အဟောင်းကို ပြင်သုံးဖို့အတွက် ပြင်ဆိုင်ကဖေးတွေဖွင့်နေကြပြီ

အဟောင်းကို ပြင်သုံးဖို့အတွက် ပြင်ဆိုင်ကဖေးတွေဖွင့်နေကြပြီ

လျှပ်စစ်ပစ္စည်းတွေပျက်တာနဲ့ လွှင့်ပစ်ပြီး အသစ်ဝယ်သုံးတာတွေက သဘာဝပတ်ဝန်းကျင်မှာ အမှိုက်တွေများ လာတဲ့အပြင် လူနေထိုင်မှုစရိတ်မြင့်တက်လာတာပဲ အဖတ်တင်ပါတယ် ။ လျှပ်စစ်ပစ္စည်းတွေကို သုံးစွဲနေတဲ့ ကုန်ကျစရိတ်တွေကြားထဲမှာ ရုန်းကန်နေရတာတွေ ကယ်တင်ဖို့အတွက် ဥရောပနိုင်ငံအချို့က ပြင်ဆိုင်ကဖေး တွေကို ဖွင့်ဖို့ ကြိုးစားလာကြပါပြီ ။
ဥရောပအိမ်များတွင် ပျမ်းမျှအားဖြင့် လျှပ်စစ်ပစ္စည်း ၇၄ ခုရှိကြောင်း Waste Electrical and Electronic Equipment Forum (WEEE) အရ သိရပါတယ် ။ ပစ္စည်းတစ်ခုပျက်သွားတာနဲ့ အသစ်ဝယ်ရလို့ကုန်ကျစရိတ်က မိသားစုဝင်ငွေကို စတင်ပြီး ထိခိုက်လာပါတယ် ။ အသစ်ဝယ်မယ့်အစား အခမဲ့ပြင်ဆိုင်တွေ အစားထိုးဝင်လာရင် မိသားစုတွေရဲ့ ဝင်ငွေကို စုဆောင်မိစေမှာပါ ။
နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြို့ကလျှပ်စစ်ပစ္စည်းကျွမ်းကျင်သူများက အမ်စတာဒမ်ကဖေးလို့ ခေါ်တဲ့ ပြုပြင်ရေးအလုပ်ရုံကို စေတနာ့ဝန်ထမ်းအဖြစ် စုစည်း လာရောက်ကြပါတယ်။ မြို့သူမြို့သားတွေကလည်း သူတို့ရဲ့ ပျက်နေတဲ့ လျှပ်စစ်ပစ္စည်းတွေကို အဲ့ဒိအလုပ်ရုံကိုလာပြီး ပြကြပါတယ် ။ အများစုကတော့ မီးဖိုချောင်သုံးပစ္စည်တွေကို ယူဆောင်လာကြတာပါ ။
စေတနာ့ဝန်ထမ်း စက်ပြင်အဖွဲ့ က အလုပ်ရုံထဲမှာ စုပုံနေတဲ့ လျှပ်စစ်ပစ္စည်း အမှိုက်တွေထဲက ကောင်းနိုးရာရာတွေကိုယူပြီး ပစ္စည်းအပျက်များကို အစားထိုးပြုပြင်ပေးကြပါတယ် ။ လာရောက်ကြတဲ့ မြို့သူမြို့သားတွေကလည်း ပြုပြင်သူတွေ ပြတဲ့ နည်းတွေကို မှတ်သားပြီး နောက်ပိုင်းမှာ သူတို့လုပ်နိုင်တဲ့ ကိစ္စတွေကို အိမ်မှာပဲ ပြုပြင်ကြပါတယ် ။
အမ်စတာဒမ်မြို့ရဲ့အရှေ့ဖက် ဒီမီအာရာအက် ဆိုတဲ့နေရာမှာတည်ရှိပါတယ်။ သူတို့ကတော့ စက်ပြင်အလုပ်ရုံလို့ မခေါ်ဘဲ ပြုပြင်ရေး ကဖေးလို့ ခေါ်ပါတယ် ။ “ဘတ်ဂျက်ကျပ်တည်းတဲ့လူတွေက ဒီရပ်ကွက်မှာ အများစု နေကြပါတယ်။ ပြုပြင်လို့ရရင် ကောင်းသွားပါတယ် ။
ကျနော်တို့က အလှူခံပုံးတစ်ပုံးထောင်ထားပါတယ် ။ ၁ယူရိုထည့်သွားလည်းရပါတယ် ။ စေတနာရှိသလောက်ပေါ့ဗျာ ။ ပစ္စည်းအစားထိုးစရာမရှိရင်တော့ ဝယ်ပေါ့ဗျာ ။ ကျနော်တို့ကတော့ တတ်နိုင်သလောက် အခမဲ့ပဲ ပြင်ပေးပါတယ် ။ လုံးဝသုံးလို့မရတော့ဘူးဆိုရင် အဲ့ဒိလျှပ်စစ်ပစ္စည်းကို ကျနော်တို့ရဲ့ အမှိုက်ပုံထဲမှာ ထားခဲ့ပြီး လှူလို့ရပါတယ်” လို့ ကော်ဖီဆိုင်ရဲ့စီမံခန့်ခွဲသူ Kim Zuiver က ပြောပါတယ် ။
စေတနာ့ဝန်ထမ်း ပြုပြင်ပေးသူများနဲ့ သူတို့ရဲ့ မိသားစုတွေက အဲ့ဒိအလုပ်အတွက် ဂုဏ်ယူပြီး အမှန်တကယ် ကျေနပ်မှု ရှိကြပါတယ် ။ သူတို့က သဘာဝပတ်ဝနးကျင်ကိုထိန်းသိမ်းခွင့်ရတဲ့အတွက် ဝမ်းသားကြပါတယ်။ “လူတွေယူလာတဲ့အရာတွေရဲ့ ၈၀ % လောက်ကို ကျွန်တော်တို့ ပြုပြင်ဖို့ စီမံထားပါတယ်။ အဲဒါက ဖောက်သည်တွေ အတွက် သာမက စက်ပြင်တဲ့အနေနဲ့ ကျွန်တော်တို့အတွက်ပါ အရမ်းကျေနပ်ပါတယ်” လို့ ပြုပြင်သူတွေထဲက တစ်ဦးဖြစ်တဲ့ Edward Tonino က ပြောပါတယ်။
“အကောင်းဆုံးက တော့ တစ်ပတ်မှာ တစ်ရက်အလုပ်လုပ်ခွင့်ရပါတဘ် ။ ညနေ အိမ်ပြန်ရောက်တဲ့အခါ လူတွေကို အများကြီးကူညီခွင့်ရလို့ ဝမ်းသာရပါတယ် ၊ ပစ္စည်းတွေ ပြန်ကောင်းသွားတဲ့အခါ လူတွေပျော်ပြီး ပြန်သွားရာတာမြင်ရတာကိုက ပျော်စရာကောင်းနေတာပါ” လို့ စက်ပြင်ဆရာတစ်ဦးကပြောပါတယ် ။ အဲ့ဒိ ပြုပြင်ရေး ကော်ဖီဆိုင်က ကျွမ်းကျင်သူတွေဟာ ပစ္စည်းဟောင်းများကို ပြုပြင်ဖို့ ကြိုးစားပြီးလုပ်ပေးကြပါတယ် ။ အဲ့လိုကော်ဖီဆိုင်တွေက အမ်စတာဒမ်မှာ ဒါဇင်နဲ့ ချီပြီး ရှိပါတယ် ။ ဆိုင်အချင်းချင်းကိုလည်း ကွန်ယက်သဖွယ် ချိတ်ဆက်ထားပါတယ် ။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply