သဘာဝကို လွမ်းတဲ့ဒဏ်တွေ

သဘာဝကို လွမ်းတဲ့ဒဏ်တွေ

ခုနိုင်ငံတွင်းက လူတော်တော်များများမှာ သဘာဝကို လွမ်းတဲ့ဒဏ်တွေ အနည်းနှင့်အများခံစားနေကြရမှာ သေချာပါတယ်။ မြို့ပေါ်ကလူတွေက အခြေအနေအရ တောတောင်တွေဆီမသွားနိုင်။ တောကလူတွေက တောတောင်သဘာဝကို မခံစားအားတဲ့ အချိန်ပေကိုး။
သဘာဝနဲ့ထိတွေ့မှုနည်းတော့ သဘာဝကိုလွမ်းတဲ့ဒဏ် ခံစားကြရတယ်။ ဘာဒဏ်လဲဆို မွန်းကြပ်မှုဒဏ်ပေါ့။ တောတန်းလေးထဲမှာ လမ်းမလျှောက်ရတာ၊ မြစ်ကမ်းနဘေးမှာ လမ်းလျှောက်ရင်း မြစ်ကိုမငေးရတာ၊ တောင်ပေါ်ကိုတက်ပြီး လွင်ပြင်ကို အပေါ်စီးကမကြည့်ရတာ အချိန်တွေကြာညောင်းခဲ့ပါပြီ။
သဘာဝတရားဟာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေပါတယ်။ တင်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေပါတယ်။ လမ်းလျှောက်ဝါသနာပါသူတွေဟာ မြို့ပြင်တွေကိုလျှောက်ခွင့်မရတော့ ရပ်ကွက်ထဲပတ်လျှောက်နေကြရတယ်။ မြို့ပြင်မှာ ကွင်းပြင်တွေကိုငေး၊ လတ်ဆတ်တဲ့လေကိုရှုရတာလောက်တော့ ဘယ်လိုလုပ်မီပါ့မလဲ။
အရှုံးထဲက အမြတ်၊ အကောင်းထဲက အဆိုးလို့ဆိုရမယ့်အရာတစ်ခုက တော့ သဘာဝရဲ့တန်ဖိုးကို ပိုသိလာတာလို့ ဆိုရမှာပါ။ တောတောင်ရေမြေတွေရဲ့တန်ဖိုးဟာ ကြည့်ရတာတစ်ခုနဲ့တင် နည်းတဲ့တန်ဖိုးမဟုတ်ပါလားရယ်လို့ သိလာတာပါ။ စာရေးသူလိုဘဲ လူတော်တော်များများသိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကျနော်တို့ဟာ မတွေ့ရတာကြာတဲ့ ချစ်ခင်သူတစ်ယောက်ကို တွေ့တဲ့အခါ ဖက်လဲတကင်း နှုတ်ဆက်ကြ၊ ပျော်မြူးကြသလို သဘာဝတရားတွေဆီသွား ခွင့်ရတဲ့တစ်နေ့ သဘာဝအလှတွေကို အားပါးတရကြည့်ရှု့ခံစားကြမှာသေချာပါတယ်။ သဘာဝအလှတွေကို လည်းပိုမိုထိန်းသိမ်းကြလိမ့်မယ်လို့လည်း မျော်လင့်ပါတယ်။
ခုသဘာဝအလှတွေကြားမသွားနိုင်သေးတဲ့ကာလမှာ ကိုယ့်အိမ်ဝင်းထဲမှာ အပင်လေးတွေစိုက်ကြမယ်။ ကိုယ့်ရပ်ရွာက အပင်ကြီးတွေကို ထိန်းသိမ်းကြမယ်။ သဘာဝကို ညစ်ညမ်းစေတဲ့ အပြုအမှုတွေကို တတ်နိုင်သမျှ ရှောင်ရှားကြမယ်။ သဘာဝအလှအပကြီးနဲ့ မတွေ့ရသေးခင် သဘာဝကို ထိန်းသိမ်းတဲ့ အလေ့အကျင့်တွေကို မွေးမြူကျင့်ကြံရင်း သဘာဝကိုလွမ်းတဲ့ဒဏ်ကို အတူတူ ကျော်ဖြတ်ကြမယ်နော်..။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply