အပူလောင်ဆုံးနေ့များကို ဖြတ်သန်းခြင်း

အပူလောင်ဆုံးနေ့များကို ဖြတ်သန်းခြင်း

ထိသမျှအရာတိုင်း၊ မြင်သမျှအရာတိုင်းပူနေသည်ဟု ခံစားနေရသည်။ ထိုင်နေတဲ့ ထိုင်ခုံကလည်းပူသည်။ မြင်နေရတဲ့ မြင်ကွင်းတွေကလည်း ပူသည်။ ကြားရတဲ့ အသံတွေတောင် ပူနေသလား ထင်ရပါသည်။ ရှေးလူကြီးတွေဆိုခဲ့သည့် ပူတယ်လေ ဆယ်နွေကဲ ဆိုတာ ဒါပဲဖြစ်ရမည်။
မိုးလေဝါသပညာရှင်တွေက ယခုဧပြီလဆန်းကစ အယ်နီညိုအပူလှိုင်းဖြတ်သည်။ သင်္ကြန်ကျပြီးသည့်ချိန်မှ အပူချိန်အနည်းငယ်ကျမည်ဟုဆိုသည်။ ယခုအချိန် ဘာမှပျော်ရွှင်စရာမရှိသော သင်္ကြန်ကို အမြန်ရောက်ပါစေ ဆုတောင်းရမလိုဖြစ်နေသည်။ ယခုအပူက အိုက်စပ်သောအပူမဟုတ်။ လောင်သောအပူဖြစ်သည်။ နေပူထဲခဏထွက်လိုက်လျှင် အသားတွေအပူလောင်နေသလားထင်ရအောင်ပူသည်မှာ တော့တော်အချိန်ကြာသည်။
အပူလွန်ကဲတော့ အစားစားချင်စိတ်တွေလည်းမရှိ။ ရေကိုသာတွင်တွင်သောက်နေရသည်။ သောက်ရေတွေကလည်း အေးသလားဆိုတော့ ထင်သလောက်မအေး။ သောက်ရေတွေကိုအေးအောင်နည်းလမ်းအမျိုးမျိူးနဲ့ထားတော့လည်း ထူးမအေးပါ။ အားလုံးကပူနေသည်ကိုး။ရေခဲရေကျပြန်တော့လည်း လူနဲ့မတည့်။ ဆရာဝန်တွေကလည်း အပူလှိုင်းဖြတ်တဲ့အချိန်မှာ ရေခဲရေတွေမသောက်ဖို့၊ ဖြစ်နိုင်လျှင် ရေနွေးသောက်ဖို့ အကြံပေးထားကြသည်။
ပူလောင်လွန်းသဖြင့်အစားနည်းသည့်ကြားက ဝမ်းချုပ်တတ်တာကလည်း ပြသနာတစ်ခုဖြစ်သည်။ ဝမ်းနုတ်ဆေးကိုလည်း ဇွတ်စားလို့မဖြစ်။ ရှေးလူကြီးတွေက တပေါင်းတကူးဝမ်းမနူးနဲဟုဆိုသည်။ ပြီးတော့ သည်လိုရာသီ အိမ်သာထဲထိုင်ရသည်က မလွယ်လှပါ။
ပူလွန်းတဲ့ရာသီမှာ လူကဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်ရသည်။ ကိုယ်ခန္ဓာသာ မလုပ်ချင်မကိုင်ချင်ဖြစ်သည်မဟုတ်။ ဦးနှောက်ကလည်း အလုပ်မလုပ်ချင်ပါ။ စိတ်က တစ်ခုခုကို ကြာကြာ အာရုံစူးစိုက်နိုင်စွမ်းလည်းမရှိပါ။ လူတွေရဲ့စိတ်တွေသည် ညစ်လွယ်ညူးလွယ်အခြေအနေဖြစ်နေသည်။ လျပ်စစ်မီးပျက်နေတော့ အမှောင်တွေထဲမှာ မီးမလင်းတလင်းနဲ့ စိတ်မကြည်မလင်ဖြစ်ကြရသည်။
သည်လိုအချိန် တောရွာလေးတစ်ရွာအနီးက ယာခင်းပြင်ကျယ်ကျယ်မှာသာ သွားနေချင်စိတ်ဖြစ်မိတော့သည်။ သစ်ပင်ကြီးတွေအုပ်ဆိုင်းနေသည့်အောက်က တဲကလေးမှာ နေ့ခင်းပိုင်း ရေနွေးကြမ်းလေးသောက်ကာ ရှေးဟောင်းနှောင်းဖြစ်တွေကိုပြောဆိုနေချင်သည်။ ညပိုင်းဆိုလျင် ယာခင်းပြင်မှာ ဖျာလေးခင်းပြီး နေရလျှင်ကောင်းမှာပဲဟု စိတ်ကခဏခဏတောင့်တသည်။ နောက်ဆုံးတော့လည်း သဘာဝပတ်ဝန်းကျင်ဘက်သို့သာ စိတ်ကရောက်ရပါသည်။
လောလောဆယ်စိတ်ထဲတွင်ရှိသည်ကတော့ အရိပ်ရသစ်ပင်ကြီးတွေ စိုက်ပျိုးချင်စိတ်ဖြစ်ပေါ်နေပါသည်။ သည်လောက်ပူနေတာမှ သစ်ပင်ကြီးတွေရဲ့တန်ဖိုးမသိလျှင်လည်း သုံးစားရတော့မည်မဟုတ်။ လူတစ်ယောက်ကို ကမ္ဘာကြီးအတွက် သစ်ပင်တစ်ပင်ပဲ ရှင်သန်အောင်စိုက်ဦးတော့။ သစ်ပင်ပေါင်းသန်းခုနစ်ထောင်။ ကမ္ဘာကြီး အပူလျော့သွားမည့်ပမာဏ။ ကိုယ်ကိုယ်တိုင်အရင်စိုက်နိုင်အောင်ကြိုးစားရပေဦးမည်။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply