COP 28 ကတော့ ပြီးသွားပြီ ၊ ဘာတွေထူးခြားသွားလဲ

COP 28 ကတော့ ပြီးသွားပြီ ၊ ဘာတွေထူးခြားသွားလဲ

၂၀၂၃ ကတော့ အပူဆုံးနှစ်တစ်နှစ်အဖြစ်နဲ့ အဆုံးသတ်တော့မှာဖြစ်သလို ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို တာဆီးဖို့ အဖြေရှာကြတဲ့ COP 28 ရာသီဥတုဆိုင်ရာ ညီလာခံကြီးကလည်း ပြီးသွားပါပြီ ။ ဘာတွေ ထူးခြားသလဲ ဆိုတာကတော့ လက်လှမ်းမီသလောက် ဖော်ပြလိုက်ပါတယ်။
ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေကြောင့် မွန်းကျပ်နေတာကို ဖြေရှင်းဖို့အတွက် ဒူဘိုင်းမှာ လာရောက် စည်းဝေးနေစဉ်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒူဘိုင်းနဲ့ ကီလိုမီတာ ၁၅၀ လောက်ပဲ ဝေးတဲ့ အဘူဒါဘီမြို့ကို ရုရှားရေနံတွေ အရောင်းအဝယ်လုပ်ဖို့အတွက် အာရပ်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ဗုဒ္ဓဟူးနေ့က ရောက်နေပါတယ်။ ပြီးတော့ ဆော်ဒီက ရီယက်မြို့ကို သွားပြီ အိမ်ရှေ့မင်းသားနဲ့ တွေပြီး စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကွန်ကရစ်နှင့် ဘိလပ်မြေ ကုမ္ပဏီ ၁၀ ခုက ၎င်းတို့ရဲ့ အလွန်ညစ်ညမ်းစေသော လုပ်ငန်းခွင်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ရှင်းထုတ်ခြင်းနှင့်ပတ်သက်၍ အလေးအနက်ထား လုပ်ဆောင်နေကြောင်း အစီရင်ခံစာသစ် တစ်ရပ်အရ သိရပါတယ် ။ UK နှင့် US တို့တွင် အကြီးဆုံးဘိလပ်မြေထုတ်လုပ်သည့် Cemex နှင့် Holcim တို့က ၂၅ နှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်စေရန် မဟာဗျူဟာအသစ်တွင် ပါဝင်ပတ်သက် သူများ ထဲတွင် ပါဝင်ခဲ့ပါတယ်။ အဲ့ဒိကုမ္ပဏီ ၂ခုက ကမ္ဘာလုံးဆိုင်ရာ CO2 ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၈ ရာခိုင်နှုန်း အတွက် တာဝန်ရှိနေပါတယ် ။ အဲ့ဒိပမာဏက လေကြောင်း ပို့ဆောင်မှုကထွက်တဲ့ ကာဗွန်ပမာဏ ထက်ပိုပါတယ် ။
“ကျနော်တို့ရဲ့အစီရင်ခံစာသည် ကာဗွန်သုည ကွန်ကရစ်နှင့် လက်တွေ့ဖြစ်လာ ရန် လိုအပ်သည်များကို တိကျစွာ ဖော်ပြထားသည်၊ ဒါပေမဲ့ အချိန်ကိုတော့ တိတိကျကျမပြောနိုင်သေးပါဘူး ” လို့ မဟာဗျူဟာကိုဦးဆောင်နေသည့် Mission Possible Partnership ရဲ့ CEO ကပြောပါတယ် ။
“ကျနော်တို့ ကတော့ ချပြပြီးပြီ ၊ အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အချိန်ပဲကျန်တော့တယ် ။ မူဝါဒချမှတ်သူများရယ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရယ်၊ ထုတ်လုပ်သူများရယ်၊ ဒီဇိုင်းနှင့်တည်ဆောက်မှုပညာရှင်များရယ် ချက်ခြင်းပူးပေါင်းဆောင်ရွက်မှုများက လာမယ့် ဆယ်စုနှစ်အတွင်း လိုအပ်သော တိုးတက်မှုကို ရရှိရန် မရှိမဖြစ်လိုအပ်ပါတယ်” လို့လည်း ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ အစောပိုင်းမှာ COP28 ရဲ့ ဥက္ကဌအပါအဝင် United Nations Human Settlements Program (UN-Habitat) နှင့် Bloomberg Philanthropies တို့ ဦးဆောင်ကျင်းပတဲ့ မြို့ပြပြောင်းလဲခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပါတယ် ။ ‘မြို့ပြနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးတွဲရလဒ်ထုတ်ပြန်ချက်’ တစ်ခု ရခဲ့ပါတယ် ။
အဲ့ဒါကို သဘာဝပတ်ဝန်းကျင်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီး ဒါဇင်ပေါင်းများစွာက ထောက်ခံထားပါတယ် ။ မြို့ကြီးများ၏ ၉၀ ရာခိုင်နှုန်း ခန့်သည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် မုန်တိုင်းများကြောင့် ခြိမ်းခြောက်ခံနေရပြီး မြို့ပြ နေထိုင်သူများသည် ကျေးလက်ဒေသများထက် အပူချိန် ၁၀ ဒီဂရီ ပိုများကြောင်း ဖော်ပြခဲ့ပါတယ်။
မြို့များသည် ကမ္ဘာ့ CO2 ထုတ်လွှတ်မှု၏ ၇၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးသောကြောင့် ၎င်းတို့တွင် ကာဗွန်ဒိုင်အောက်ဆိုက် ရှင်းထုတ်ရန် မှန်ကန်သော ဒီဇိုင်းများ ပါရှိဖို့လိုသည့်အပြင် ပိုမိုပြင်းထန်သော ရေလွှမ်းမိုးမှု၊ အပူလှိုင်းများနှင့် မိုးခေါင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါတယ် ။
ကမ္ဘာ့ရာသီဥတု လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင် ၁၄၀ က ဟောပြောခဲ့တဲ့ နေရာမှာ ၁၅ ဦးက အမျိုးသမီးများဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကျော်သာ ရှိပါတယ် ။ ထို့အပြင် COP28 တွင် ကိုယ်စားလှယ်အဖွဲ့များ၏ ခွဲခြမ်းစိတ်ဖြာမှုသည် ပါတီကိုယ်စားလှယ်အဖွဲ့များပါဝင်မှုက ကျား မ ၆၂ % – ၃၈ % လို့ ဆိုထားပေမဲ့ ကျားမ ကွာဟမှုကို မီးမောင်းထိုးပြနေပါတယ် ။ စုံညီခန်းမများတွင် အမျိုးသမီးများ မရှိခြင်းကို ရောင်ပြန်ဟပ်သည့် COP28 တွင် အမျိုးသမီးများ မရှိတော့ခြင်းက အမျိုးသမီးများ၏ ကွဲပြားသောအသံများကို အမှန်တကယ် ကြားရဖို့နဲ့ ရာသီဥတုဆိုင်ရာ မူဝါဒများတွင် သူတို့ရဲ့အသံများ ထည့်သွင်းခြင်း ရှိ၊ မရှိကို စိုးရိမ်မှုများ တိုးပွားစေပါတယ် ။
COP ၏ အဓိက ကိစ္စရပ်များအတွက် ရပ်တည်ချက်ပေးရန် အပြာရောင်ဇုန်အတွင်း ရာသီဥတု တက်ကြွလှုပ်ရှားသူများသည် ယနေ့မွန်းလွဲပိုင်းတွင် စုဝေးခဲ့ကြပါတယ်။ သူတို့ရဲ့အဓိကလိုအပ်ချက်က အသစ်ဖန်တီးထားသော Loss and Damage ရန်ပုံငွေကို ဖြည့်ဖို့ပါပဲ ။ “ကျွန်တော်တို့က ရန်ပုံငွေရရှိသွားရင်လည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ နောက်တစ်ဆင့်တိုးပြီး ရန်ပုံငွေကို တည်ဆောက်ဖို့ပါပဲ ။ ရုပ်ကြွင်းလောင်စာလုပ်ငန်းတွေက နှစ်စဉ် အမြတ်ငွေ ဒေါ်လာ ၄ ထရီလီယံ ရနေပါတယ်” လို့ Climate Action Network (CAN) မှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးဗျူဟာ အကြီးအကဲ Harjeet Singh က ပြောကြားခဲ့ပါတယ်။
ရာသီဥတုဒဏ်ခံရသူများအတွက် ရန်ပုံငွေအတွက် ကတိပြုထားသော်လည်း လက်ရှိတွင် ယူရိုသန်း ၇၀၀ ဝန်းကျင်ပဲ ရပါသေးတယ် ။ “ကျေးဇူး ပြုပြီး အရူးမလုပ်ပါနဲ့၊ ရုပ်ကြွင်းလောင်စာလုပ်ငန်းက ရရှိတဲ့အမြတ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး” လို့ ၎င်းက ထပ်လောင်း ပြောသွားပါတယ် ။ အဲ့ဒိ ဝါရင့် COP လှုံ့ဆော်သူက ဘက်ပေါင်းစုံတွင် ပိုမိုလုပ်ဆောင်ရန် တောင်းဆို ခဲ့ပါတယ် ။ “လူတွေကို တကယ် ဂရုစိုက်ရင် ဆုံးရှုံးနစ်နာနေတဲ့သူတွေကို အမှန်တကယ် ထောက်ပံ့ ချင်တယ် ဆိုရင် အကြောင်းရင်းကို အာရုံစိုက်ရမှာ ဖြစ်ပါတယ် ။ အဲ့ဒိအကြောင်းရင်းကလည်း ရုပ်ကြွင်းလောင်စာပဲ” လို့ လူအုပ်ကို ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမှုဆောင်အတွင်းရေးမှူးချုပ် Simon Stiell က “ စေ့စပ် ညှိနှိုင်း ရေးမှူး တွေက ပိုက်ဆံသုံးပြီး အသံထွက်နေတဲ့ နေရာတွေကို ပိတ်ဆို့ ဖို့ပဲ လုပ်နေပါတယ် ။ ခက်တာက ပိုက်ဆံမသုံးဘဲ ဘာမှလုပ်လို့မရတာကလည်းပါနေပါတယ် ။ အချက်အလက်တွေက စားပွဲပေါ်မှာ စာသား အဖြစ်နဲ့ပဲရှိနေသေးပါတယ်။ ကမာ္ဘကြီးပူနွေးလာမှုကို ကန့်သတ်ဖို့အတွက် ဘယ်နိုင်ငံတွေက အဓိကကျတယ် ၊ ဘယ်နိုင်ငံတွေကို ကူညီပေးရမယ် ဆိုတာတွေက စေ့စပ်ညှိနှိုင်းမှုတွေက ရှေ့ကို ဗဟိုပြုရမယ့် အချက်ပါပဲ ။ ရိုးသားဖို့လိုတယ်ဗျာ ။
ဒီဆယ်စုနှစ်အတွင်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တစ်ဝက်တိတိ မလျှော့ချနိုင်ရင်တော့ အသက်တွေကို ကယ်ဆယ်နိုင်ဖို့က ဝေလာဝေးဖြစ်သွားမှာပါ ။ အဲ့ဒါတွေလုပ်ဖို့အတွက် ရန်ပုံငွေ တည်ထောင်တဲ့နေရာမှာ လေးနက်ဖို့လိုပါတယ် “ လို့ ပြောသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply