Seville, Spain အပိုင်း ၂

Seville, Spain အပိုင်း ၂

ဒီနေ့ကတော့ ဘယ်ရယ်မဟုတ် မြို့ဟောင်းဖက်ကို လမ်းလျောက်ကြတယ် ဒီမြို့က စပိန်နိုင်ငံ Andalusia ဒေသရဲ့ မြို့တော် စတုတ္ထအကြီးဆုံးမြို့ဆိုတော့ ရှေးခေတ်လက်ရာအဆောက်အဦးတွေနဲ့ မြို့ဟောင်းက ခပ်သေးသေးနဲ့ အလယ်မှာ ပတ်ပတ်လည်က နောက်ပိုင်းတိုးလာတဲ့ ဧရိယာက အရမ်းကျယ်တာပေါ့။ tourist တွေအားလုံးကျင်လည်တဲ့နေရာကလည်း ဒီမြို့ဟောင်းကွက်ကွက်လေးပဲ အမှန်အတိုင်းပြောရရင် နောက်ပိုင်းဆောက်တဲ့ အဆောက်အဦးတွေက ကိုယ့်မျက်လုံးထဲ တော်တော်မလှတာ အမိုးပြားပြားနဲ့ မီးခြစ်ဆံပုံးတွေလိုပဲ။
မြို့လယ်က ဥရောပ မြို့ဟောင်းအများစုထုံးစံအတိုင်း လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင် ဘေးထိမတတ် လမ်းကျဉ်းကျဉ်းလေးတွေနဲ့ လမ်းခင်းထားတာက ရာစုနှစ်ပေါင်းများစွာသက်တမ်းရှိနေတဲ့ ကျောက်တုံးပြောင်ပြောင်လေးတွေနဲ့ ဘေးအိမ်နံရံတွေ ဝရံတာတွေမှာ ပန်းပင်တွေ တွဲလို့ချိတ်လို့ ရသလောက်စိုက်ပြီး သန့်လို့ရှင်းလို့ပါ။
ဒီတိုင်းကြည့်ရင် ရှိသမျှမြေမကျန်အောင် ပြွတ်သိပ်ဆောက်ထားသလိုထင်ရ လမ်းနဲ့အိမ် ထိတိုက်နေတဲ့ အပြင် အိမ်တွေနဲ့လည်း မြေလွတ်မရှိ ထိစပ်နေတော့ခြံဝင်းတံခါးဆိုတာမရှိဘူး နယ်သာလန်မှာလို အိမ်ရှေ့ပန်းခြံမရှိဘူး။
ဒါပေမယ့်တံခါးမကြီးဖွင့်ပြီးဝင်သွားရင် အထဲမှာ နေရာနည်းနည်းချန်ပြီး နောက်ထပ် သံပန်းတံခါးရှိမယ် သံပန်းတံခါးပြီးတာနဲ့ မြေကွက်လပ်ကျယ်သို့ ရင်ပြင်ရှိတယ် အပေါ်မှာတော့ ကောင်းကင်ပြာကြီးပေါ့ မြေကွက်လပ်တွေကို များသောအားဖြင့် ကျောက်ပြားခင်းထားတယ် တချို့ palms အုန်းပင်ထန်းပင် တွေစိုက်ထားတာလည်းတွေ့ဖူးတယ် များသောအားဖြင့်ကတော့ အိုးတွေနဲ့အပင်မျိုးစုံစိုက်ထားတယ် လူနေအိမ်ခန်းတွေက မြေကွက်လပ်ပတ်လည်ပေါ့။
အဲဒီတော့ အခန်းတိုင်းမှာလည်း အလင်းရတယ် လေကောင်းလေသန့်ရတယ် ရှုခင်းကောင်းတယ် အပူဒဏ်လည်းကာကွယ်ပြီးသားပဲ အပူပိုင်းနဲ့ကိုက်ညီအောင် အတွင်းပိုင်းမှာ မြေကွက်လပ်ချန်ပြီး အိမ်ပတ်လည်ဆောက်တာဟာ ရာသီဥတုနဲ့သင့်လျော်တဲ့အပြင် အမြဲ လုံလုံခြုံခြုံ ပန်းတွေနဲ့ အချိန်ကုန်လို့ရတယ် ကိုယ်တွေဆီမှာ ဘာလို့ဒီလို မတွေးမကြံကြသလဲ မသိဘူးနော်။
တံခါးမကြီးတွေဖွင့်ထားတဲ့ အိမ်တချို့ကြောင့် အတွင်းက ပန်းခြံမြေကွက်လပ်တွေကို ချောင်းရ ငေးရတာ အရသာပဲ တချို့တံခါးမကြီးတွေကလည်း တော်တော်လှတာ။ တကယ်တော့ ဒီမှာ moor လို့ခေါ်တဲ့ arab/islamist တွေတချိန်ကကြီးစိုးခဲ့လို့ ဒီလို style အဆောက်အဦးတွေ ကြွေပြားတွေတွေ့ရတာပါပဲ။
မြို့ထဲကသွားလေရာ နေရာတိုင်းမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ ပန်းခြံအသေး အကြီးတွေရှိတယ် ခုံတန်းတွေရှိတယ် ဆော့နေတဲ့ကလေးတွေ တွတ်ထိုးနေတဲ့မိန်းခလေးတွေ အပျင်းပြေလာထိုင်နေတဲ့ လူကြီးတချို့ တွေ့ရတယ်။
စပိန်ကမြေထဲပင်လယ် Mediterranean Sea နဲ့ကပ်နေပြီး ဒီဒေသကရာသီဥတုက သိပ်မပြင်းထန်ပဲအပင်အသီးအနှံတွေလည်း ဖြစ်ထွန်းတယ်။ ဒါကြောင့် ဒီမှာ သိပ်ပေါတဲ့သံလွင် သံပုရာ လိမ္မော် က မြောက်ဥရောပမှာ indoor plant အဖြစ်ပဲရှိတာ။ ဒီနေ့ကတော့ အထူးသဖြင့် ပန်းတွေ အပင်တွေ ကို ငေးရင်းမောရင်း လိမ်မော်ပန်းနံ့တွေရှုရင်းတစ်နေ့တာ အချိန်ကုန်သွားတယ်။

အပိုင်း(၃) ဆက်လက် ဖော်ပြပါမည်။

#Thuzar Khin

 

About The Author

greenness_mm

No Comments

Leave a Reply