Seville, Spain အပိုင်း(၃)

Seville, Spain အပိုင်း(၃)

23 feb 22
ဒီနေ့အရင်သွားဖြစ်တာက Palacio de las Dueñas (Palace of the Dukes of Alba) ပါဘဲ။ မြန်မာအသုံးအနှုန်းနဲ့ဆို နန်းတော်ဟာ ဘုရင်နေတဲ့ အဆောက်အဦးပေမယ့် အနောက်နိုင်ငံတွေမှာတော့အဲလိုမဟုတ်ပါ။ ၁၅ရာစုအတွင်းက ဆောက်ခဲ့တဲ့ နှစ် ၅၀၀ကျော် အဆောက်အအုံမှာ သူကောင်းပြုခံထားရတဲ့ အထက်တန်းလွှာဝင်တွေ အဆက်ဆက်နေခဲ့တာမို့ US သမ္မတ Kennedyတို့လင်မယား တောင်တည်းခဲ့ကြသေးတယ်။ လက်ရှိ Dukes of Alba က သူ့နေအိမ်တစိတ်တဒေသကို အများပြည်သူ အခကြေးငွေနဲ့ ဝင်ကြည့်ဖို့ ပြတိုက်အဖြစ် ဖွင့်ပေးခဲ့တယ်။
စစချင်းမြင်လိုက်ရတဲ့ အသီးတွေခဲနေတဲ့ လိမ်မော်ပင်တွေ အဲဒီလိမ်မော်ပင်တန်းတွေရဲ့အောက်မှာ ရှင်သီဝလိဂမုန်း နဲ့ paradise bird လို့ခေါ်တဲ့ပန်းနဲ့ Cliviaလိမ်မော်ရောင် ပန်းပင်တွေရှိတယ်။ အဆောက်အဦးမျက်နှာပြင် အပြည့်နွယ်တက်နေတဲ့ စက္ကူပန်းပင်တွေက အံ့မခန်းပဲ။ ဘေးမှာ ကန္တာရဆူးပင် အမြင့်ကြီးတွေ နဲ့ ရေပန်းထိုင်ခုံနဲ့ဆိုတော့ oasis လေးနဲ့တူနေတယ်။ အိမ်ထဲကအခန်းတွေကတော့ နန်းတော်တွေ ရဲတိုက်တွေမြင်နေကျမို့ သိပ်မထူးဆန်းတော့ဘူး ဆိုရမယ်။ အပေါ်ထပ်ကိုတော့ အိမ်ရှင်နေနေလို့တက်ခွင့်မပြုဘူး။ အတွင်းဖက်မှာလည်း ပန်းခြံနဲ့ရေပန်းတွေရှိတယ်။ လိမ်မော်ပင်အများစု နဲ့ grapefruitsပင် အချို့ရဲ့အောက်မှာ clivia ( bush lily သို့ kaffir lily) လိမ်မော်ရောင်တွေက ခဲနေအောင်ပွင့်နေလေရဲ့ ။ ဒါတောင် ဒီအချိန်က စိန်ပန်းမပွင့်သေးလို့ သူတို့ပွင့်တဲ့အချိန်ဆို ရူးလောက်တယ်။
အချိန်ရှိသေးလို့ Royal Palace of Seville (The Royal alcarzar of Seville)ကိုဆက်သွားကြတယ်။ မြို့ဟောင်းက ခပ်သေးသေးမို့ တစ်နေရာနဲ့တစ်နေရာ ၁၅ -၂၅ မိနစ်ထက်ပိုမလျောက်ရပါဘူး။ tourist season မဟုတ်လို့ ခဏဘဲ တန်းစီရတယ်။ ဘယ်သူမဆို ဒီကိုတော့ရောက်အောင်လာကြတာမို့ လူများတဲ့အချိန်ဆို ကြိုလက်မှတ်ဝယ်မှ အဆင်ပြေတယ်။Seville ကို အလည်လာသူတိုင်း မသွားမဖြစ်နေရာတွေထဲမှာ မိုင်ဝက်အရှည်လောက်ရှိတဲ့ ဒီနန်းတော်ကြီးက နံပါတ် ၁ ဦးစားပေးပေါ့။
၁၁ရာစု ခေတ်က ဒီနေရာမှာ Moors (Islamist ) တွေက ခံတပ်ဆောက်ခဲ့တယ်။ နောက်ပိုင်း ၁၄ရာစုအလယ်မှာ Christian King Peter အတွက် နန်းတော်ဆောက်တယ်။ ဘုရင်တွေတစ်ဦးဆင်းတစ်ဦးတက်နဲ့ နှစ်ပေါင်း ၅၀၀ အတွင်းမှာ တက်လာတဲ့ဘုရင်တွေက အဆက်ဆက်ပြုပြင် ပြောင်းလဲတိုးချဲ့ခဲ့တယ်။ ဒါကြောင့် ဗိသုကာလက်ရာstyle တွေလည်း Gothic, Islamic, renaissance အစရှိသဖြင့် ရောနေတယ်။
နန်းတော်ရဲ့ အတွင်းဖက်မှာ အပန်းဖြေဖို့ ရေပန်းတွေနဲ့ပန်းခြံချည်းပဲ ၆ ခုရှိတယ် ။ အပင်အများစုကတော့ သံပုယို လိမ်မော်ပေါ့ ။တချို့အပင်က ၂မျိုးစပ်ထားတော့ တစ်ပင်တည်းက သံပုယို လိမ်မော် အသီးနှစ်မျိုးဝေနေတယ်။ စိန်ပန်းပြာတွေလည်းရှိပေမယ့် မပွင့်သေးတာမို့ အလှဆုံးအချိန်ကိုလွတ်သွားတယ်ဆိုရမယ်။ ဒါ့အပြင် စက္ကူပန်း သံလွင် ဥရောပစံပါယ် အစရှိသဖြင့် အပင်ပေါင်း ၂သောင်းကျော်တယ်တဲ့ နန်းတော်ကို လက်ရှိဘုရင် မိသားစုတွေ ပိုင်ဆိုင်ပြီး တခါတရံလာနေတာမို့ လူနေတဲ့ အပေါ်ထပ်အခန်းတွေကို ကြည့်ခွင့်မရှိဘူး။
အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရောက်ခဲ့တဲ့ ဒီဒေသတွင်း Granadaမြို့ရဲ့ Alhambra နန်းတော်ကိုတော့ လှတာရော လက်ရာမြောက်တာရော ခမ်းနားတာရော မမီဘူးဆိုရမယ်။ (အဲဒီခရီးသိချင်သူအတွက် ကိုယ့် fb album ထဲမှာ စိတ်ဝင်စားရင် ရှာဖတ်နိုင်ပါတယ် အသေးစိတ်ရေးထားတယ်)
ဘာပဲပြောပြောလေမြင်ဖူးတယ်ရှိအောင် တော့ဝင်ကြည့်ခဲ့တယ်။ မြင်ဖူးစေချင်လို့ပုံတွေရိုက်လာခဲ့တယ်။
(ကြိုးစားအချိန်ပေးရေးထားတာမို့ တကယ်ဖတ်တယ်ဆိုရင် အားထုတ်ရကျိုးနပ်ပါတယ်)

#Thuzar Khin ရေးသည်၊

အပိုင်း (၄) ဆက်လက်ဖော်ပြပါမည်။

About The Author

greenness_mm

No Comments

Leave a Reply