ကမ္ဘာကျော်ပေမယ့် မြန်မာ မကျော်တဲ့ မြန်မာ့သိပ္ပံပညာရှင် ဆရာကြီး ဦးဘမော်

ကမ္ဘာကျော်ပေမယ့် မြန်မာ မကျော်တဲ့ မြန်မာ့သိပ္ပံပညာရှင် ဆရာကြီး ဦးဘမော်

ဆရာဦးဘမော်ဟာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပုံတောင်ဂျီဟားလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း၄၀က လူသားရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း မေးရိုးကို စတင် ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှု အပါအ၀င် ဆရာ့ရဲ့ အခြားသော ရှာဖွေတွေ့ရှိမှုတွေကလည်း အနောက်တိုင်းသား ပညာရှင်များရဲ့ သီအိုရီအချို့မှာ ပြတ်နေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့တာကို ရှိသလို အချို့သီအိုရီတွေကိုတော့ ပြောင်းပြန် လှန်ပစ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဆရာဦးဘမော် မုံရွာခရိုင်၊ ကြာပိုင်ရွာမှာ ကိုလိုနီ-ဂျပန်ခေတ်များအတွင်း လယ်သမားမိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး မုံရွာမြို့မှာ အထက်တန်းပညာ သင်ကြားပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်ပညာသင်ပြီးတဲ့နောက် ဘူမိဗေဒပညာရပ်ကို သင်ကြားပေးမယ့်သူ မရှိတာမို့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။
၁၉၆၀ခုနှစ်မှာ B.Sc. ဘွဲ့ရခဲ့ပြီး ၁၉၆၈ခုနှစ်မှာ M.Sc. ဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၆၅-၆၆ ပညာသင်နှစ်မှာ မကွေးကောလိပ်၊ ဘူမိဗေဒဌာနမှူးအဖြစ် တာ၀န် ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ ဆက်လက်တာ၀န်ထမ်းဆောင်ခဲ့သူပါ။
ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ပတ်သက်လို့ ဆရာရှာဖွေတွေ့ရှိခဲ့တာတွေ အမြောက်အမြားရှိသလို စာတမ်းပေါင်း၁၀၀ကျော်ကိုလဲ ပြုစုရေးသားခဲ့သူ ဖြစ်ပါတယ်။ ပုံတောင်ဒေသမှ လူကျောက်ဖြစ်ရုပ်ကြွင်း၊ မကွေးဒေသမှ ဆင်ကျောက်ဖြစ်ရုပ်ကြွင်း၊ သာစည်ဒေသမှ မြင်းကျောက်ဖြစ်ရုပ်ကြွင်း စတာတွေကို သုတေသနပြု လေ့လာခဲ့တာပါ။
အထင်ရှားဆုံးဖြစ်တဲ့ ပုံတောင်ဒေသမှ လူကျောက်ဖြစ်ရုပ်ကြွင်းကို အမေရိကန်မှ Dr.RL Ciochol (ဒေါက်တာစီ ရဟန်း)နဲ့အတူ သုတေသနပြုရင်း ၁၉၇၆ခုနှစ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း၄၀မှ လူကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ယခင်က အစောဆုံးလို့ ယူဆထားခဲ့ကြတဲ့ အာဖရိကမှ ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း၂၈သန်းသာ သက်တမ်းရှိပြီး ပုံတောင်မှ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ နှစ်သန်းပေါင်း၄၀သက်တမ်းရှိတာမို့ ကမ္ဘာ့ပညာရှင်လောကမှာ အုံးအုံးကြွက်ကြွက် ဖြစ်သွားစေခဲ့တဲ့ ရှာဖွေတွေ့ရှိမှုပါပဲ။ (ယခု နေပြည်တော် အမျိုးသားပြတိုက်မှာ ပြသထားတယ်လို့ ဆိုပါတယ်။)
ဒီရှာဖွေတွေ့ရှိမှုကို စာတမ်းရေးပြီး ကမ္ဘာကျော် Scienceဂျာနယ်မှာ Cover Storyအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းအပြင် အခြားသော အဆင့်နိမ့်လူတူကျောက်ဖြစ်ရုပ်ကြွင်း၊ အဆင့်မြင့်လူတူကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလဲ အများအပြားထပ်မံရှာဖွေတွေ့ရှိခဲ့တာပါ။
ဒီရှာဖွေတွေ့ရှိမှုတွေကြောင့် နိုင်ငံတကာမှ မနုဿဗေဒပါမောက္ခ၄၀ကျော်မှ ချီးကျူးဂုဏ်ပြုစာကို လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ကြပါတယ်။ ချားလ်စ်ဒါ၀င်ရဲ့ Evolution Theoryမှာ ပျောက်ဆုံးနေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့သလို အနောက်တိုင်းသားပညာရှင်တွေရဲ့ မြန်မာတွေဟာ မွန်ဂိုလီယား တောင်ပေါ်ဒေသကနေ မြေပြန့်ကို ဆင်းလာတယ်ဆိုတဲ့ Migration Theory (လူသားများ တစ်နေရာ မှ တစ်နေရာသို့ ပြောင်းရွှေ့လာခြင်း အယူအဆ)ကို ပျက်ပြယ်သွားစေခဲ့ပြီး ဒီကနေမှ လူတွေပြန့်သွားတယ်ဆိုတဲ့ Divergent Theory (ခွဲဖြာထွက်ခြင်းအယူအဆ)ကို အသစ်ရေးသားနိုင်ခဲ့ပါတယ်။
သာစည်ဒေသမှ မြင်းကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သက်လို့လည်း အနောက်တိုင်းသားတွေရဲ့ အယူအဆအချို့ ပျက်ပြယ်သွားခဲ့ရပြန်ပါတယ်။ ဥရောပတိုက်သားတွေဟာ အာရှမှာ အရင်က မြင်းမရှိဘူးလို့ ယူဆခဲ့ကြတာဖြစ်ပြီး ဆရာဦးဘမော်ဟာ သာစည်နယ်မှ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄ သန်းက မြင်းရဲ့ မေးရိုးနဲ့သွားကို ရှာဖွေတွေ့ရှိခဲ့ပြီး စာတမ်းရေးသား တင်ပြခဲ့တာကြောင့် ဥရောပတိုက်သားတွေရဲ့ အယူအဆ ပျက်ပြယ်သွားခဲ့ရတာပါ။
ဆရာ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ စာတမ်းအစောင်စောင်ကြောင့် ဆရာဟာ ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ ဘူမိဗေဒပညာရှင်အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဆရာဦးဘမော်ကို ကိန်းဘရစ်တက္ကသိုလ်က International Man of the Year အဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်သတ်မှတ်ခဲ့သလို နိုင်ငံတကာ အတ္ထုပ္ပတ္တိမှတ်တမ်းပြုစုရာမှာ ထည့်သွင်း ခံခဲ့ရပါတယ်။ အမေရိကန် ပြည်ထောင်စု Smitsonian Instituteမှ 50 Great Man of 21 Century စာရင်းထဲမှာ သူ့ကို ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ ထင်ရှားတဲ့ သိပ္ပံဂျာနယ်တွေ ဖြစ်တဲ့ Nature တို့ Science တို့လိုနေရာ တွေမှာ ဆရာဦးဘမော်က သုတေသနဆောင်းပါးတွေ ရေးသားတာမို့ နိုင်ငံတကာကထိပ်တန်းသိပ္ပံ ပညာရှင်လောကက လေးစားအသိအမှတ်ပြု ခံခဲ့ရပါတယ်။
(နိုင်ငံခြားသားပညာရှင်များနဲ့အတူ သုတေသနပြုလုပ်ခဲ့ပြီး ကမ္ဘာကျော်တဲ့ရှာဖွေမှုကို ဖော်ထုတ်နိုင်မှုအတွက် ဆရာကြီးရခဲ့တဲ့ ရလဒ်ကတော့ အဲဒီအချိန် အစိုးရရဲ့ ရာထူးချ ဖိနှိပ်အရေးယူခံရမှုပါ။ အထက်ရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပပညာရှင်တွေနဲ့ တွေ့ဆုံ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ မူဝါဒနဲ့ ငြိစွန်းလို့ပါတဲ့။ ဆရာကြီးဟာ ပြီးခဲ့တဲ့ရက် ၁၈.၂.၂၀၁၈ ခုနှစ်က ဗန်းမော်မြို့မှာ ကွယ်လွန်သွားခဲ့ပါပြီ)
crd:
မူရင်း ရေးသားသူ – မင်းအရိပ်(ရောင်စုံအခန်းငယ်)

About The Author

greenness_mm

No Comments

Leave a Reply