အဖေ့အိမ် သို့ အလွမ်း

အဖေ့အိမ် သို့ အလွမ်း

အဖေနေခဲ့ဖူး၍အဖေ့အိမ်ဟု ရေးမိပေမယ့် အဖေရော ကျွန်မတို့ရော ထိုအိမ်က ထွက်ခွာလာခဲ့သည်က ကြာချေပြီ။အဖေတို့မှာမောင်နှမတွေအများကြီးရှိသည်။ထိုမောင်နှမတွေက မွေးထားသော သားသမီး မြေး မြစ်တွေက လည်း များပါသည်။
အဖေသည် ထိုအိမ်က ထွက်လာပြီးနောက်ပိုင်း
လယ်လုပ်ချိန်၊ကိုင်းလုပ်ချိန်ဆိုလျှင်တော့ မိဘ အိမ်ပြန်ပြီး ကူညီတတ်သည်။အဖေ ထိုအိမ်ပြန်သွားချိန် ၊ ကျွန်မ ကျောင်းပိတ်ရက်များနှင့် တိုက်ဆိုင်လျှင်တော့ ကျွန်မ သည် အဖေ့ ထံလိုက်သွားတတ်သည်။
တစ်ခါတရံ နှစ်ထပ်သင်္ဘောလေးနှင့်၊ တစ်ခါတရံ မော်တော်ဘုတ်လေး နှင့် ကျွန်မ သည် လူကြုံ အမျိုးများဖြင့် လိုက်သွားတတ်သည်။
အဖေတို့အိမ်ရှေ့မှာ ရေထည့်သည့် အုတ်ကန်အကြီးကြီးရှိသည်။အုတ်ကန်ဘေးမှာ အိမ်ကို ပတ်ပြီး ကွန်ကရစ် ရေမြောင်း တွေဖော်ထားသည်။အဖိုးနှင့်အဖွားကလည်း လယ်ဧကတွေများစွာပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝပါသည်။အိမ်ကတော့ ရိုးရိုးနှစ်ထပ် ပျဥ်ထောင် အိမ်ပင်ဖြစ်သည်။ အိမ်နောက်မှာ စပါးစေ့ ၊ အိမ်ဘေးမှာ နွားတင်းကုပ် အကြီးကြီးရှိသည်။
အိမ်ဘေး နေရာလွတ်မှာ ခြေတံ ရှည် အဆောက်အဦ တစ်ခု ရှိသည်။ကျွန်မစိတ်ထင် ပဲမှော်တိုက် ဖြစ်မည်ထင်သည်။ အသေအချာတော့ မမှတ်မိတော့။
အဖေတို့မိသားစုသည် စားသောက်နေထိုင်မှုပုံစံတွေရိုးရှင်းသည်။ကျေးလက်ဆန်သည်။ကျွန်မတို့ အမေဘက်က ညီအစ်မတွေက အနည်းငယ်မြို့ဆန်သည်။ခေတ်မီသည်။အမေဘက်က အဒေါ်တွေလက်ထဲ ကြီးပြင်းခဲ့ရသောကျွန်မတို့သည်လည်း ငယ်စဥ်ကပင် စားသောက်နေထိုင်မှုနည်းနည်းကြီးကြယ်ချင်သည်။တကယ်တော့ အဖေတို့မြို့က မြို့နယ်အဆင့် မြို့ကြီး။ကျွန်မတို့က ကျေးလက်သာသာ ရွာကလေးက။ဘယ်သို့ပင်ဆိုစေ အဖေတို့အိမ်ကို ရောက်လျှင် ကျွန်မတို့စိတ်အလိုကျ နေရ စားရပါသည်။
အဖေတို့မောင်နှမတွေဘက်က မွေးချင်းများထဲ ကျွန်မတို့သည် အခွင့်ထူးခံ လူတန်းစားလို နေရာပေးခံရသည်။(အခုအရွယ် ပြန်တွေးမိတော့ အတော်ရှက်မိပါသည်)
အဖေ၏ အမေ ကျွန်မအဖွားသည် မြန်မာအမျိုးသမီးကြီးပီပီ အစဥ်အမြဲ ပြုံးနေတတ်သည်။အဖွားက အသားအတော်မဲပါသည်။သို့သော် ပြုံးရွှင်သော ဟန်ပန်ကြောင့် နှစ်လိုဖွယ်ကောင်းသည်။ပြုံးရွှင်၍ နူးညံ့ သော အဖွားကို ချစ်သလောက် အဖိုးကိုတော့ ကျွန်မတို့ ကြောက်သည်။အဖိုးက အနည်းငယ် ဇီဇာ ကြောင်သည်။အဖိုးအိမ်ရှေ့မှာ စိမ်းစားသရက်ပင် ရှိသည်။ အဖိုးသည် ထိုအပင်က သရက်သီးချိန် ဆို ကျွန်မတို့ကလေး တွေ လက်ကမြင်းမှာကို စိုးရိမ်သည်။အရသာ ရှိသည့် အသီးကို မကြီးထွားခင် မခြွေရတဲ့။ကျွန်မတို့မောင်နှမများနှင့်ဝမ်းကွဲမောင်နှမ တသိုက်သည်နေ့လည်ခင်း အဖိုး အိပ်ချိန် ကိုစောင့်ပြီး
သရက်ကင်းတွေ ချွေကြသည်။ ငရုတ်သီး မှုန့်နှင့် နယ်ပြီး စားတတ်ကြသည်။
အဖိုး သိသောအခါ ဒေါပွပြီး အော်လေတော့သည်။ ထိုအခါ အဖွားက `တော် ကလည်း ကလေးတွေ တစ်ခါတလေ လာတာ မဆူစမ်းပါနဲ့´ ဟု ဆိုတတ်သည်။
ကျွန်မတို့ မိသားစု လာမည်ဟု သတင်းကြားလျှင် အဖွားက ဟင်းတွေအမယ်စုံအောင်စီမံတော့သည်။
အဖေက ငါးခြောက်ကြိုက်သည်မို့ သူ့သားအတွက် ငါးခြောက်ဟင်း
။ကျွန်မငယ်ငယ်က ပိန်းဥ အလွန်ကြိုက်ပါသည်။ပိန်းဥ ကြိုက်သူ ကျွန်မအတွက် ပိန်းကြက်ဥ စေးစေးလေးတွေ လည်း မပါမဖြစ်။ အမေနှင့် မောင်ငယ်လေးတွေအတွက် အမဲသား အသဲနှလုံး ဟင်းနှင့် အခြား ဟင်း အမယ်ပေါင်းများစွာ ချက်ထားတတ်သည်။
ထမင်းဝိုင်းမှာ စားကြပြီဟေ့ ဆိုလျှင် အဖွားကသူ့ပန်းကန်ထဲ အသဲတုံးလေး တစ်တုံး ထည့်လိုက် သွားနှင့် တဖဲ့ ကိုက်ပြီး ကျွန်မတို့ ပန်းကန်တွေထဲ လိုက်ထည့်ပေးလိုက်လုပ်တတ်သည်။
ရော့ …အသဲဖတ်လေး မြေး လေးတို့ စားဟုစေတနာကြီးရှာပေမယ့်
ထိုအချိန်ထဲကအဖွားက သွားလေးတွေ ကျိုးနေရှာပြီ။ကျွန်မတို့က ကလေးပီပီ အဖွားကိုက်ဖဲ့ ပြီးသား ဟင်းတုံးကြီးကို မစားလိုကြပေ။ တကယ်တော့ အဖွားရဲ့ မြေးတွေ အပေါ် ထားခဲ့သော မေတ္တာပုံရိပ်များပင်။
မနက်မိုးလင်းလျှင် အဖွားတို့အိမ်က လဘက်ရည် ဖျော်သည်။နွားနို့နှင့်ဖျော်သောလဘက်ရည် ထဲ ထန်းလျက် အညိုလေး ပါထည့်ဖျော်တတ်သည်။ကျွန်မတို့သည် ထန်းလျက် နှင့် လဘက်ရည်ကိုလည်း မသောက်တတ်ခဲ့ပါ။ကျွန်မ တို့မောင်နှမများသည် အဖိုးဖွင့်ထားသောရေဒီယိုမှ မြန်မာစံတော်ချိန်နံနက်ရှစ်နာရီထိုးပါပြီဆိုမှ ပင် အိပ်ရာထတတ်ပါသည်။ကျွန်မတို့ အိပ်ရာထချိန်ဆိုလျှင် အဖေတို့ အိမ်ရှေ့မှာ သီလရှင်လေး တွေ ဆွမ်းခံလာနေချိန်ဖြစ်သည်။အဖိုးသည် ဘင်္ဂါလီ အမျိုးသားကြီးဖြစ်ပေမယ့် သီလရှင်များကို ဆွမ်းဆန် အမြဲလောင်းသည်။
အိမ်ရှေ့ က ရေကန်ပေါ်မှာ ဆန် ထည့်သည့် ခွက်ကြီး အမြဲထားပြီး ကြုံသည့် သူက ဆွမ်းဆန် လောင်းပေးတတ်သည်။
အိပ်ရာနိုးလာလျှင် အဖွားက ငါ့ မြေးတွေအတွက် ပန်းတောင်းထမင်းသုပ် ဝယ်ထားတယ်ဟု ဆိုလျှင် ကျွန်မတို့တွေ ပြုံးပျော်မိကြသည်။
ကျွန်မတို့သည် ထန်းလျက်နှင့် လဘက်ရည် ကိုလည်း မသောက်တတ်။အဖေ့နှမ ကျွန်မအဒေါ်လို လဘက်ရည်ထဲ ကောက်ညင်းပေါင်းလည်း ထည့်မစား တတ်။
မနက်ခင်းမှာတစ်အိမ်လုံးစားတတ်သည့် ထမင်းကြမ်း နှင့် အသုပ် ကိုလည်း မစားတတ်။
ထိုအခါ အဖွားသည် ကျွန်မတို့အတွက် ပန်းတောင်း ထမင်းသုပ် ဝယ်ပေးထားရှာသည်။
တကယ်တော့ အထက်က အစားတွေ မစားချင်ဟု ​ဂျေးများမိသည်က ပန်းတောင်း ထမင်းသုပ် စားချင်၍ပင်။ ထမင်းသုပ်ထဲ သရက်သီးချဥ်လေးနှင့် အဖွား၏ အမဲခြောက်ဖုတ်လေးက လည်း မပါမဖြစ်ပေ။
နှစ်များစွာ ကြာသည့်အချိန်ထိ အဖွားရဲ့ အမဲခြောက်ဖုတ်နှင့် ပန်းတောင်းထမင်းသုပ်က မှတ်ဉာဏ်ထဲ စွဲလန်းမိနေဆဲပင်။
တလင်းနယ်ချိန်၊ ပဲလှေ့ချိန်ဆိုလျှင် ကွင်းထဲ မှာညမှောင်ချိန်ထိ အလုပ်လုပ်ကြသည်။
ကျွန်မတို့သည် တလင်းထဲ လိုက်ပြီး နွားလှည်းစီးရတာ ပျော်သည်။
ပေါင်းမိုးတပ်ထားသော လှည်းလေးထဲ တရေးတမော အိပ်ရတာ၊ ကောက်ရိုးပုံတွေပေါ် တက်ပြီး ကမြင်းရတာ ။ ထိုအရာတွေကြောင့်ပင် ကျောင်းပိတ်ပြီဆိုလျှင် အဖေ့အိမ်ကို သာ သွားချင်ကြသည်။
ကျွန်မတို့ရောက်သည့်ရက်တွေဆို အဖွားခမျာ နေ့လည်နေ့ခင်းလည်း မနားရရှာ။မြေးတွေ ကို စိတ်မချ၍ ခမောက်ကလေး တချပ်ဆောင်းပြီး အနောက် က တကောက်ကောက် လိုက်ရှာသည်။ သတိရတိုင်းလည်း ပါးစပ်က တဖွဖွ မှာသည် ။ မြေးတို့ တာလမ်းပေါ် မတက်နဲ့နော်..ကားတွေက ဥဒဟို ရယ်ဟု စိုးရိမ်ကြီးရှာသည်။
ထိုအချိန် ကတော့ ပန်းတောင်းမြို့ ဆိုတာ ကုန်စည် စီးဆင်းရာ အဓိ က လမ်းမဟုတ်လား။ နဝဒေး တံတား ဆောက်ပြီးချိန် မှာတော့ ကုန်ကားရော လူစီးကားများပါ လမ်းသစ်ကပင် သွားကြသည်မို့ ပန်းတောင်းသည် အမေ့ခံ မြို့ကလေး ဖြစ်သွားရှာသည်။
ကျွန်မတို့မောင်နှမများသည် အဘွားက တာလမ်းပေါ် မတတ်နှင့်ဟု ဆိုသော်လည်း လစ်လျှင် လမ်းပေါ်တက်သည်။အနီးအနားက စျေးဆိုင်တွေမှာ မုန့်သွားဝယ်ကြသည်။
အဖွား တို့အိမ်နောက်ဘက် လယ်ကွင်းတွေ နားမှာ ရေကန်အကြီးကြီး ရှိသည်။ထိုရေကန်ထဲ ရေနစ်သေသည့် ကလေး တွေရှိလို့ ထိုကန်ကို မသွားခိုင်းပေမယ့် ခိုးသွားကြသည်သာ။
ကန်ရေပြင် စိမ်းလဲ့လဲ့ မှာ ရေတွေတဝုန်းဝုန်းချိုးကြသည်။ရေချိုးပြီး ဝလျှင်
နောက်ဖေးအိမ်ကိုသွားပြီး သူတို့ကျွေးသမျှ စားကြသည်။နောက်ဖေး အိမ်ဆိုတာ အဖေ့ အစ်မနံပါတ် ခုနစ် အိမ်။အဖွား တို့ ခြံထဲ မှာပင် နောက်ဘက်မှာ ဆောက်ထားသည့်အိမ်မို့ နောက်ဖေး အိမ်ဟု အလွယ် ခေါ်ကြခြင်းဖြစ်သည်။
နေ့လည်ခင်း နောက်ဖေး အိမ်မှာ စတည်းချသလို ညဘက် ဆို စျေးဆိုင်အိမ်မှာ လူစုပြီး တီဗီကြည့်ကြသည်။စျေးဆိုင် ရှိသည့် အိမ်မို့ စျေးဆိုင်အိမ်ဟု ခေါ်လိုက်ကြပြန်သည်။
စျေးဆိုင်အိမ်က အဖေ့ အစ်မနံပါတ်ခြောက် အိမ်ဖြစ်သည်။
မီးမလာသည့်ညများမှာတော့ အဖေတို့အိမ်ခြံရှေ့က ခုံတန်းတွေပေါ်မှာ ထိုင်ကြသည်။ လသာည မို့ လရိပ်အောက်မှာ ထိုင်ပြီး ညီအစ်မတစ်တွေ ထွေရာလေးပါး ပြောကြသည်။အဖိုး ၏ အဟမ်း အဟင်းနှင့် ချောင်းဟန့် သံကြားမှပင် လူစုခွဲကြသည်။
ဒါတောင် အတူအိပ်သူများ က ခြင်ထောင်ထဲ တွတ်ထိုးနေကြပြန်သည်။
*****
ပြန်တွေးကြည့်မိတော့ အချိန်တွေပင် ရေတွက်ဖို့ ခက်သည်။
သတိရလိုက်သည့်အချိန်မှာ အဖိုး အဖွား တွေလည်း မရှိတော့။
ကျွန်မတို့သည် လည်း အဖေ့အိမ်ကို ငယ်ငယ်ကလို မကြာခန မရောက်တော့။
သာရေး/နာရေး အကြောင်းကြီးငယ်ရှိမှသာ ရောက်တော့သည်။
အခုတခေါက် အဖေ့အိမ်ရောက်သွားသည်ကတော့ နာရေး တစ်ခုကြောင့်ဖြစ်သည်။ အဖေ့ညီ နို့ညာ တစ်ယောက်၏ နာရေးဖြစ်သည်။ လွိုင်ကော်ကနေ မိဘ အိမ်မှာ ပြန်လာခေါင်းချသည့် ဦးလေး ၏ နာရေးမှာ အမျိုးတွေ အတော်စုံမိကြပေမယ့် မပျော်ရွှင်နိုင်ကြပါ။ဝေးကွာမှုတွေ က ကြာရှည်ကြာများမို့ ဆုံဆည်းရချိန်တွေက မှိုင်းညို့စိမ်းသက်လှသည်။အိမ်
ရှေ့ရောက်သည်နှင့်တွေ့ရသည့် အုတ်ရေကန် ကြီးကိုမြင်ရသည်ကပင် အထီးကျန် သော ခံစားမှု ဖြစ်ပေါ်စေသည်။
ကျွန်မသည် အိမ်ခါးပန်းများမှာ မြေဖြူဖြင့် ရေးခြစ်ထားသော ရက်စွဲတွေကို စိတ်မှတ်မဲ့ ငေးကြည့်မိသည်။
အဖွား ဆုံးသည့် ရက်..
အဖိုး ဆုံးသည့် ရက်…
ကချင်ပြည်နယ်က ဦးလေးအကြီးဆုံး ဆုံးသည့် ရက်…။
နောက် ထပ် ကိန်းဂဏာန်း များကတော့ ဖုန်းနံပါတ်များ ဖြစ်သည်။
အဝေးရောက် သားသမီး တို့၏ ဖုန်း နံပါတ် များက အိမ်ခါးပန်း မှာ မပျက်ပြယ် သေးပေမယ့် အဖိုး အဖွား တို့ကတော့ ထွက်ခွာ သွားတာ ကြာခဲ့ ချေပြီ။
ခုတော့ ..ဦးလေးငယ်၏နာရေး ရက်စွဲ တစ်ခုက အိမ်ခါးပန်းမှာထပ်တိုးခဲ့ပြီ။
တကျွိကျွိ မြည်နေသောလှေကားမှ အိမ်ပေါ်ထပ်သို့တက်ကြည့်သောအခါ ပင့်ကူမျှင်များရစ်ဖွဲ့နေသောအထီးကျန်အိပ်ခန်းလေးကို တွေ့လိုက်ရသည်။
အဖေတို့အိမ် အပေါ်ထပ်မှာ အခန်းတစ်ခု ရှိသည်။အဖိုး အဖွား တို့၏ သားတွေ သမီးတွေ အိမ်ထောင်ပြုပြီးချိန်တိုင်း ထိုအခန်းလေးမှာ အဦးအစ နေကြရသည်မို့မင်္ဂလာဦးအခန်းဟုပြောရပေမည်။။အချိန်တစ်ခု ရောက်မှသာ မိဘ အိမ်က ခွဲခွာပြီး တရပ်တကျေးတွေထွက်ခွာသွားသည်မို့ ထိုအခန်းလေးမှာ နေဖူးသူ အတော်များပါသည်။ကျွန်မတို့မိသားစုတွေ အိမ်အလည်ပြန်လာလျှင်လည်း ထို အခန်းလေးမှာ ပင် စုပြုံ တိုးဝှေ့ နေတတ်ကြသည်။
အခုတော့ ထိုအခန်းလေးကို တက်ကြည့်သူပင်မရှိတော့။မင်္ဂလာဦး အခန်းလေးသည်လည်း မေ့လျော့ခံဖြစ်သွားပေပြီ။
*****
နွေဦးရာသီ သရက်ကင်းပေါ်ချိန်ဆို အဖိုးနှင့်သူ၏ စိမ်းစားသရက်ပင်ကို သတိရမိသည်။အမျိုးတွေက သတိတရ ပို့ပေးလိုက်သော ပန်းတောင်းစိမ်းစားသရက်သီးများကို စားရတိုင်း ငယ်ငယ်က ခိုးစားခဲ့ရသော အရသာကို မမှီသလို ခံစားမိသည်။
ခရီးသွားရင်း လမ်းကြုံဝင်လို့ ပန်းတောင်းထမင်းသုပ်လေးစားမိတိုင်း အဖွားရဲ့ အမဲခြောက်ဖုတ်ကိုလည်း လွမ်းမိရပါသည်။မရတော့ဘူးဆိုမှထန်းလျက်နှင့် လဘက်ရည် ပူပူလေးကိုလည်းတမ်းတမိပြန်သည်။
တလင်းနယ်ချိန် ပဲလှေ့ချိန် ဆိုတာတွေကတော့ မရောက်ဖြစ်တာ ဆယ်စုနှစ် ပင်ကျော်ခဲ့ပြီ။
အဖိုး အဖွား တို့ မရှိကတည်းက လယ် အလုပ် ကိုင်း အလုပ် ဆိုတာကိုလည်း ဖိဖိစီးစီး လုပ်ကြသူများ မရှိကြတော့။
ချစ်ခင်ရသူတွေ တဖြည်းဖြည်း လျော့ပါးသွားမှတော့ ပြန်ရောက်ဖြစ်လျှင်ပင် အဖေ့အိမ်သည် သွေ့ခြောက် ညိုးနွမ်းလျက်။
ထိုခံစားမှုကို မခံစားလိုပေ။
****
အခုလို ညနေခင်းများဆိုလျှင် အဖေ့တို့အိမ်ဘေးက နွားတင်းကုပ်မှာ နွားချေးမီးတို့ ဖြင့် နွားမီးထည့်ထားတတ်သည်။ကျွန်မသည် နွား​ချေးကို ရွံပါသည်။ထင်းတုံးတွေနှင့် နွားချေးခြောက် ရောပြီး ထည့်ထားသော မီးဖိုမှ မီးခိုးနံ့ တွေကိုလည်း မခံနိုင်ပါ။
သို့သော်…ထိုနွားချေးခြောက် မီးခိုးနံ့ကပင် အဖေတို့ အိမ်၏ အမှတ်သညာ လိုမို့ အခုချိန် မှာတော့
ကျွန်မသည် နွားချေးခြောက် မီးခိုးနံ့ကိုပင် တ တမ်း တ တ ဖြစ်နေမိတော့သည်။

About The Author

greenness_mm

No Comments

Leave a Reply