အင်းကြီးတောင်သမန်

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်
၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ
ရေချိုတွင်းနဲ့ပျံ့နန်းလှန်…….
ရွှေဘိုမင်းဆက်မှန်နန်းစံ
အင်းကြီးတောင်သမန် ”

ဆရာတင်တောင်သမန် သီးချင်းမှ )

 

တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။

တောင်သမန်အင်းက အမရပူရမင်း နေပြည်တော်တောင် ဘက်မှာရှိသည် ၊ မြို့တော်အဖြစ်ကောင်းစားခဲ့စဉ်က အမရပူရကို အင်္ဂလိပ်လူမျိုး ဟင်နရီ၀ူဂျာက မြန်မာပြည်ဍ် နှစ်နှစ်အကျဉ်းခံ ရစဉ် ဟု ရေးသားဖော်ဲပြထားပါသည်။ ” အမရပူရမြို့တော်သည် လမ်းမတော်များ မှာသာ အုပ်ကြွတ်မိုးသော အိမ်များ ရှိကြသည် ။ ကျန်အိမ်များကား သစ်သားသက်ကယ်အိမ်တို့ဖြင့်သာ ဆောက်လုပ်သောအိမ်များဖြစ်ကြသည် ။ ထိုအိမ်များသည်မပျက်စီးခင်က ရှု့ချင်စဖွယ်ဖြစ်လိမ့်မည် ။ မြန်မာတို့ ထုံးစံအတိုင်း အိမ်များကို ကျွန်းတိုင်စိုက်ပြီး ဆောက်ကြသည် ။ လမ်းဘက်မျက်နှာစာ တွင် မြေမှသုံးပေမြင့်သော အောက်ဆင့်ကြမ်းပြင် ၏အနောက် ဘက်တွင်လှေကားကိုတက်ပြီးအိမ်တွင်းခန်း သို့ရောက်နိုင်သည် ။ အိမ်ခန်း၏ မြေပြင်နှင့် အလွန်ကွာသဖြင့် အိမ်အောက်တွင် ကျယ်လဲကျယ် ၊ မြင့်လဲမြင့်ပြီး ပစ္စည်းသိုလှောင်ရန်နှင့် အခြားကိစ္စအတွက် အသုံးချသည်။ ထိုကဲ့ သို့ ဆောက်လုပ်လေ့ရှိသောအိမ်ပုံစံမျိုးသည် မြန်မာနိုင်ငံကဲ့သို့မြေငလျင်မကြာခဏ လှုပ်တတ်သောနိုင်ငံမျိုး၌ အထူးသင့်လျော်သည်…….. တဲ့။

ဟင်နရီ၀ူဂျာတင်ပြသော အမရပူရမှအိမ်ပုံစံသည် မြန်မာ့ရိုးရာ အိမ်ဆောက်ဓလေ့အတိုင်းဆောက်လုပ်ထားသည့် အိမ်ပုံစံပတိ ဖြစ်သည်။ အမရပူရမှာကဲ့သို့ ယင်းကဲ့သို့သော အိမ်ပုံစံများ ယခု အချိန်အထိ ကျန်ကောင်းကျန် ရာရှိနေသေးသည် မှာလည်း အမရပူရ၏ဂုဏ်ဖြစ်သည် ။ ထိုစဉ်ကအမရပူရ၏ လမ်းများအနေအထားကိုလည်းကြည့်ပါဦး….။

” အမရပူရလမ်းမတော်များသည် ကျယ်ပြီး သာယာသည် ။ လမ်းဘေးဝယ်မန်းကျဉ်းများ ပေါက်လျက်ရှိ သဖြင့် အရိပ်ကောင်းများ ရရှိသည် ” …..တဲ့။
ကဲ….ဒီမြင်ကွင်းကလဲ ယခုအမရပူရမြင်ကွင်းနဲ့ဘာ များ ခြားနားဦးမှာလဲ ။ ရှေးမြန်မာမြို့ပြဖွဲ့စည်း ပုံနှင့် ရှေးမြန်မာအိမ်ပုံစံများ ကိုအမြတ်တနိုး ထိန်းသိမ်းထားသင့် သည်ဟုယူဆပါက အမရပူရသည် အကောင်းဆုံးအနေအထားမှာ ရှိသည် ။

အမရပူရ၏ အထင်ကရဖြစ်သော တော်သမန်အင်း နှင့် ဦးပိန်တတားဝန်းကျင်ကကော…..လွန်ခဲ့သောနှစ်များ မတိုင်ခင်အထိ လွမ်းဆွတ်ဖွယ်ရှေးဟောင်း မြို့ပြပုံရိပ်များကို ထင်ဟပ်ဆဲဖြစ်ခဲ့၏။ သက္ကရာဇ် ၁၂၁၃ ( ဗီ ၁၈၆၁ ) က ပုဂံမင်း၏ မြို့စားရေးဦးပိန်က အင်း၀နန်းတော်ဟောင်းက သစ်သားဟောင်းများဖြင့် မှုလက ၁၉၈၄ တိုင် ( ယခုနောက်တိုးဖြင့် ၁၀၈၆ တိုင် ) ၊ အရှည် ၃၉၆၇ ပေ ရှိသည့်သစ်သားတံသားတံတားကြီးကို တည်ဆောက်ခဲ့ရာ…..

ယခုအချိန်အထိ ထိုမှုတံတား မယွင်းမတိမ်းစေရအောင် မဟာဂန္ဓာရုံဆရာတော်များနှင့် တောင်လေးလုံးဆရာတော်တို့က အဆက်ဆက်ကြပ်မတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အမရပူရနှင့် တောင်သမန်ကို နိုင်ငံခြားခရီးသွာါ်က ခရီးစဉ်တစ်ခုအဖြစ်သတ်မှတ်ခြင်းဖြစ်သည်။ပေလေးထောင်နီးပါး အရှည် သံကူကရစ်တံတားကြီးဆိုပါက ဘယ်ကမှလည့်ကြည့်မှာပင်မဟုတ်….။ သစ်သားတိုင်ဟောင်း။ယက်မဟောင်း။ထုပ်ဟောင်းဒိုင်ဟောင်း ပန်းဆွဲဟောင်းများနှင့်မို့ အချို့နေရာမှာ ဟင်္သပြဒါးအနီ တစ်ပိုင်းတစ်စ၊ အချို့နေရာတွေမှာ ရွှေပိန်းချ အစွန်းအစ….။ တချို့နေရာမှာ ပန်းပုလက်ရာအစအနများ ပါဝင်နေသဖြင့် ဦးပိန်တံတားကြီးကိုစိတ်ဝင်စားလာကြခြင်း ဖြစ်သည် ။
လွန်ခဲ့သောနှစ်ပေါင်း ၃၀နီးပါး…..မကြုံစဖူး ရေကြီးလေသောအခါ တံတားအလယ်ရှိအခန်းအချို့ရေမျောပျက်စီးခဲ့ဖူးသည် ။ ထိုနေရာများကိုထိုစဉ်က ကွန်ကရစ်အုပ်တံတားဖြင့် အစားထိုးခဲ့လေဖူး​ေသာကြောင့် ပြစ်တင်ပြောဆိုရေးသားဝေဖန်ခဲ့ကြသည်။ အခုနောက်ပိုင်းမှာတော့ရေကြီးနစ်မြုပ်မှု မျိုးနှင့် ကြုံကာ ပျက်စီးသည်များရှိသော် လည်း အသွင်မပြောင်းလဲသေး ။လူသာဓု နတ်သာဓု ခေါ်စရာပေ…။

ဦးပိန်တံတား၏ သည်မှာဖက်တွင် အင်းစပ်ကမ်းခြေတစ်လျှောက် သက်တော်ရှည် မယ်ဇယ်ပင်တန်းကြီး က အကိုင်းချင်းယှက် …၊အရိပ်ချင်းဆက်ကာစီတန်းနေရာယူထား၏။ ပြီးတော့တောင်မင်းကြီးဘုရားရှိသည် နွှေဦးပေါက်ကလေးများ ရောက် ပြီဆိုလျင် မယ်ဇယ်ပင်တန်း​ အောက်သဲမြေတွင် လှည်းလမ်းကြောင်း ပေါ်လာပြီးယာတဲသွား ၊ ကိုင်းတဲသွား လှည်းတွေတအီအီနဲ့ ဖုံတလုံးလုံးနှင့် တံတားကြီးအောက်က ဟို….ကိုင်းတောယာတောဆီသွားကြပြီ။ အင်း အလယ်မှာချောင်းရေက စပ်စပ်ပဲရှိ၏။ ပဲခင်းနှမ်းခင်း၊ကိုင်းခင်းတွေက တစ်မျှော် တခေါ်….။ ကိုင်းလယ်ယာတဲဆီက မီးခိုးငွေ့ငွေ့အူသည် …။ ထိုမြင်ကွင်းကားဆောင်းဦးပေါက်မှ နွေလယ်အထိ…။

ဝါဆိုဝာခေါင် ရေဖောင်ဖောင်အချိန်မှာတော့ ။ ယာကိုင်းတွေအားလုံး ရေပင်လယ်ကပြည်ဖုံးကားချပေးလိုက်သည် ။ တောင်သမန်ကား ထိုစဉ်က ချစ်စဖွယ် သုံးရာသီအလှကို မရိုးရအောင် ရင်သပ်ရှုမောဖွယ်ဖွင့်လှစ်ပြခဲ့၏။ တံတားအရှေ့ဘက်မှာထန်းလက် တဲကလေးရှိသည် ။ ဇရပ်အိုဇရပ်မင်းတွေရှိသည် ။ မေဃ၀တီ တောင်သမန်ကျောင်းတိုက်ကြီးမှ အကြွင်းအကျန်တံတိုင်း အိုကြီးတွေ ရှိသည် ။ ကျောင်းတိုက်အုတ်ခုံ ကြီးတွေရှိသည်။ ပြီးတော့… နန္ဒမူလှိုဏ်ဂူအလား တောင်သမန်ကျောင်းတော်ကြီး ဂန္ဓာကုဋီတိုက် ကြီးက မိုးသို့စွင့်သည် ။ သည်ပတ်ဝန်းကျင်တစ်ခွင်ကို စိမ်းညို့မှိုင်း ထန်းတောက အထပ်ထပ် ဝန်းရံပတ် ထား သည်။ ထန်းပင်၊ထန်းရွက်၊ ထန်းလတ် အသွယ်သွယ်ကြား မှ ……လမ်းစဉ်လမ်းဆက် လမ်းလက်တက်များ….အလျှို လျှို။ ထိုလမ်းများန ဘေးမှာ ထန်းလက်အကြော်တည်းလေးများရှိသည်။ အမိုးနိမ့်ဇရပ်အိုလေးများရှိသည် ။ ထန်းလက်မိုး၊ရေအိုးစင်လေးများ ရှိသည် ။ဒါကလည်း ဟိုး….အရင်တုန်းကဖြစ်သည်။

ယခုမယ်ဇင်ပင်တန်းမှာ တံတားထိပ်ကအစ တောင်လေးလုံးကျောင်းတိုက်အထိ နံကပ်ဆိုင်ခန်း တွေဖြစ်ကုန်၏ ။အင်းရေစပ်သဘာ၀အလှနေရာတွင်တော့ စျေးတိုက်ခန်းမျာါ်က အစားထိုးသွားသည့်သဘောဖြစ်သည် ။ဟိုး….အရှေ့တောင်သမန်ကျောက်တော်ကြီး ထန်းတောကတော့ ရတနာပူရ တက္ကသီလာကြီးဖြစ် သွား၏။
တောင်သမန်နှင့် ဦးပိန်တံတားဝန်းကျင်ကား အပြောင်းအလဲ ကြီးပြောင်းလဲသွားချေပြီ။ တချို့အဆင်းလှ…..အချို့အဆင်းမလှ….။

ဆူးငှက်

About The Author

greenness_mm

No Comments

Leave a Reply