၀ါးပင်တွေကို ဘာကြောင့် ထိန်းသိမ်းသင့်တာလဲ

၀ါးပင်တွေကို ဘာကြောင့် ထိန်းသိမ်းသင့်တာလဲ

စက်တင်ဘာလ ၁၈ ရက်ဟာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပခဲ့တယ်။ ပြည်တွင်းမှာရှိ ဝါးစိုက်ပျိုးသူတွေ၊ ဝါးလုပ်ငန်းရှင်တွေ၊ ဝါးလက်မှု ပညာရှင်တွေအပါအဝင် ၀ါးချစ်သူတွေ ဆုံစည်းကြပြီး ၀ါးနဲ့ပတ်သက်တဲ့ အသိ ပညာဗဟုသုတတွေ ပြောကြ။ ၀ါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ခင်းကျင်းပြသကြ။ ၀ါးတွေကို ထိန်း သိမ်းဖို့၊ ပြန်လည်ပျိုးထောင်ဖို့ သတိပေး တိုက်တွန်းကြနဲ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမဆောင်မှာ ၀ါးရနံ့တွေ သင်းခဲ့ပေါ့။ သူတို့ အားလုံး ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်၊ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် တက်ကြွစွာ လောင်ကျွမ်းခဲ့ကြတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ၀ါးပင်တွေနဲ့ စိမ်းလန်းစိုပြည်ပြီး ၀ါးပင်တွေ ကြောင့်ပဲ စားဝတ်နေရေးတွေ အဆင်ပြေကြတော့မယ်လေ။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်နေမိ တယ်။ လူတစ်ချို့ကတော့ ထင်ကြမှာပေါ့၊ ထင်လည်း ထင်နေကြ၊ ပြောလည်း ပြောနေကြပါတယ်။ “ ဘာ ကမ္ဘာ့ ၀ါးအထိမ်းအမှတ်နေ့လဲ။ အလကား၊ အလုပ်မရှိ အလုပ်ရှာနေတာ၊ ဒေါ်လာရအောင် လုပ်နေကြတာ” လို့။
ကျွန်တော့် မျက်စိတွေ ညောင်းလာ၊ အာရုံတွေ ထိုင်းလာပြီ။ အဲဒါကြောင့် သစ်ပင်ရိပ်အောက်မှာ ခဏ ထိုင်၊ အဝေးကို မျှော်ကြည့်လိုက်တော့ လေပြည် တသော့သော့မှာ ကျော့ကျော့မော့မော့ ယိမ်းနွဲ့နေတဲ့ ကျောက် စိမ်းရောင် သစ်ပင်ကလေးကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ စည်းဝါးတကျ လေချွန်သံကိုလည်း ကြားနေရတယ်။ လွမ်းစရာ ကောင်းလွန်းလှချည်ရဲ့။ ကျွန်တော်လည်း တောတွေး တောင်တွေး၊ ဟိုကြည့် ဒီကြည့်နဲ့ လုပ်ရင်း မှတ်ဉာဏ်ထဲမှာ ကဗျာစာသားလေးတွေ တဖျက်ဖျက် လွန့်လူးလာတယ်။
လူတွေဟာ
ရှမ်းခေါက်ဆွဲတွေ မြီးရှည်တွေ
ကြာဇံကြော်တွေ ကြေးအိုးတွေကို စားရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို သတိရကြပါ့မလား။
လူတွေဟာ
ဆာတေးတွေ ဆိတ်သားကင်တွေ
ကြက်ကင်တွေ ကိုရီးယားကင်တွေကို စားရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို သတိရကြပါ့မလား။
လူတွေဟာ
အမဲအူ တုတ်ထိုးတွေ ဆိတ်အူ တုတ်ထိုးတွေ
ဝက်သားတုတ်ထိုးတွေကို စားရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို သတိရကြပါ့မလား။
လူတွေဟာ
သွားကြားထိုးနေရင်း
ရိုးမတောကြီးထဲက ၀ါးပင်တွေကို သတိရကြပါ့မလား။
အတွေးတွေကို
ဆန့်မထုတ်နိုင်သေးသ၍
ကျွနု်ပ်တို့ ညံ့ခဲ့ကြတာ သေချာတယ်။ ။ (လှသန်း)
ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ လှသန်းရဲ့ “ဝန်ခံခြင်း” ဆိုတဲ့ကဗျာပါ။ ကျွန်တော်တို့ ညံ့ခဲ့ကြပြီးပြီ။ ဆက်ပြီး မညံ့ကြဖို့ မြန်မာနိုင်ငံမှာရှိတဲ့ ၀ါးပင်တွေကို ထိန်းသိမ်းရေး၊ ပြန်လည်ပြုစု ပျိုးထောင်ရေးကို လုပ်ဆောင် ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ကို နှစ်စဉ် စက်တင်ဘာလ ၁၈ ရက် ရောက်တိုင်း ကျင်းပတယ်။ သတင်းစကားတွေ ပါးတယ်။ ဘယ်လိုတွေ လုပ်သင့်လဲ၊ လုပ်ရမလဲ လမ်းညွှန်တယ်။ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့ကြတာပါ။ အဲဒီလို အခမ်းအနားတွေကနေ လက်တွေ့ဆီကို ရောက်အောင်လည်း သွား ရမယ်။ အလျင်အမြန်သွားရမယ်။ ဘာကြောင့်လဲ….။
+++++
၂၀၁၀ ပြည့်နှစ် ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုမှာ ဟက်တာသန်းပေါင်း ၄၀၃၃ သန်းခန့်ရှိပြီး ၀ါးတောက ဟက်တာသန်းပေါင်း ၄၀ ခန့် ပါဝင်တယ်။ ကမ္ဘာပေါ်မှာ ၀ါးမျိုးစု ၈၈ စုရှိပြီး ၀ါးမျိုးစိတ်ပေါင်း ၁၄၀၀ ခန့်ရှိတယ်။ ၀ါးမျိုးစိတ်ပေါများတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ ဖြစ်တယ်။ တရုတ်နိုင်ငံမှာ မျိုးစိတ် ၅၃၄ စိတ်၊ ဂျပန်နိုင်ငံမှာ မျိုးစိတ် ၂၃၀၊ အိန္ဒိယနိုင်ငံမှာ မျိုးစိတ် ၁၃ဝနဲ့ မြန်မာနိုင်ငံမှာ မျိုးစိတ် ၁၀၀ ရှိ တယ်။ ၀ါးတောဖုံးလွှမ်းမှုကိုကြည့်ရင်လည်း အိန္ဒိယနိုင်ငံမှာ ၂၃ ဒသမ ၆ သန်း၊ တရုတ်နိုင်ငံမှာ ၁၃ ဒသမ ၃ သန်း၊ မြန်မာနိုင်ငံမှာ ၅ ဒသမ ၄ သန်း၊ ဂျပန်နိုင်ငံမှာ ၃ ဒသမ ၅ သန်း၊ ထိုင်းနိုင်ငံမှာ ၁ ဒသမ ၃ သန်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ၁ ဒသမ၂ သန်း အသီးသီး ဖုံးလွှမ်းတည်ရှိနေတာ တွေ့ရတယ်။ စာရင်းတွေအရ ၀ါးတော ဖုံးလွှမ်းမှုမှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၃ နေရာမှာ ရှိနေတယ်။ ဒီနေ့ဒီအချိန်မှာတော့ စည်းမဲ့ကမ်းမဲ့ အသုံးပြု မှုတွေကြောင့် မြန်မာနိုင်ငံမှာ ၀ါးတောတွေ အလျင်အမြန် ပြုန်းတီးနေတယ်။ ကျေးလက်ဒေသအချို့မှာဆိုရင် အရင်က ၀ါးရဖို့ နေ့ဝက်လောက်ပဲ သွားရပေမဲ့ အခုတော့ နှစ်ညအိပ် သုံးရက် ခရီးလောက် သွားနေကြရပါပြီ။ ဒါတောင် ၀ါးကောင်းဝါးသန့်ရဖို့ မလွယ်တော့ပါဘူး။ ထင်သာမြင်သာတဲ့ ဥပမာအနေနဲ့ ကျိုက်ထီးရိုးတောင် ဒေသကိုပဲ ကြည့်ပါ။ အရင်က လူတွေရဲ့အနီးအနားမှာ ၀ါးတောတွေ ရှိခဲ့ပေမယ့် အခုဆိုရင် ၀ါးတောတွေဟာ လူတွေနဲ့ ဝေးတဲ့နေရာဆီ ရောက်ကုန်ကြပါပြီ။
၀ါးဟာ မြန်မာနိုင်ငံ ကျေးလက်နေပြည်သူတွေရဲ့ နေ့စဉ်နေထိုင်စားသောက်မှုအတွက် ဖြည့်ဆည်းပေးတဲ့ အပင်မျိုး ဖြစ်တယ်။ ကျေးလက်မှာ ၀ါးမျှစ်ထုတ်လုပ်ခြင်း၊ နေအိမ်တွေဆောက်လုပ်ခြင်း၊ တံတားဆောက်လုပ် ခြင်း၊ လယ်ယာအသုံးအဆောင်ပစ္စည်း၊ လူ့အသုံးဆောင်နဲ့ ပရိဘောဂပစ္စည်းတွေ ပြုလုပ်ရာမှာ အများဆုံး အသုံး ပြုကြတယ်။ နောက်ပိုင်းမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ဖျာ၊ ခေါင်းအုံး၊ စောင်နဲ့ ပရိဘောဂ ပစ္စည်း တွေ၊ အမျိုးသမီးအလှ ကုန်ပစ္စည်းနဲ့ အဝတ်အထည်တွေ၊ စားသောက်ကုန်၊ ဆေးဝါးပစ္စည်းတွေကို ထုတ်လုပ် လာကြတယ်။ ဒါတင်မကသေးပါဘူး၊ ဟိုတယ်တွေ၊ နေအိမ်တွေရဲ့ ကြမ်းခင်း၊ မျက်နှာကြက်တွေမှာ နှစ်ရှည်ခံ အဆင့်မြှင့်ပြုပြင်သုံးစွဲလာကြတယ်။ နှစ်ရှည်ခံတံတား၊ ဆေးရုံ၊ စာသင်ကျောင်းစသဖြင့် အဆောက် နသံချောင်း တွေအစား ၀ါးကို အစားထိုး အသုံးပြုလာကြပြီး ငလျင်ဒဏ်ခံ အဆောက်အအုံတွေမှာ အသုံးပြုမှုများ လာခဲ့ တယ်။ ၀ါးစက်ဘီး၊ ၀ါးလှေငယ်မှ အစပြုပြီး မော်တော်ကားနဲ့ အသေးစားလေယာဉ် အစိတ်အပိုင်းအထိ ၀ါးကို အသုံးပြုလာခဲ့ကြတယ်။
၀ါးတောတွေဟာ လူမှုဘဝတွေအတွက် အထောက်အကူ အများကြီးပြုသလို သဘာဝပတ်ဝန်းကျင်ကို လည်း အထောက်အကူတွေ ပြုပါတယ်။ ၀ါးတောတွေဟာ ရေဝေရေလဲဒေသတွေမှာ သာမန်သစ်တောတွေ ထက် ရေကို နှစ်ဆပိုပြီး ထိန်းပေးထားနိုင်တယ်။ ၀ါးရုံတစ်ရုံဟာ ၆ ကုဗမီတာ ပတ်လည်အတွင်း ရေနဲ့မြေသြဇာ ကို ထိန်းသိမ်းပေးနိုင်တယ်။ ဧရိယာတူ သစ်တောထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လွှတ်ပေးနိုင် တယ်။ သစ်တောတစ်ဟက်တာထက် ၀ါးတစ်ဟက်တာက ကာဗွန်ဒိုင်အောက်ဆိုက် ငါးဆ ပိုပြီး စုပ်ယူနိုင်တယ်။ အချို့ဝါးမျိုးစိတ်တွေက လေဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ်။ မြစ်ကမ်းတွေ မပြိုကျအောင် ကာကွယ်ပေးတယ်။ ၀ါးမီးသွေးတွေက ရေဆိုးရေညစ်တွေကို သန့်စင်ပေးနိုင်တယ်။ ဒါကြောင့် ၀ါးတောတွေကို ထိန်းသိမ်းစောင့် ရှောက်လိုက်တာနဲ့ သဘာဝပတ်ဝန်းကျင်ကိုလည်း အလိုလို ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်သွားမှာပါ။ ၀ါးပင်တွေကို စိုက်ပျိုးဖို့ သုံးနှစ်ကနေ ငါးနှစ်လောက်ပဲ အချိန်ယူရမှာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ခရီး ပေါက်မယ့်အနေအထားပါ။
နောက်ပြီး ၀ါးဟာ အပင်ဖြစ်ထွန်းမှု အားကောင်းသလို ကုန်ကျစရိတ်လည်း သက်သာစေတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ၀ါးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေဖွဲ့ပြီး ၀ါးတောတွေ ထိန်းသိမ်းရေး၊ ပြန်လည်ပြုစု ပျိုးထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသလို မြန်မာပြည်မှာလည်း ၀ါးနဲ့ပတ်သက်တဲ့ အဖွဲ့တွေ ဖွဲ့စည်းပြီး လုပ်ဆောင်နေကြပါပြီ။ ဒီလိုအချိန်မှာ မြန်မာပြည်အစိုးရအနေနဲ့လည်း ၀ါးတော ထိန်းသိမ်းခြင်း၊ ပြန်လည်ပြုစု ပျိုးထောင်ခြင်း၊ ၀ါးကို အဆင့်မြင့် နည်းပညာအသုံးပြုပြီး ကမ္ဘာ့စျေးကွက်ဝင်အောင် ဆောင်ရွက်ခြင်း၊ ပြည်တွင်း မှာရှိတဲ့ ၀ါးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကူညီအားပေးမှု ပြုလုပ်ခြင်း အစရှိတဲ့လုပ်ငန်းတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်ပေးသင့်ပါတယ်။ ပြည်သူများ၊ အဖွဲ့အစည်းများအနေနဲ့လည်း ၀ါးပင်တွေကို ပြုစုပျိုး ထောင်ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စီးပွားရေး မျှတစွာ လုပ်ဆောင်ဖို့ လိုပါကြောင်း ရေးသား လိုက်ရပါတယ်။ ။
ရွှေလက်

About The Author

greenness_mm

No Comments

Leave a Reply