အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…)
×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ…
++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………)
×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ…
++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………)
××(အချိန်က ဆုံးဖြတ်ပေးမှာပါ.. အပြန်အလှန် သက်ရောက်မှုဆိုတာ.. ကံတူအကျိုးပေး ဘဝတွေပါ… ××တစ်ချိန်မှာ ပြောပြကြမှာလား.. ကမ္ဘာမြေသမိုင်းရဲ့ ဖြစ်စဉ်မှာ… ငါတို့ တရားရခဲ့တာပါ…)၂
အဆင်..ပြေပါစေ…ကမ္ဘာ..ကြီးရေ…..။
သိပ်မကြာခင်က အွန်လိုင်းတွင် ပြုလုပ်ခဲ့သည့် မြန်မာအစိမ်းရောင် ကွန်ရက်(၉)ကြိမ်မြောက် တွေ့ဆုံပွဲ တွင် နားထောင်ခဲ့ရသည့် သီချင်း ဖြစ်သည်။ နာမည်မကြီးသော လူငယ်တစ်ဦး ရေးစပ်လိုက်သော သီချင်းကို နာမည်မကြီးသော လူငယ်သုံးယောက်က သီဆိုထားခြင်း ဖြစ်သည်။
သူတို့က မရှိမဲ့ရှိမဲ့ ငွေကြေးဖြင့် သီချင်းကို အသံသွင်းပြီး သီချင်းနှင့်လိုက်ဖက်သော နောက်ခံဗီဒီယိုလေးဖြင့် ရောစပ်လိုက်သည့်အခါ အတန်ငယ်လှပသွားခဲ့သည်။ သီချင်းလေး၏ သံစဉ်၊ စာသားနှင့် နောက်ခံ ဗီဒီယို ပုံရိပ်တွေထဲမှာ ကျွန်တော် နစ်မြောနေမိသည်။ အွန်လိုင်းကနေ မြန်မာအစိမ်းရောင်ကွန်ရက်ပွဲကို တက်ရောက်နေကြသော ဒေသအသီးသီးမှ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်များလည်း သီချင်းထဲတွင် နစ်မြောနေမည်ဟု ထင်ပါသည်။ ထိုသီချင်း ကို အခမ်းအနား အဖွင့်တွင် ဖွင့်သကဲ့သို့ အခမ်းအနား ခေတ္တနားချိန်များတွင်လည်း ဖွင့်ခဲ့သည်။ အခမ်းအနား ပြီးဆုံးသွားသည်မှာ ရက်အနည်းငယ်ကြာမြင့်ပြီဖြစ်သော်လည်း ကျွန်တော့် နားထဲတွင် သီချင်း၊ သံစဉ်၊ စားသားများက ခြေရာထင်ကျန်နေဆဲ ဖြစ်သည်။
အဆင်ပြေပါစေ… ကမ္ဘာကြီးရေ… ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ…။
ကမ္ဘာကြီးအတွက် အဆင်ပြေပါစေလို့ ဆုတောင်းနေရပုံထောက်လျှင် ကမ္ဘာကြီး အဆင်မပြေ ဖြစ်နေ တာ သေချာပါသည်။ ကမ္ဘာကြီး ဘယ်လို အဆင်မပြေ ဖြစ်နေသလဲ၊ တေးရေးဆရာကတော့ ပြန်စိ်မ်းလန်းဖို့ အတွက် အချိန်ယူစေလို့လည်း ဆိုထားသေးသည်။ အဲသည် စာသားလေးများက ကျွန်တော့်ရင်ကို လှုပ်ခတ်စေ သည်။ တွေးစရာများကို ပွားစေသည်။ ကမ္ဘာကြီး အဆင်ပြေရဲ့လား ဟုလည်း အလန့်တကြား မေးခွန်းများ ထုတ်မိသည်။ တစ်ချိန်တည်းမှာပဲ နောက်ထပ်သီချင်းစာသားများက ခေါင်းထဲသို့ ဆက်တိုက် ရောက်လာပြန် သည်။
မကြာခင်ပြန်ဆုံမယ် ကမ္ဘာကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…။
ကျွန်တော်တို့ ကမ္ဘာသူကမ္ဘာသားများအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်ဦးနှင့်တစ်ဦး ဝေးကွာ နေကြရသည်။ ချစ်သူများ၊ သူငယ်ချင်းမိတ်ဆွေများနှင့် မတွေ့ဆုံဖြစ်ကြ။ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံရ သည်။ လူချင်းတွေ့ဆုံခဲ့ရင်လည်း ခပ်ခွာခွာဖြင့် သတိကြီးစွာတွေ့ဆုံကြရသည်။ သံသယများဖြင့် မေတ္တာတရား တို့ အေးစက်ကုန်သည်။
ထို့ကြောင့် သီချင်းရေးဆရာက ကပ်ရောဂါများ အမြန်ကင်းစင်ပြီး အားလုံးကျန်းမာစွာနဲ့ မ
ကြာခင်ပြန်လည် ဆုံကြဖို့ ဆန္ဒရှိပုံရသည်။ ကမ္ဘာကြီး ကျန်းမာရေးထိခိုက်နေသည်။ ပြန်လည် နလန်ထဖို့ အနားယူစေချင်သည်။ အဲသည်လို ကမ္ဘာကြီး အနားယူဖို့အတွက် လူသားများက ကမ္ဘာကြီးကို မနှိပ်စက်ဖို့၊ ဒုက္ခ မပေးကြဖို့ လိုပါသည်။ ကမ္ဘာကြီး အေးအေးဆေးဆေး အနားယူပြီး ပြန်လည် ကျန်းမာပြီး အရင်လိုပဲ ပျော်ပျော် ရွှင်ရွှင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ နေသွားနိုင်ဖို့ မျှော်လင့်မိပါသည်။
သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ..၊ ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…၊ မပြေးဘဲ ငါတို့တွေ ဝေးရတာ..၊ အေးဆေး.. ပြန်တွေ့ကြမှာပါ..၊ ဒီအချိန်တော့ အားယူရင်း နားဦးကွာ…။
ကမ္ဘာကြီး နေမကောင်းဖြစ်ရတာ သမိုင်းတစ်လျှောက်လုံး လူသားများ ကျူးလွန်ခဲ့သည့် အမှားများကြောင့် ဟု သီချင်းရေးဆရာက ဆိုလိုက်သည်။ မှန်ပါသည်။ ကမ္ဘာကြီးသည် သူ့ဘာသာ အေးဆေးစွာ လည်ပတ်ရင်း လူသားများ အသက်ရှင်ရပ်တည်ရေးအတွက် သဘာဝတရားများနှင့်အတူ နေထိုင်ဖြတ်သန်းခဲ့သည်။ လူသားများက စားဝတ်နေရေးအတွက် သဘာဝနှင့် လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြသည်။ အဲဒီအချိန်ထိ ကမ္ဘာကြီးအတွက် မည်သည့်ပြဿနာမှမရှိခဲ့ပေ။
နောက်ပိုင်းတွင် လူသားများက လောဘ ဒေါသ မောဟများ ကြီးစိုးလာသည်။ ကိုယ်ချမ်းသာဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လာခဲ့သည်။ သဘာဝကိုလည်း ဂရုမစိုက်တော့။
ကမ္ဘာကြီးကိုလည်း အလေးမထားတော့။ အတ္တများဖြင့် နည်းပညာအမျိုးမျိုး ကို အသုံးပြုခဲ့ကြသည်။ ထို့အတွက် ရုပ်ဝတ္ထုတို့ ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ သို့သော် ကမ္ဘာကြီး ကျန်းမာရေး ထိခိုက်လာခဲ့သည်။ ကမ္ဘာကြီး မကျန်းမမာ ဖြစ်လာတော့ ကမ္ဘာကို မှီခိုနေရသည့် လူသားများလည်း ကျန်းမာ ရေး ထိခိုက်လာသည်။ သဘာဝဘေးမျိုးစုံ၊ ကပ်ရောဂါဘေးမျိုးစုံနဲ့ အသက်လုနေကြရတော့သည်။ သည်တော့ ကမ္ဘာကြီးကို အားပြန်ယူဖို့ နားခွင့်တော့ ကျွန်တော်တို့ ပေးကြရပေလိမ့်မည်။
အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ..၊ အလိုက်အထိုက်..ဖြတ်သန်းရမှာပါ…၊ ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…၊ သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်ဆီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ..၊ မျက်နှာလွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ…။
ဒါဟာ ကံတရား မဟုတ်ပါဘူး။ လူသားများက သမိုင်းတစ်လျှောက်တွင် ဖျက်ဆီးခဲ့ရသမျှကို လူသားများကပဲ ပြန်ခံ
စားရခြင်း ဖြစ်သည်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိသည်ဆိုသော နိယာမအတိုင်းပင် ဖြစ်သည်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီး သစ်တောများကို လက်လွတ်စပယ် ထုတ်ရောင်းခဲ့သည်ကို တွေ့ရမည်။
တွင်းထွက် သယံဇာတများကို စည်းမဲ့ ကမ်းမဲ့ ထုတ်ရောင်းခဲ့သည်ကို တွေ့ရမည်။ စံချိန်စံညွှန်းနှင့် မညီသော၊ အကျင့်ပျက်ချစားသော၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအမည်ထံပြီး လူတစ်စုကို ချမ်းသာစေခဲ့သော၊ တိုင်းပြည်အတွက် လိုအပ်ခြင်း မလိုအပ်ခြင်းထက် မိမိတို့ အိတ်ဖောင်းစေရေးလိုအပ်ချက်အရ လုပ်ဆောင်ခဲ့သော… စီမံကိန်းများစွာကို တွေ့ရမည်။
ထိုအရာများ သည် မျက်နှာလွှဲပြီး ပစ်ခဲ့သည့် ခဲများပင် ဖြစ်သည်။ အကျိုးဆက်ကတော့ တိုင်းပြည်သည်ဖွံ့ဖြိုးတိုးတက်ခဲ့ သယောင်နှင့် သဘာဝပတ်ဝန်းကျင်များ၊ လူမှုဘဝများ ပျက်စီးခဲ့သည်။ ဆင်းရဲတွင်း နက်သထက် နက်ခဲ့ရသည်။
ကျွန်တော်တို့ ကမ္ဘာကြီးအပေါ်တွင် အမှားများစွာ ကျူးလွန်မိခဲ့ပါသည်။ အချိန်မလွန်ခင် အမှားများ ပြင်ဆင်ပြီး ကမ္ဘာကြီး ပြန်လည် နလန်ထနိုင်အောင် ဆောင်ရွက်သင့်သည်။ ကမ္ဘာကြီး၏ ကျန်းမာရေးသည် လူသားတို့ ကျန်းမာရေး ဖြစ်သည်။ ကမ္ဘာကြီး ပျက်စီးလျှင် လူသားတို့လည်း ပျက်စီးရမည် ဖြစ်သည်။ သည်တော့ ကမ္ဘာကြီး ကျန်းမာဖို့လိုသည်။ ကမ္ဘာကြီး အဆင်ပြေဖို့ လိုသည်။ သည်တော့ အာသာငမ်းငမ်း အတ္တများဖြင့် လုပ်ဆောင်နေသည့် စီမံကိန်းများကို ပြန်လည်စိစစ်သင့်သည်။ ကမ္ဘာကြီး ကျန်းမာရေး၊ လူသား များ ကျန်းမာရေးကို ထိခိုက်နိုင်သည့်အရာများကို ရပ်နားလိုက်သင့်ပါသည်။
သည်အကြောင်းအရာတွေကို လူငယ်တစ်ယောက်က သီချင်းစာသားများဖြင့် အသိပေး ပြောပြလာခဲ့ပြီ ဖြစ်သည်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ လူသားတွေ အားလုံး ဘာလုပ်ကြမလဲ။ ကျွန်တော် နားထဲတွင်တော့ သီချင်းစာသားလေးတစ်ခုကို ထပ်ခါ ထပ်ခါ ကြားနေမိပါသည်။
အဆင်ပြေပါစေ… ကမ္ဘာကြီးရေ… ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ… တဲ့။ ။
ရွှေလက်
ဓာတ်ပုံ- ခရက်ဒစ်ပေးပါသည်။
အဆင်ပြေပါစေကမ္ဘာကြီးရေ.. သီချင်း နားထောင်ချင်သူများ အောက်ပါလင့်ခ်မှာ ဝင်ရောက်နားဆင်နိုင်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply