏ၊ ဗိုလ်ဗကို၊ ချစ်ဦးညို၊ ချစ်ဒုက္ခဦးဘညွန့်၊ မောင်ပန်းမွှေးတို့ဖြစ်ပါတယ်။ ဟောပြောသွားတဲ့သူတွေထဲက ဆရာမောင်ပန်းမွှေးအကြောင်း တင်ပြပါရစေ၊ သစ်ပုပ်ပင်ကြီးနဲ့ ပတ်သက်နေလို့ပါ။

အဲဒီအချိန်တုန်းက ဆရာမောင်ပန်းမွှေးဟာ မြန်မာစာဌာနမှာ စာသင်ကြားပြသနေတဲ့ ဆရာတစ်ဦးလည်း ဖြစ်တယ်။ ဆရာမောင်ပန်းမွှေးက သစ်ပုပ်ပင်ကြီးနဲ့ ပတ်သက်တဲ့ အောက်ပါ ကဗျာ ကိုရွတ်ပြသွားခဲ့ပါတယ်။ ဆရာမောင်ပန်းမွှေးဟာ ပို့စကတ်ကဗျာတွေကို ရေးသားခဲ့သူဖြစ်လို့ ဆရာရွတ်သွားတဲ့ ကဗျာကလည်း ပို့စကတ် ကဗျာတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ အဲဒီကဗျာကတော့
“သစ်ပုပ်ပင်ကြီး
အသက်ကြီးပြီ
ခုထိရည်းစားမရှိသေး”တဲ့။
ဆရာမောင်ပန်းမွှေးရဲ့ ကဗျာရွတ်ဆိုသံကို အခုအချိန်ထိ ကျွန်တော့်ရဲ့နားထဲမှာ ကြားယောင်နေဆဲပါ။ အခုတော့ ကျွန်တော်တို့တတွေလည်း တက္ကသီလာမြကျွန်းသာနဲ့ ဝေးကွာခဲ့ပါပြီ၊ နေရာဒေသ ကာလကြာရှည် ဝေးကွာခဲ့ပေမယ့်လည်း ကျွန်တော်တို့ တက်ရောက် ပညာသင်ကြားဆည်းပူးခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီးကိုသတိရနေဆဲပါ။ အဲဒီလိုပါပဲ၊ ကျွန်တော်တ်ို့ နေ့စဉ်နေ့တိုင်း အတန်းတက် ခဲ့ရတဲ့ သိပ္ပံဆောင် အနားမှာရှိတဲ့ သစ်ပုပ်ပင်ကြီးကိုလည်း အမှတ်ရနေဆဲဖြစ်ပါတော့တယ်။   ။
သူရထိုက်

About The Author

greenness_mm

No Comments

Leave a Reply