သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

 

(၁)
ရွှေလက်တို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားတွေဟာ လှပကောင်းမွန်လွန်းခဲ့ပါတယ်။ ရာသီဥတုသမမျှတတယ်။ သယံဇာတပေါကြွယ်ဝတယ်။ ဒါကြောင့် ရွှေလက်တို့အားလုံး မြန်မာနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူခဲ့ကြတယ်မဟုတ်လား။ အခုတော့ အစိုးရအဆက်ဆက် စီမံခန့်ခွဲတာညံ့ဖျင်းမှု၊ ၀ိသမလောဘသားတွေရဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်တွေ ပျက်စီးခဲ့ရပြီ။ သယံဇာတတွေ ဆုံးရှုံးခဲ့ရပြီ။ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပျက်စီးပြီးရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ပြီ။ အဲဒီဖြစ်စဉ်တွေရဲ့အကျိုးဆက်တွေက သဘာဝဘေးအန္တရာယ်ဆိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ သဘာဝဘေးတွေကြောင့် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာဆုံးရှုံးခဲ့ရတယ်။

 

အဲဒါတွေအားလုံးကိုရွှေလက်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့ ဖြစ်ခဲ့ရတယ်ဆိုတာရွှေလက် ပြောခဲ့ပြီးပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကိုကမ္ဘာ့နိုင်ငံအသီးသီးကပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေအားလုံးကလက်ခံပြီး သဘာဝ ပတ်ဝန်းကျင် ထိ်န်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရ အပါအဝင် ပညာရှင်တွေ၊ အဖွဲ့အစည်းတွေကလုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ပြည်သူကြားထဲရောက်အောင် မလုပ်ဆောင်နိုင်ကြသေးပါဘူး။ ဒါကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ ပြည်သူကြားထဲရောက်ပြီး ပြည်သူတွေ လိုက်ပါဆောင်ရွက်အောင်လုပ်ဆောင်ကြဖို့လိုပါတယ်။

 

(၂)
ဒီနေ့တော့ ရွှေလက်လည်းပျင်းပျင်းရှိတာနဲ့ စာလည်းမဖတ်၊ စာလည်းမရေးဘဲမိသားစုနဲ့အတူ TV ၀င်ကြည့်ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် Miss Earth Myanmar 2017 ပြိုင်ပွဲလာနေတာတွေ့ရတယ်။ ကမ္ဘာမြေအလှမယ်လို့ ပြောမလား၊ မြေကမ္ဘာအလှမယ်လို့ ဆိုမလား။ ဘယ်လိုပဲပြောပြောဆိုဆိုရွှေလက် သဘောကျမိသွားတယ်။ (အလှမယ်လေးတွေကလည်းတယ်လှသကိုး) ဒီပြိုင်ပွဲကို ၂၀၁၂ ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာဆိုပဲ။ ရွှေလက်ပဲအလှအပတွေနဲ့ ကင်းကွာနေလို့လားမသိ၊ အဲဒီပြိုင်ပွဲကိုသတိမထားမိခဲ့ဘူး။ အခုတော့လည်းမမျှော်လင့်ဘဲပက်ပင်းတိုးခဲ့ပြီပေါ့။ ပြိုင်ပွဲကိုကျင်းပတဲ့ရည်ရွယ်ချက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးကို စိတ်ဝင်စားတဲ့၊ ပရဟိတစိတ်ထားရှိပြီးအများအကျိုးဆောင်ရွက်လိုတဲ့ စိတ်ထားနှလုံးသားလှပတဲ့အလှမယ်တွေ ရွေးချယ်ချင်လို့တဲ့။ သိပ်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်ပါပဲ။

 

နောက်ပြီးအလှမယ်တွေကိုဆန်ကာတင်ရွေးချယ်ပြီးစခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ အမှိုက်ကောက်လုပ်ငန်းစဉ်၊ သစ်တောဦးစီဌာနနဲ့ ပူးပေါင်းပြီးပဲခူးရိုးမတောင်ပေါ် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ခဲ့တယ်တဲ့။ ပရဟိတလုပ်ငန်းစဉ်နဲ့ ပရဟိတစိတ်ထားရှိဖို့လည်းလက်တွေ့လုပ်ကိုင် သင်ယူစေခဲ့တယ်။ စခန်းသွင်းလေ့ကျင့်မှုတစ်လျှောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ မှတ်သားစရာတွေကိုလည်းလေ့လာသင်ယူမှတ်သားစေခဲ့တယ်တဲ့။ ပြိုင်ဝင်အလှမယ်တွေကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ဝင်တစား၊ ကြိုးကြိုးစားစားပြုလုပ်ခဲဲ့ကြတယ်တဲ့။ကြားရ မြင်ရတာတော်တော်ကြည်နူးစရာကောင်းလှ ပါတယ်။ အနာဂတ်မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း ရွှေလက် အားတက်မိပါတယ်။

 

(၃)
နိုင်ငံတကာမှာတော့ ပြည်သူ့အသည်းစွဲအနုပညာရှင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ ခရစ်ယာန် ဘုန်းကြီးတွေ၊ ဘုရင့်သားတော်တွေ၊ လွှတ်တော်အမတ်တွေ၊ ရှေ့နေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဒီဇိုင်နာတွေ၊ ဘလော့ဂါတွေ၊ အိုင်တီပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေ၊ ရိုက်ကူးရေးသမားတွေ၊ပညာရှင်တွေ၊တက်ကြွလှုပ်ရှားသူတွေကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးရှေ့ဆောင်လမ်းပြလုပ်ဆောင်ကြတာတွေ့ရတယ်။ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံ၊ အွန်လိုင်းတွေကလည်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကိုတခမ်းတနားထည့်သွင်းဖော်ပြခဲ့ကြတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာစောင်တွေကလည်းပေါပေါများများရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမဂ္ဂဇင်း၊ဂျာနယ်နဲ့စာစောင်မျိုးစုံ၁၀၀ကျော်ရှိတယ်လို့၂၀၀၉-၂၀၁၀ခုနှစ်ခန့်ကသဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းစာပညာသင်တန်းတစ်ခုမှာသင်တန်းဆရာတစ်ယောက်ပြောတာရွှေလက်မှတ်သားခဲ့ရဖူးတယ်။

 

ရွှေလက်တို့ မြန်မာနိုင်ငံမှာတော့ ပြည်သူအသည်းစွဲ အနုပညာရှင်တွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်တာတွေ့ရခဲပါတယ်။ ထင်ရှားကျော်ကြားတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကလည်းမလုပ်ကြပါဘူး။ နိုင်ငံတော်အစိုးရပိုင်းနဲ့ အဖွဲ့အစည်းတွေကလည်း တာဝန်အရ လုပ်တာမျိုး၊ ပိုက်ဆံရဖို့ လုပ်တာမျိုးပဲရှိခဲ့ပါတယ်။ ဒီတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ပြည်သူနဲ့မဆိုင်သလို ဖြစ်ခဲ့ရတယ်။ နောက်ပြီး မြန်မာ နိုင်ငံမှာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာစောင်၊ မဂ္ဂဇင်းကလည်းလက်ငါးချောင်း ပြည့်အောင် မရှိခဲ့ပါဘူး။(အဲဒီလက်ငါးချောင်းမရှိတဲ့အထဲမှာမှ ထုတ်ဝေမှုရပ်နားသွားတာတွေရှိသေးတယ်လေ) အဲဒီကြားထဲမှာပဲ7 Day သတင်းဂျာနယ်၊ Popular News ဂျာနယ်အပါအဝင် သတင်းဂျာနယ်အနည်းငယ်က သဘာဝပတ်ဝန်းကျင်အကြောင်းကို စာမျက်နှာသီးသန့်ပေးပြီးဖော်ပြခဲ့ကြတာကိုရွှေလက် မှတ်မှတ်ရရဖြစ်နေခဲ့ပါတယ်။ ကျေးဇူးလည်းအထူးတင်မိပါတယ်။လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာကမ္ဘာ့နိုင်ငံတွေနည်းတူ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် သဘာဝဘေးတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူသားအားလုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ဝင်တစားလိုက်ပါ လုပ်ဆောင်ဖို့ အချိန်ကျနေပါပြီ။

 

(၄)
ဒီနေရာမှာဒုက္ခရောက်နေတဲ့ကမ္ဘာကိုရုပ်ရှင်အကူအညီနဲ့ ကယ်တင်ဖို့ ပထမဆုံးလုပ်ဆောင်ခဲ့သူသတင်းရုပ်ရှင်ရိုက်ကူးသူ Mike H.Pandey၂၀၀၉ ခုနှစ်ကပြောခဲ့တဲ့စကားလေးကို မျှဝေချင်ပါတယ်။ (သူ့အကြောင်းတော့ ကြံုမှ ထပ်ပြောပြပါမယ်) သူကဘာပြောလဲဆိုရင်…သစ်ပင်တစ်ပင်လောက် စိုက်စမ်းပါ။ လူတစ်ဦးသစ်ပင် တစ်ပင်ဆိုရင် လူဦးရေသန်းခြောက်ထောင်ကစိုက်တဲ့အပင်တွေကြောင့် စိမ်းလန်းခြင်းနဲ့ မစိမ်းလန်းခြင်းဆိုတဲ့ ချိန်ခွင်လျှာမှာစိမ်းလန်းခြင်းဘက်ကအလေးသာလာလိမ့်မယ်တဲ့။ သူကအဲဒီလိုတွေ ပြောသလိုသူကိုယ်တိုင်လည်းလက်တွေ့လုပ်ပြခဲ့တယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို ရိုက်ကူးပြရင်းလူတွေ သဘာဝပတ်ဝန်းကျင်ကိုချစ်လာအောင်၊တောရိုင်းတိရစ္ဆာန်တွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေကိုချစ်တတ်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံကအနုပညာရှင်တွေအနေနဲ့ အတုယူဖို့ ကောင်းပါတယ်။

 

ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လုပ်ဆောင်နေကြတဲ့ အစိုးရအပါအဝင် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တကယ်လက်တွေ့ ကျကျ ဆောင်ရွက်ဖို့လိုသလိုပြည်သူတွေ စိတ်ဝင်စားတဲ့ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်တွေရဲ့ အင်အားကိုရယူပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူလူထုပါ၀င်လာအောင် စနစ်တကျ လုပ်ဆောင်ဖို့လိုပါတယ်။ နောက်ပြီး မြန်မာမီဒီယာတွေအနေနဲ့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းကို တခုတ်တရထည့်သွင်းဖော်ပြပြီး ပြည်သူတွေကိုအသိပညာပေးသင့်ကြောင်းအကြံပြုလိုက်ချင်ပါတယ်။ ။

ရွှေလက်(25.9.17)

#greenness

About The Author

greenness_mm

No Comments

Leave a Reply