မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အင်း

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အင်း

မရောက်ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ ၊ ငယ်စဉ်အခါက ကိုယ်နေခဲ့တဲ့ အင်းတော်မြို့လေးကို မနှစ်က ရောက်ဖြစ်ခဲ့တယ်။ အင်းတော်မြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက် စွန်းမှာရှိတဲ့ မြို့နယ်ဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့ မိုးညှင်းမြို့နယ်နဲ့ကပ်လျက် တည်ရှိတဲ့ မြို့နယ် ဖြစ်တယ်။ အင်း တော်မြို့မှာ အင်းတော်အင်းလို့ ဒေသခံတွေ ခေါ်ဆိုကြတဲ့ အင်းကြီးတစ်ခုလည်းရှိတယ်။
မြန်မာနိုင်ငံမှာကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်း‌တော်ကြီးကန်က အကြီးဆုံးဖြစ်ပြီး ဒုတိယအကြီးဆုံးက ရှမ်းပြည်နယ်ရှိ အင်းလေးကန် ဖြစ်တယ်။ တတိယအကြီးဆုံးကတော့ အင်းတော်မြို့နယ်က အင်းတော်အင်းပါ။
အင်းတော်အင်းကို တချို့တချို့သော စာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားတာကိုလည်း တွေ့ရှိ ဖတ်ရှု ဖူးတယ်။အင်းတော်ကြီးအင်းနဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားထားပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မန်လည်အင်းလို့ ခေါ်ဆိုတာကို မကြားရတော့ပါ။ အင်းတော်အင်းလို့ပဲ အများဆုံး ပြောဆို ရေး သားတာကို တွေ့ရပါတယ်။
မန်လည်ကတော့ အင်းတော်မြို့နယ်ရဲ့ နယ်နိမိတ်ထဲမှာ ပဲရှိတယ်။ မြန်မာရှင်ဘုရင် တွေ လက်ထက်ကတော့ မန်လည်ဟာ မြို့အနေနဲ့ တည်ရှိခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ အင်းတော်ဟာ ရွာ ပေါ့။ အင်္ဂလိပ် ကိုလိုနီခေတ်မှာ မီးရထားလမ်းတွေ ဖေါက်လုပ်ခဲ့ပြီး အင်းတော်မြို့ဘေးနားမှာ မီးရထားလမ်း ရှိလာပြီး မြို့ပိုင်ရုံး စိုက်ရာဒေသဖြစ်ခဲ့တယ်။ မန်လည်ကတော့ ကျေးရွာအဖြစ် တည်ရှိခဲ့တယ်။ မန်လည်က လည်း နာမည်ကျော်တဲ့ နေရာဒေသပါ။ လူသိများ ထင်ရှားတဲ့ နယ်မြေဖြစ်တယ်။ ‘ မဃဒေဝ လင်္ကာသစ် ‘ကို ရေးသားဖွဲ့ဆိုခဲ့တဲ့ မန်လည်ဆရာတော်ကြီး သီတင်းသုံးခဲ့ရာနေရာဒေသ ဖြစ်ပါတယ်။
မန်လည်အင်းလို့ ခေါ်ဆိုရေးသားခဲ့ကြတဲ့ အင်းတော်အင်းဟာ စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော် မြို့နယ်ထဲမှာ တည်ရှိနေတယ်။ အင်းတော်မြို့ရဲ့ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ကျမ်းစာတချို့မှာတော့ အဲဒီအင်းကို ရေနတ်နဂါးတွေ ဖွဲ့တည်ခဲ့တာလို့ ရေးသားထားတာ တွေ့ရတယ်။ မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန် စံတော့ မူပြီးတဲ့နောက် သာသနာသက္ကရာဇ် ၂၃၀ ပြည့်နှစ်မှာ အင်းဖွဲ့ခဲ့တာတဲ့၊ အင်းတော် အင်းဟာ ဟိုယခင်ကာလတွေကတော့ အလျား ၅ မိုင်၊ အနံ ၂ မိုင်ကျော်ရှည်လျားခဲ့တယ်လို့ ဆိုတယ်။
ယခု အချိန်မှာတော့ အလျား ၄ မိုင် နဲ့ အနံ တစ်မိုင်ကျော်ကျော်သာရှည်လျားပါတော့တယ်။ ရေအနက်ကလည်း အရင်က ပေ ၁၈၀ ရှိပေမယ့် ယခုတော့ ၁၅၀ ပဲရှိတော့တယ်။
အင်းကြီးရဲ့ ပုံသဏ္ဌာန်ကလည်း ကချင်ပြည်နယ်က အင်းတော်ကြီးအင်းနဲ့ မတူပါဘူး။ ဒယ်အိုးကြီး လှန်ထားသလို မတ်စောက်နေတယ်လို့ဆိုတယ်။ ဟိုအရင်တုန်းကတော့ အင်းကြီးကို ဗေဒါဒိုက်၊ မြက်ရဲဒိုက်ကြီး တွေနဲ့ ပိတ်ဖုံးနေတာ ဧကဝက်၊ တစ်ဧက နီးပါး ရှိနေခဲ့တယ်။ ကျွန်တော် ပြန်ရောက်သွားချိန်မှာတော့ အဲဒီလို ဒိုက်တွေနဲ့ ပိတ်ဖုံးနေတဲ့သဘာဝ ပတ်ဝန်းကျင်အနေအထားကို မတွေ့ရတော့ပါဘူး။
အင်းရဲ့ အရှေ့ ဘက်မှာ အင်းတော်မြို့၊ လက်ပံကုန်းရွာ၊ အင်းရွာတို့ ရှိကြတယ်။ အနောက်ဘက်မှာတော့ ပေပင်ရွာ ရှိတယ်။ တောင် ဘက်မှာတော့ နတ်မဟုတ်ကလေးရွာ၊ မုဆိုးမကုန်းဘုရားနဲ့ မြောက်ဘက်မှာတော့ သက္ကယ်ကျင်း ကျေးရွာတို့ ရှိတယ်။ အင်းရဲ့ အရှေ့ဘက်ကနေ စော်မော်ချောင်း၊ နားရခေါင်ချောင်း၊ ကြံတောချောင်းတွေဟာ နဘားချောင်း မှာ ပေါင်းဆုံပြီး အင်းထဲကို စီးဝင်တယ်။
အင်းရဲ့မြောက်ဘက် သက္ကယ်ကျင်း ရွာအနီးမှာ တောင်ကျချောင်းရှိပြီး မိုးတွင်းရောက်မှသာ အင်းထဲကို ရေစီးဝင်တယ်လို့ ဆိုတယ်။ အင်းရဲ့တောင်ဘက်( မုဆိုးမ ကုန်းဘုရားအနီး) ရေထွက်ပေါက်ကနေ နတ်မဟုတ်ကလေးရွာ၊ ဆည်ရွာတွေကိုဖြတ်ဆင်းကာ မဲဇာချောင်း( မြစ်လက်တက်) ကတစ်ဆင့် ဧရာဝတီ ( မြစ်မကြီး)အတွင်းကို စီးဝင်တယ်။
အင်း ရဲ့ အရှေ့ ဘက်ချောင်းဟောင်းစွယ်ကနေ အနောက်ဘက်ကမ်း ပေပင်ဘုန်းတော်ကြီးကျောင်း မုခ်ဦး( ဖျောက် ဆိပ်ပင်) အထိ တောင်ဘက်ပိုင်းကို အောင်အင်း အဖြစ် သတ်မှတ်ထားသတဲ့။ မြောက်ဘက်ပိုင်းကိုတော့ အထက်အင်း လို့ ခေါ်သတဲ့။ အင်းထဲမှာ ငါးအုံတုံ၊ငါးကြင်း၊ငါးသိုင်း၊ငါးဘတ်၊ ငါးဖယ်၊ ငါးဖန်းမ၊ငါးရံ့၊ ငါးမြင်း၊ ငါးခုံးမ၊ ငါးပြေမ၊ ငါးစင်စပ်၊ ဆလားဗီးယား စတဲ့ ငါးတွေ ရှိကြတယ်လို့ ဆိုတယ်။ အင်းထဲကရေကလည်း သန့်ရှင်းကြည်လင်ပါတယ်။ ကျွန်တော် တို့ ငယ်စဉ် အခါ အင်းတော်မြို့မှာ နေခဲ့စဉ် မြို့နဲ့ အင်းရေပြင်ဟာ အတော်လေး အလှမ်းဝေး ခဲ့တယ်။ မှတ်မိသေးရဲ့ ၊ နွေရာသီ ကျောင်းစာမေးပွဲတွေ ဖြေဆို ပြီးတဲ့ အချိန်မှာ ကျောင်းသူ၊ ကျောင်းသား တချို့ အင်းဘက်ကို ပျော်ပွဲစား ထွက်တတ်ကြတယ်။
မနှစ်က ကျွန်တော် ပြန်ရောက်သွားခဲ့တဲ့ အချိန်မှာတော့ အင်းရဲ့ အသွင်အပြင် အနေအထားဟာ အတော်က လေး ပြောင်းလဲနေတာကို တွေ့မြင်ရတယ်။ မြို့ ရဲ့ နယ်နိမိတ် ကို တိုးချဲ့ လိုက်တာကြောင့် အင်း နဲ့ မြို့ သိပ်ပြီး အလှမ်းမဝေးတော့ပါဘူး။ အင်းရဲ့ ပတ်ဝန်းကျင် နဘေးမှာလည်း ဟိုတုန်းက တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့တဲ့ အလှအပ ဖန်တီးထားမှုတွေ ကိုတွေ့ခဲ့တယ်။ အင်းရေပြင်နားကိုသွား ဖို့ ပေ၅၀၀ ခန့်ရှည်ပြီး အကျယ် ၉ ပေခန့် ရှိတဲ့ သစ်သားတံတား တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ တံတားနာမည်ကိုတော့ ဖြူစင်မေတ္တာ အေးသာယာ တံတား ‘ လို့ အမည်ပေးထားသတဲ့၊ ဒီ့ပြင် ဒီ့ပြင် အမြင်ဆန်းအောင် ဖန်တီးထားတာတွေ ကိုလည်း တွေ့ရပါတယ်။
လက်ကိုင် ကင်မရာ လေးတွေ နဲ့ ဓါတ်ပုံရိုက်နေတဲ့သူတွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ ကားလမ်းနဘေး မှာလည်း အကြော်ဆိုင်၊ငါးကင်ဆိုင် တွေလည်း ရှိနေတယ်၊ ဟိုတုန်းက လူသူ အရောက်အပေါက် နည်းပါးခဲ့ သလောက် ယခုအချိန်မှာတော့ အတော်ကလေး ကို လူစည်ကားနေတာတွေ့ခဲ့ရတယ်။
အင်းတော် မြို့နဲ့ ကပ်လျက်တည်ရှိတဲ့ ဗန်းမောက်မြို့နယ်မှာ ဇလုံတောင် ဆိုတာရှိတယ်။ ကျွန်တော်တို့ အင်းတော်မှာ နေခဲ့တုန်းကတော့ ဇလုံတောင်ဆိုတာ ကြားတောင် မကြားခဲ့ဖူးပါဘူး။ ယခုတော့ ဇလုံတောင် ဆိုတာ လူသိများထင်ရှားပြီး ဘုရားဖူး သွားလာသူတွေ နဲ့စည်ကားခဲ့တယ်။ ဇလုံတောင်ကနေ ဘုရားဖူးပြီး ပြန်လာကြတဲ့ ကားတချို့တလေ လည်း အင်းနဘေးမှာ ခဏတဖြုတ် ရပ်နားပြီး အင်းထဲဆင်းကာ အနားယူ အပန်းဖြေလေ့လာတာကိုတွေ့ရတယ်။
အင်းပတ်လည်မှာ ကျေးရွာ ( ၅) ရွာ၊အိမ်ခြေနဲ့ အိမ်ထောင်စု ( ၈၀၀) ခန့်ရှိတယ်။ လူဦးရေ ၅၀၀၀ လောက် အင်းကိုမှီပြီး အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ ငါးဖမ်းတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ကြတယ်။ အင်းတော် အင်း ပတ်လည်မှာ ရှိနေတဲ့ကျေးရွာတွေက တောင်သူလယ်သမား ၁၀၀၀ ကျော်ဟာ လယ်ယာကိုင်းစိုက်ပျိုးမြေ ဧက ၃၀၀၀ ခန့် မှာစိုက်ပျိုးခဲ့ကြတာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ လို့ဆိုတယ်။
အင်း ရေကျချိန် မှာစပါးစိုက်တယ်။ စပါးရိတ်သိမ်ပြီးတဲ့ အချိန်မှာပဲ မျိုးစုံ စိုက်ကြ ပျိုးကြတယ်။ စိုက်ပျိုး မြေတွေ များလာတော့ အင်းတော်အင်းအတွက် အင်းကောဖို့ ဖြစ်လာ တယ်။ တချို့ စိုက်ကြ ပျိုးကြသူတွေက ရေအောက်မှာ ငုတ်ရှည်တွေ ရိုက်တယ်။ ငုတ်အရင်းမှာ သစ်ခက် သစ်ရွက်တွေစုပုံ ချည်နှောင်ပြီး နုံးမြေရရှိ အောင် လုပ်ဆောင်တယ်။ အဲဒီအခါမှာလည်း အင်းကောသလို ဖြစ်ရပြန်တယ်။ အဲဒီလိုနဲ့ အင်းလည်း တဖြည်း ဖြည်းနဲ့ ကျုံ့ လာခဲ့ရတယ်တဲ့။ ဒီ့အပြင် မိုးရေ ရရှိမှု နည်းပါးလာပြီး အင်းထဲကို ရေဝင်ရောက်မှု နည်းပါးလာတဲ့ အခါ ချောင်းကောပြီး အင်းအနေအထား ကျုံ့ ဝင်ပြန်တယ်။
၂၀၁၂ ခုနှစ်က အင်းတော် အင်းပတ်ဝန်းကျင်ကို တာဝန်ရှိသူ အချို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြတယ်။ ရည်ရွယ်ချက်က ပြောင်းလဲ ပျက်စီးနေတာတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ ဖြစ်တယ်။ စစ်ဆေး တွေ့ရှိချက်တွေ ကတော့ အင်းတော်အင်း ဆက်လက် မတိမ်ကောစေဖို့အတွက် အရေးပေါ်အခြေအနေ ရောက်နေပြီ လို့ဆိုတယ်။ သက်ဆိုင်ရာ ဌာနတွေ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စား သူတွေ၊ ပညာရှင်တွေ၊ ရပ်မိရပ်ဖ တွေ အနေနဲ့ စောင့်ကြည့် လေ့လာနေသင့်ပြီလို့ ဆိုတယ်။ ပြီးတော့ အခါအားလျော်စွာ သတင်းထုတ်ပြန် သင့် တယ် တဲ့။ သတ်မှတ်ထားတဲ့ ငါးဖမ်းကာလမှာသာ ငါးတွေကို ဖမ်းဆီး ဖို့၊ အင်းအတွင်း လာရောက် ကျက်စားတဲ့ ကျေးငှက်တွေကိုလည်း သတ်ဖြတ် စားသောက်ခြင်း မပြုဖို့ အကြံပြုခဲ့တယ်။ ဒီ့အပြင် အင်းတော်ချောင်း ကမ်း ဘေးမှာ အမှိုက်သရိုက်တွေ မပစ်ဖို့၊ စပါးခွံတွေ စုပုံခြင်း မပြုဖို့လည်းလိုတယ်လို့ ဆိုတယ်။ အဲဒါတွေကို ထိရောက်စွာ ပိတ်ပင်တားဆီး ရမှာ ဖြစ်တယ်။
အင်းတော် အင်းကို ထိမ်းသိမ်းစောင့်ရှောက်ဖို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ Environmental Association ( Indaw) ( Save The Indawb Lake) အဖွဲ့က ဦးဆောင်ပြီး အင်းတော်ချောင်း တလျောက် ဝဲယာမှာ သစ်ပင်တွေ စိုက်ကြတဲ့သတင်းကို ကြားသိရတယ်။ အင်းတော် အင်းထဲမှာ ရှားပါးငှက်မျိုးစိတ်တွေ၊ ရေနေ သတ္တဝါ မျိုးစုံတွေ ကျက်စား နေထိုင် ခိုလှုံ နေကြတယ် ။ တောတောင် သဘာဝရှုခင်းတွေနဲ့လည်း သာယာ လှပ နေတဲ့ နေရာတစ်ခု ဖြစ်တယ်။ အင်းတော်အင်းကို ကောင်းမွန်စွာ အသုံးပြုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ် ဆောင် နိုင်တယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း မျက်ခြေမပျက်သင့်ဘူး လို့ ထင်မြင် ယူဆမိပါတော့တယ်။ ။
သူရထိုက်

About The Author

greenness_mm

No Comments

Leave a Reply