သဘာဝပတ်ဝန်းကျင် ဆယ်လီ အလိုရှိသည်

သဘာဝပတ်ဝန်းကျင် ဆယ်လီ အလိုရှိသည်

ဆိုရှယ်မီဒီယာတွေ ထွန်းကားလာပြီး နောက်ပိုင်း celebrity လို့ ခေါ်တဲ့ လူသိများထင်ရှားသူတွေလည်း မှိုလိုပေါက်လာခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဆယ်လီတွေများစွာရှိကြပါတယ်။ ဂီတ၊ ရုပ်ရှင်ဘက်တွင်သာမက Tik Tok ဆယ်လီတွေလည်း အများကြီးရှိနေပါတယ်။ သူ့နေရာနယ်ပယ်လိုက် ဆယ်လီတွေ အားလုံးကိုပင် မသိနိုင်အောင်ထိ များပြားတယ်လို့ဆိုရမှာပါ။

ဒါပေမယ့် ကျနော်တို့ဆီမှာ မရှိတာက သဘာပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ ဆယ်လီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ လှုံဆော် ဆောင်ရွက်မယ့် ဆယ်လီဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှာတော့ ဒေယွန်းလီဆိုတဲ့အမျိုးသမီးဟာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုတိုက်ဖျက်ရေးမှာ ဦးဆောင်သူပါ။ သဘာဝပတ်ဝန်းကျင် ဆယ်လီတစ်ဦးပါ။သူမဟာ ကမ္ဘာတလွှားက K pop ဖန်တွေကိုစုစည်းထားတဲ့ K pop 4 planet ဆိုတဲ့ အဖွဲ့အစည်းကို ဦးဆောင်ပြီး သဘာပတ်ဝန်းကျင် အသိပညာပေးမှုတွေလုပ်ဆောင်နေသူဖြစ်ပါတယ်။

“လူမှုတရားမျှတရေးအတွက် ရပ်တည်တဲ့အခါ အပြောင်းအလဲမဖြစ်မချင်း ကျွန်မတို့ အရှုံးမပေးဘူး။ ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းကို တိုက်ဖျက်ဖို့ ဒီတစ်ကြိမ်မှာလည်း ကျွန်မတို့ သက်သေပြမယ်၊ ဖြစ်အောင်လုပ်မယ်” လို့ BBC ရဲ့ ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ မှာပါတဲ့ ဒေယွန်းလီက ဆိုပါတယ်။

ကျနောတို့ နိုင်ငံမှာလည်း သဘာဝပတ်ဝန်းကျင် ဆယ်လီတွေ အလိုရှိနေတယ်လို့ မြင်မိပါတယ်။ တဆက်တည်းမှာ ပဲ သဘာဝန်းကျင် ဆယ်လီတစ်ယောက်ဖြစ်ဖို့ ဆိုတာလည်း မလွယ်ဘူးလို့ စဥ်းစားမိပါတယ်။ တခြားဆယ်လီတွေလို ပရိတ်သတ်အလွယ်တကူရပြီး ဝင်ငွေလည်းသိပ်မရနိုင်တာကြောင့်ပါ။ ဒါပေမယ့် ဖြစ်အောင်ကြိုးစားနိုင်သူတွေကို မျှော်လင့်မိတာအမှန်ပါ။

နောက်တနည်းက ဆယ်လီဖြစ်သား သူတွေထဲက သဘာဝပတ်ဝန်းကျင် အကြောင်းအရာကို စိတ်ဝင်စားခဲ့မယ် ဆိုရင်လည်း ပိုအဆင်ပြေမယ်ထင်ပါတယ်။ အော်ဂင်းနစ်စိုက်ပျိူးရေးကို ကိုယ်တိုင် မှန်မှန်လုပ်ပြနိုင်တဲ့ ဆယ်လီ၊ သစ်ပင်စိုက်ပျိုးတာ ဝါသနာပါတဲ့ဆယ်လီ၊ သစ်တောကို ချစ်မြတ်နိုးတဲ့ ဆယ်လီတွေ လိုအပ်နေပါတယ်။

သဘာဝပတ်ဝန်းကျင် ဆယ်လီဖြစ်လို့ ဘာတွေရမှာလဲ လို့မေးစရာရှိပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေကို ရရှိမှာဖြစ်တယ်လို့ပဲ ဖြေပါရစေ။ လူတွေရဲ့ကျန်းမာရေးကိုပိုကောင်းစေမယ့်၊ ရာသီဥတုမှန်ကန်ပြီး လူတွေကို ရေရှည်စည်းပွားပိုဖြစ်စေမယ့် ၊ တိရိစ္ဆာန်တွေကို စောင့်ရှောက်ပေးမယ့် အရာတွေကို အတိုင်းအတာတစ်ရပ်ထိ လုပ်ဆောင်နိုင်သူဖြစ်မှာပါ။ သဘာဝပတ်ဝန်းကျင် ဆယ်လီတွေ ပေါ်ပေါက်နိုင်ကြပါစေ။

ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply