သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနောက်က စာရိတ္တပျက်စီးမှု

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနောက်က စာရိတ္တပျက်စီးမှု

အရေးပါအရာရောက်သူတွေရဲ့ စာရိတ္တပျက်စီးမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရတဲ့အဖြစ်အပျက်တွေ ကမ္ဘာပေါ်မှာ မြောက်များစွာရှိပါသည်။ သူတို့တွေရဲ့ စာရိတ္တပျက်စီးမှုနောက်က သဘာဝပတ်ဝန်းကျင်လိုက်ပြီး ပျက်စီးရသည်။ ယခု ကျွန်တော်ပြောမည့် အကြောင်းအရာမှာ အထက်ပါကိစ္စနှင့် ပြောင်းပြန်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနောက်က စာရိတ္တတွေပျက်စီးမှုဖြစ်ပါသည်။
ကျွန်တော်တို့တွေငယ်စဥ်က ရေနံမှော်တွေ တော်တော်ခေတ်စားသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက တောတောင်တွေထဲမှာ ရေနံတွေကို တပိုင်တနိုင်တူးဖော်ကြပါသည်။ ရေနံတွေတူးဖို့ သစ်ပင်တွေခုတ်ရသည်။ ရေနံမှော်တဝိုက်က သစ်တောဧရိယာတွေ ပျက်စီးပြီး လူတွေရဲ့ စွန့်ပစ်အမှိုက်တွေကြောင့် သစ်တောဂေဟစနစ်လည်း ပျက်ယွင်းသွားပါသည်။
ရေနံတွေပေါက်ကြတော့ ပိုက်ဆံလက်ဖျားသီးသူတွေရှိပါသည်။ ရေနံမပေါက်သော်လည်း ရေနံသယ်ပြီး ပြန်ရောင်းချသူတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာက လုပ်ငန်းထက် ဝင်ငွေကောင်းကြပါသည်။ ငွေကိုလွယ်လွယ်သုံးနိုင်လာသည့်အခိုက် မူးယစ်ဆေးဝါးသည် ရေနံမှော်ကိုဝင်လာပါသည်။ မှောက်မှာ ရေနံတူးနေကြသူတွေက အရာရာကိုစမ်းသပ်ချင်နေသည့် လူငယ်တွေဖြစ်သည်။ စမ်းကြသည်။ စွဲကြသည်။
မူးယစ်ဆေးဝါးက ရေနံမှော်တွင်းမှာ ရပ်နေသည်မဟုတ်ပါ။ ရေနံမှော်နှင့်အနီးတဝိုက်ရွာတွေထိ ဆင်းပြီးပျံနှံလာသည်။ ရေနံမှော်အနီးတဝိုက်ရွာတွေမှာ အရက်ပဲသောက်သည့် လူငယ်တွေကို သူတော်ကောင်းလေးတွေဟု ခေါ်ရသည်အထိ မူးယစ်ဆေးသုံးစွဲသူများခဲ့သည်။ မူးယစ်ဆေးဝါးကြောင့် ခိုးမှု၊ဓားပြမှု၊ လူသတ်မှုတွေလည်းဖြစ်ပွားခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူငယ်တွေရဲ့စာရိတ္တပျက်စီးပြီး အကျိုးအမြတ် ရသလားဆိုတော့ ရေနံတူးသူဆယ်ဦးမှာ ကိုးဦးကရှုံးပါသည်။ ကံကောင်းလို့ ရေနံကြောတွေ့ပေါက်သူအများစုလည်း ရေနံနောက်တစ်ကျင်းထဲ ငွေတွေပြန်ဝင်သွားကြတာများပါသည်။ ရေနံတူးသည့်နေရာအများစုက ရေနံကြောကြီးရှိတာမဟုတ်သလို ဘူမိဗေဒနည်းဖြင့်စမ်းသပ်တူးကြတာမျိုးမဟုတ်။ အထင်နဲ့တူးကြခြင်းသာဖြစ်သည်။ ထို့ကြောင့်တာရှည်မခံ။ ရေနံတူးသူတွေလည်း ရှိတဲ့စီးပွားရေး အခြေပျက်၊ လူငယ်တွေလည်းစာရိတ္တပျက်ကျန်ခဲ့ပြီး ရေနံဝယ်သည့်သူနှင့် ပစ္စည်းရောင်းချသည့် ကုန်သည်တွေသာ အကျိုးအမြတ်ရသွားပါသည်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနောက်က စာရိတ္တတွေပျက်စီးမှုများကား ယခုထက်တိုင် အရှိန်ကျန်နေခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းသည် လူ့အဖွဲ့အစည်း၏ စာရိတ္တကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း လေးလေးနက်နက် သိမြင်နားလည်ဖို့ အရေးကြီးပါသည်။
တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply