အနောက်တံခါးမှ ငွေတောင်

အနောက်တံခါးမှ ငွေတောင်

​ဆောင်းရာသီသည် ခရီးသွားရန်အကောင်းဆုံး ရာသီဖြစ်ပါသည်။ ဤအချိန်၌ မြန်မာနိုင်ငံ၏ အနောက် တံခါးဟု လူသိများသော ရခိုင်ပြည်နယ် မေယုဒေသ(ဘူးသီးတောင်-မောင်တော) သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူတို့ ရောက်ရှိကြပါသည်။
ထိုခရီးသွားပြည်သူတို့ အဓိကစိတ်ဝင်အစားဆုံးမှာ ဘူးသီးတောင်မြို့ နယ်ရှိ စိုင်းတင်ရေးတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးသို့ သွားရောက်လည်ပတ်ပြီးသည့်နောက်တွင် မောင်တော မြို့နယ် မြောက်ဘက်ပိုင်းမှ ရှေးဟောင်းသမိုင်းဝင်ဘုရားများ ဖြစ်ကြသော ဝက်ကျိန်း စေတီ ၊ဘုရားပေါ်ဘုရားများ နှင့် ဖါးဝပ်ချောင်းစေတီ ကို သွားလေ့ရှိကြပါသည်။ ပြီးလျှင် မယူကမ်းအနောက်ဘက်ခြမ်း(မောင်တောမြို့နယ်၏ တောင်ပိုင်း) မှ ကျောက်ပန်းဒူကမ်းခြေ ၊ မယူကမ်းအရှေ့ ဘက်ခြမ်း(ရသေ့တောင်မြို့နယ်) မှ တောင်ဦးစေတီ နှင့် လောင်းချောင်းစေတီ များသို့လည်း ပျော်ပျော်ပါးပါး သွားလေ့ရှိကြပါသည်။ ယခုနှစ်များတွင် ထိုနေရာများအပါ အဝင် လူငယ် လူရွယ်တို့ အဓိကစိတ်ဝင်စားလာသော နေရာတစ်ခုလည်း ထပ်တိုးလာခဲ့ပါသည်။ ထိုနေရာမှာ ငွေတောင် ဖြစ်ပါသည်။
​ငွေတောင်သည် မယူ(မေယု)တောင်တန်းကြီး၏ ဒုတိယအမြင့်ဆုံး တောင်ကြီး တစ်တောင်ဖြစ်သည်။ ပထမ အမြင့်ဆုံးတောင်မှာ မောင်တောမြို့နယ်ရှိ မင်္ဂလာကြီးတောင် ဖြစ်သည်။ ဤဒုတိယအမြင့်ဆုံးငွေတောင်သည် ဘူးသီးတောင်နှင့် မောင်တောကြားတွင် တည်ရှိပြီး နှစ်မြို့လုံးမှ ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ ဘူးသီး တောင်မြို့ ဘက်မှ သွားလျှင်ပိုနီးသည်ဟု ဆိုကြသည်။ သို့သော်လည်း လမ်းမရှိချေ။ မောင်တောမြို့နယ်ဘက်မှ ဆိုလျှင် လမ်းကြောင်းရှင်းပြီး လမ်းထင်ရှားစွာရှိလေသည်။ ထို့ကြောင့် ငွေတောင် တောင်တက်ခရီးအား မောင် တောမြို့ ဘက်မှ တက်လေ့ရှိကြပါသည်။
​ငွေတောင် တောင်တက်ခရီးကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလအကုန် ဇန်နဝါရီလအကူးမှာ ဆင်နွှဲလေ့ ရှိကြပါသည်။ ထိုခရီးကို ငွေတောင် တောင်တက်ခရီးဟု မဆိုကြဘဲ ငွေတောင်သို့ ဘုရားဖူးသွားသည်ဟု ဆိုလေ့ ရှိကြပါသည်။ ငွေတောင်သည် ပေ(၂၀၀၀) ကျော်ခန့်အမြင့်ရှိပြီး (၂) နာရီခန့်တက်ရသော တောင်ကြီးဖြစ်သည်။ တောင်ထိပ်ပေါ်တွင် စေတီကြီးတစ်ဆူရှိပြီး တောင်စွန်းတွင် စေတီငယ်နှစ်ဆူရှိပါသည်။ လမ်းခရီးတွင် ဘုရားရုပ် ထုအပြိုအပျက်များကိုလည်း တွေ့ရှိရပါသည်။ ထိုစေတီဘုရားများအား ၁၉၉၂ ခုနှစ်တွင် မောင်တောမြို့မ ဒိုင်မှူး ဦးဦးခင်မောင် ဦးဆောင်ပြီး တောင်ပေါ်ရှိဆရာတော်တစ်ပါးနှင့် ဒေသခံများစုပေါင်းတည်ထားပူဇော်ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရပါသည်။
ယခုအခါတွင် တောင်ပေါ်၌ ရဟန်း ၊ ရသေ့ ၊ လူပုဂ္ဂိုလ်များ မရှိကြတော့ချေ။ စေတီ ဘုရား အဟောင်းအပြိုများကိုသာ တွေ့ရှိရပါတော့သည်။ တောင်တက်ခရီးသည်တို့သည် ထိုစေတီဘုရားများကို ဖူးချင်ခြင်းထက် တောင်ထိပ်ပေါ်မှ မြင်ရသော သဘာဝရသကိုခံစားရန် နှင့် စွန့်စွန့်စားစား တောင်တက်ခြင်း အရသာကို ခံစားကြရန် တက်ကြခြင်းဖြစ်မည်ဟု ဆိုရပေမည်။
​လူတို့သည် တောင်တက်ခြင်းအလေ့အထကို (၁၆) ရာစုလောက်မှ စတင်၍ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရပါသည်။ သို့သော်လည်း ထိုအချိန်၌ မှတ်တမ်းတင်မှု မရှိခဲ့ကြချေ။ ပထမဆုံးမှတ်တမ်းတင်ခဲ့သော တောင် တက်ခြင်းမှာ ၁၇၈၆ ခုနှစ်တွင် အဲ့လပတောင်တန်းရှိ ပေ (၁၅၇၈၀) အမြင့်ရှိသော ဗလန့်တောင်ထိပ်သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါသည်။ ခေတ်မီစနစ်တကျ တောင်တက်ခြင်းကိုကား ၁၈၅၀ ပြည့်နှစ်ခန့်လောက်မှ ပြုလုပ်နိုင်ခဲ့ ကြသည်ဟု ဆိုပါသည်။ ၁၉ ရာစုနှစ်အတွင်းတွင် အင်္ဂလိပ်တောင်တက်သမားတို့သည် ဥရောပတောင်ထိပ် များ ကိုသာမက ကော်ကေးဆပ်တောင် ၊ ဟိမဝန္တာတောင် ၊ အန်းဒီးတောင်များကိုပင် ရောက်အောင်တက်ခဲ့ကြသည် ဟုဆိုပါသည်။ ၂၀ ရာစုအစတွင်မူ အမေရိကတိုက်မှ တောင်တက်သမားများ ပေါ်ပေါက်လာပြီး အမေရိကန် တောင်ထိပ်များသို့ ပေါက်ရောက်ခဲ့ကြပါသည်။
အမြင့်ပေ (၂၉၁၀၀) ရှိသည့် ဟိမဝန္တာတောင်တန်းမှ ကမ္ဘာ့အမြင့်ဆုံး ဧဝရက် တောင်ကို ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အက်ဒမန်ဟစ်လာရီ နှင့် တင်းဆင်းနော်ကေး တို့က အောင်မြင် စွာတက်ရောက် နိုင်ခဲ့ကြပါသည်။ ဒုတိယ အမြင့်ဆုံးဖြစ်သော ကာရာကိုရမ်တောင်တန်းရှိ ကေ-၂ ဟု အမှတ်သ ညာပြုကြသည့် တောင်ထွတ်ကို အီတလီလူမျိုး ပေါမောက္ခ ဒေဆိုယို အမှူးပြုသည့် တောင်တက်အဖွဲ့က ၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တက်ရောက်နိုင်ခဲ့ကြပါသည်။ တတိယအမြင့်ဆုံးဖြစ်သော ကန်ချွင်းဂျွန်ဂါ တောင်ကို ဗြိတိသျှ တောင်တက်အဖွဲ့မှ ၁၉၅၅ ခုနှစ် မေလ ၂၅ ရက်နေ့တွင် တက်ရောက်နိုင်ခဲ့ကြပါသည်။ စတုတ္ထ အမြင့်ဆုံး ဖြစ်သော လိုဆီတောင်ထွတ်ကို ဒေါက်တ
ာအဂ္ဂလား အမှူးပြုသော ဆွစ်ဇလန် တောင်တက်အဖွဲ့မှ ၁၉၅၆ ခုနှစ် မေလ ၁၈ ရက်နေ့တွင် တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည်။
ယခုအခါတွင် ကမ္ဘာပေါ်၌ တောင်တက်သမားတို့ များစွာပေါ်ပေါက်လာခဲ့ပြီး တောင်တက်ခြင်း အလေ့ အထများ ထွန်းကားလာခဲ့သည်။ အချို့နိုင်ငံများဆိုလျှင် တောင်တက်ခရီးသွားလုပ်ငန်းမှ ဝင်ငွေများစွာကို ရရှိ လျက်ရှိပါသည်။ ခြေလျင်တောင်တက်ခြင်းသည် ထူးခြားသည့် အားကစားတစ်မျိုးလည်းဖြစ်ပါသည်။
အားကစားနည်းအများစုသည် လူသားအချင်းချင်းတစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အနိုင်ရရှိရန် ယှဉ်ပြိုင်ကစားရသော်လည်း ခြေလျင်တောင်တက်အားကစားမှာမူ ဤသို့မဟုတ်ချေ။ ရေမြေတောတောင်ရာသီ ဥတု နှင့် သဘာဝတရားကို ယှဉ်ပြိုင်ရသော ကစားနည်းဖြစ်ပါသည်။ အဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုကို အရင်းတည်၍ လူသား နှင့် သဘာဝတရားတို့၏ ယှဉ်ပြိုင်သော အားကစားနည်းဆိုလျင် ပိုမှန်ပေမည်။
တောင်တက်ခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများမှာလည်း များပြားလှပါသည်။ မြင့်မားသော တောင်ကြီးကို ခက်ခဲစွာတက်ရသောကြောင့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်လာခြင်း ၊ အတ္တမာနကို လျှော့ချနိုင်လာခြင်း ၊ ချစ်ခင်စည်းလုံး တတ်လာခြင်း ၊ အများအတွက် ကြည့်မြင်တတ်သော စိတ်ဓါတ်များ ဖွံဖြိုး လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ တောင်တက်ခြင်းသည် လူငယ်များအား အခက်အခဲဟူ သမျှကို မလျှော့သော ဇွဲသတ္တိတို့ဖြင့် ရင်ဆိုင်ကျော်ဖြတ်ပြီး အောင်မြင်မှုကို ရယူလိုသော စိတ်ဓါတ်ကောင်းများ ကိုလည်း ပေးစွမ်းနိုင်သည်။ ကာယ ၊ ဉာဏ ၊ စာရိတ္တ များကိုမြင့်မားစေပြီး ကိုယ်ခန္ဓာရုပ်ပိုင်းဖွံ့ဖြိုးရေးကို သာမက စိတ်အားသတ္တိကိုပါ ပြုပြင်ပေးနိုင်ခြင်းကြောင့် တောင်တက်ခြင်းသည် ကောင်းကျိုးများစွာကို ရရှိနိုင် သော အားကစားပင် ဖြစ်ပါသည်။
သို့ဖြစ်၍ တောင်တက်ခြင်းအလေ့အကျင့်များ ဖြစ်ထွန်းခြင်းသည် လူငယ်လူရွယ်များအတွက် ကောင်း ကျိုးများစွာကို ဖြစ်ထွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်တွင် ဘဲငါးရာတောင်တက်ပွဲသည် လူသိများပြီး စည်ကား သော တောင်တက်ပွဲဖြစ်ပါသည်။ ထိုပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိကြပါ သည်။ ယခုအခါတွင် ရခိုင်ပြည်နယ် အနောက်တံခါးမှ ငွေတောင် တောင်တက်ခရီးသည်လည်း လူအများစိတ်ဝင် စားလာသော တောင်တက်ခရီးတစ်ခုဖြစ်လာခဲ့ပါပြီ။ နှစ်စဉ် ဇန်နဝါရီလ ပထမအပတ်ကစ၍ စနေ ၊ တနင်္ဂနွေ နေ့တိုင်း လူပေါင်း (၁၀၀) ခန့်တက်ရောက်လေ့ရှိကြသည်ဟု သိရှိရပါသည်။
ငွေတောင်သို့တက်မည်ဆိုလျှင် ပထမဦးစွာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ငွေတောင်ကျေးရွာသို့ သွားရပါမည်။ ငွေတောင်ကျေးရွာသည် လေးမိုင်ရပ်ကွက် အနီးတွင်တည်ရှိခြင်း ဖြစ်ပါသည်။ ထိုကျေးရွာမှ ငွေတောင် ခြေရင်းသို့ လမ်းလျှောက်၍ သွားကြရမည်။ ထိုလမ်းသည် တောလမ်းဖြစ်ပြီး ရေခန်းနေသော မြောင်လမ်းဖြစ်ခြင်း ကြောင့် အလွန်လှပသာယာပါသည်။ ကျောက်ဆောင် ၊ ကျောက်တုံး များတွင်လည်း ရှေ့က ရောက်ခဲ့သူတို့ ရေးသားထားခဲ့သော အမှတ်တရ စာများကို ပျော်ရွှင်စွာ ဖတ်ကြရမည်။ အရောင်စုံသော တော ပန်းများကလည်း သဘာဝတရားကို ပို၍ လှပစေသည်။
ငွေတောင်ခြေရင်းမှ ငွေတောင်ထိပ်သို့ တက်သောလမ်း သည်လည်း ထင်ရှားစွာ ရှိသည့်အတွက် လမ်းမှားရန်ကိုလည်း မစိုးရိမ်ရချေ။ တောင်ထိပ်ပေါ်မှ မြင်ရသော သဘာဝ ရှုခင်း များသည်လည်း ကြည့်ရှု၍ အလွန်ကောင်းပါသည်။ တောလမ်းခရီးများကို စိတ်လှုပ်ရှားဖွယ် ဖြတ်သန်းရသည့် ရသမှာလည်း ခံစား၍ ကောင်းပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အနောက်ဘက် အနောက် တံခါးဒေသမှ ဒုတိယအမြင့်ဆုံးဖြစ်သော ငွေတောင် တောင်တက်ခရီးကို လူငယ်လူရွယ်များ စိတ်ဝင်စားလာ ကြခြင်း ဖြစ်ပေမည်။
တောင်တက် ခြင်းသည် အကျိုးများစွာကို ဖြစ်ထွန်းစေသည့်အတွက် တောင်တက်ခြင်းကို စိတ်ဝင်စားသူတို့အား မယူတောင်၏ ဒုတိယအမြင့်ဆုံး တောင်ကြီးမှ စောင့်မျှော် လျက်ရှိနေပါသည်။
​​​​​​​​​မောင်မေယု(ဘူးသီးတောင်)

About The Author

greenness_mm

No Comments

Leave a Reply