အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

မြန်မာနိုင်ငံက ဒေသတချို့မှာ အခု ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမို မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ် မေ့မျောသူတွေ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က မန္တလေးမြို့၊ ၂၆×၉၂ လမ်းရှိ သင်္ဂဇာချောင်း အရှေ့ဘက်လမ်းမှာ အသက် ၈၀ ဝန်းကျင်ခန့် အမျိုးသားကြီးတယောက် ရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်သုခအသင်း (မန္တလေး) မှ သိရပါတယ်။
“ချောင်းဘေးမှာ အပေါ့သွားနေတုန်း ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကျပြီး သေဆုံးခဲ့တာပါ။ ရာသီဥတု အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သက်ကြီးရွယ်အို ကလေးငယ်တွေအတွက် အထူးဂရုစိုက်ပေးကြပါ” လို့ အဲဒီအသင်းက ပြောကြားထားပါတယ်။
ဧပြီ ၃ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဘူတာကြီးဘေး ကားမှတ်တိုင်မှာ အမျိုးသားတယောက် မူးလဲကျပြီး လဲကျတဲ့အရှိန်ကြောင့် ဦးခေါင်းထိခိုက်တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ လင်းလက်လူမှုကူညီရေးအသင်းက သိရပါတယ်။
အလားတူ ဧပြီ ၄ ရက်နေ့၊ ညနေပိုင်းကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်မှာ အပူဒဏ်ကြောင့် သတိလစ်နေသူ တယောက်ကို အလုံမြို့နယ် ကြက်ခြေနီအသင်း
ခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်တွေက ရှေးဦးပြုစုပြီး ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အဲ့ဒီ့ကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ကြက်ခြေနီလူနာတင်ယာဥ်နဲ့ ပို့ဆောင် ကူညီခဲ့တယ်လို့ သိရပါတယ်။
“အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးက ၅၇ ကားမှတ်တိုင်မှာ ဖြစ်တာပါ။ ဖြစ်တဲ့သူကတော့ အမျိုးသား တယောက်ပဲ။ အသက် ၃၀ ကျော်လောက်ရှိမယ်။ ဧပြီ ၄ ရက်၊ ညနေ ၃ နာရီခွဲလောက်ကပေါ့။ သူက ကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ သတိလစ်သွားတာ။ ကားပေါ်မှာက အဲယားကွန်းဖွင့်ထားတယ်လေ။ ကားပေါ်ကလည်း ဆင်းရော အပြင်မှာ နေတအားပူနေတော့ Heat Stroke (အပူဒဏ်ကြောင့် သတိလစ်ခြင်း) ရသွားတာ” လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ မကွေးမြို့၊ အောင်စေတနာရပ်ကွက်၊ အေအုပ်စု၊ ၅ လမ်းထိပ်မှာလည်း ဧပြီ ၄ ရက်၊ နေ့လယ် ၁ နာရီ ၃၅ မိနစ်လောက်က အသက် ၂၀ ကျော်အရွယ် အမျိုးသား တဦး လမ်းသွားနေရင်း ပစ်လဲကျ သတိလစ်သွားတာကြောင့် မကွေးဆေးရုံကြီး အရေးပေါ်ဌာနကို ကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ပြီးခဲ့တဲ့ မတ်လအတွင်းက ရောဂါအခံရှိတဲ့ အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးနှစ်ဦး အပူဒဏ်ကြောင့် နေအိမ်အတွင်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်နှစ်ခု ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒေသတွင်း လူမှုရေးအသင်းတွေဆီက ရရှိတဲ့ အချက်အလက်တွေအရ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်မှ ၃၁ ရက်အတွင်း အပူဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံပို့ပေးလိုက်ရသူ အယောက် ၂၀ ထက်မနည်း ရှိခဲ့ပြီး အချိန်မီ ကူညီလိုက်နိုင်တဲ့အတွက်ကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ လက်ရှိ ပုံမှန်ထက် ပိုမိုတဲ့ အပူဒဏ်ကို ခံစားနေကြရပြီး အထူးသဖြင့် ဧပြီလ ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်တို့မှာ အပူလှိုင်းဖြတ်မယ့် အခြေအနေမျိုး ရှိနေတယ်လို့ ပြည်တွင်း၊ ပြည်ပ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအတွင်း မန္တလေး၊ နေပြည်တော်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေ့အပူချိန်တွေ ဆက်လက် တိုးလာနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်တယ်လို့ သိရပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ ဧပြီ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ထူးခြားတဲ့ နေ့အပူချိန်တွေအနေနဲ့ ချောက်မြို့မှာ ၄၇ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးနဲ့ မကွေးမြို့တို့မှာ ၄၅ ဒီဂရီဆဲလ်စီးယပ်စီနဲ့ စစ်ကိုင်း၊ မြင်းခြံ၊ တံတားဦး (လေကြောင်းမိုးလေဝသ)၊ မင်းဘူး၊ အောင်လံ၊ တောင်တွင်းကြီး၊ ဂန့်ဂေါနဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ ၄၄ ဒီဂရီဆဲလ်စီးယပ်စီ၊ ရွှေဘို၊ မုံရွာ၊ မြင်းမူ၊ မန္တလေး၊ သာစည် (လှိုင်းတက်) နဲ့ ပခုက္ကူမြို့တို့မှာ ၄၃ ဒီဂရီဆဲလ်စီးယပ်စီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်အရ နေ့အပူအချိန် စံချိန်သစ်တင်တဲ့ ဒေသတွေကတော့ ချောက်၊ ညောင်ဦး၊ ဟဲဟိုးနဲ့ လွိုင်လင်မြို့နယ်တို့ဖြစ်တယ်လို့ သိရပြီး ဧပြီလ ၆ ရက်မှာ ချောက်မြို့ရဲ့ နေ့အပူချိန်ဟာ ၄၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၁၉၇၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နေ့အပူချိန်ကတော့
၄၇ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ညောင်ဦးမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ ဧပြီလ ၆ ရက်မှာ ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၅၉ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့၊ နေ့အပူချိန်ကတော့ ၄၅ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ဟဲဟိုးမြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ ဧပြီလ ၆ ရက်မှာ ၃၇ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၄၅ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့၊ နေ့အပူချိန်ကတော့ ၃၇ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
လွိုင်လင်မြို့ရဲ့ နေ့အပူချိန် စံချိန်သစ်ကတော့ ဧပြီလ ၆ ရက်မှာ ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် ဖြစ်ကာ နှစ်ပေါင်း ၅၇ အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ပြီး အရင် စံချိန်ကျိုးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နေ့အပူချိန်ကတော့ ၃၆ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် ဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ရန်ကုန်မြို့ဟာ နေ့အပူချိန် အမြင့်ဆုံးဒေသ ၃၀ ကျော်မှာ ပါဝင်ပြီး ၄၀ ဒီဂရီဆဲလ်ဆီးယပ်အထက်နဲ့ ၄၀ ဒီဂရီ၊ ၃၉ ဒီဂရီတို့မှာ ရှိနေတဲ့အတွက် အပူဒဏ်ကြောင့် သတိလစ်ခြင်း၊အပူလျှပ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းတွေ မဖြစ်အောင် သတိပြု ကာကွယ်ကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။
အပူဒဏ်ကို အထူးသတိပြုရမယ့်သူတွေကတော့ သက်ကြီးဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူတွေ)၊ ကာယလုပ်သားတွေ၊ အားကစားသမားတွေ၊ ဝလွန်းသောသူတွေ၊ အရက်စွဲသောသူတွေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေ အထူးသတိပြုရမယ်လို့ ဝန်ကြီးဌာနမှ အသိပေးထားပါတယ်။
ဒါ့အပြင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ကြောင့် ဂနာမငြိမ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်းနဲ့ နုံးချိပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတွေကို သတိပြုဖို့ကိုလည်း အသိပေးထားပါတယ်။
အဲ့ဒီ့လိုပဲ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ကြောင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်လာခြင်း၊ အရေပြားပူပြီး ခြောက်သွေ့ခြင်း (ဒါမှမဟုတ်) ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနဲ့ သတိလစ်ခြင်း၊ တက်ခြင်းတို့ကိုလည်း သတိပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
Heat Stroke နဲ့ပတ်သက်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက “Heat Stroke ရဲ့ အဓိပ္ပာယ်က Heat က အပူချိန်၊ Stroke က လေဖြတ်တာပေါ့။ ပုံမှန်ထက် သာလွန်တဲ့ အပူချိန်ရပြီးတော့ လူ့ခန္ဓာကိုယ်က လေဖြတ်သွားတဲ့ ပုံစံမျိုး၊ သတိလစ်သွားတတ်တဲ့ ပုံစံမျိုးပါ။ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုသွားပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အပူချိန်တွေကို မထိန်းညှိနိုင်တော့တဲ့အတွက်ကို လူ့ခန္ဓာကိုယ်က တက်တာ၊ သတိလစ်တာ စတဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တာကို Heat Stroke လို့ သတ်မှတ်တာပါ။
လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိတယ်။ ကျွန်တော်တို့ဆို ပုံမှန် body temperature ၉၈ ဒီဂရီဖာရင်ဟိုက်ပေါ့နော်။ ၉၉ ဆို ပုံမှန်ဆိုရင်တောင် ဖျားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီ့အချိန်မှာ ရုတ်တရက်ကြီး အပူချိန်မြင့်တက်သွားတယ်။ ၁၀၄ ၊ ၁၀၅ လောက် ဖြစ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကိုမထိန်းညှိနိုင်တော့ဘူး။ အဲ့ဒီ့အချိန်မှာ Heat Stroke ရဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ” လို့ ပြောပါတယ်။
Heat Stroke မဖြစ်အောင် ကာကွယ်ဖို့အတွက် နေရောင်အောက်မှာ တနေကုန် အလုပ်လုပ်တာကို ရှောင်ကြဥ်သင့်ပြီး နေရောင်အောက်မှာ လုပ်ကို လုပ်ရမယ့်အလုပ် ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရမယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ တွေ ဝတ်ဖို့ လိုအပ်ပြီး အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (ဒါမှမဟုတ်) အရောင်ဖျော့ဖျော့လေးတွေ ဝတ်သင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တခုခုဆောင်းဖို့လည်း လိုအပ်ပြီး အရမ်းပူတဲ့ အချိန် (အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။
နောက်ထပ် အရေးကြီးဆုံးတချက်ကတော့ ရေများများသောက်ပေးဖို့ဖြစ်ပြီး ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် အပူဒဏ်ကြောင့် သတိလစ်ခြင်း ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးသလို နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း ရေနဲ့ ဓာတ်ဆားတွေကို ဆောင်ထားပြီး သတိတရ သောက်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
Heat Stroke ဖြစ်နိုင်ချေရှိသူတွေအနေနဲ့ အခုလို အပူချိန်တွေ မြင့်တက်နေတဲ့ကာလမှာ ပိုမို သတိပြု ဆင်ခြင်ရမှာဖြစ်ပြီး ကိုယ့်နားမှာ လေဝင်လေထွက် ရှိနေဖို့လည်း အရေးကြီးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၁ နာရီကို ရေအေး သုံးလေးခွက်လောက် သောက်ပေးသင့်သလို ဆားနဲ့ သတ္တုဓာတ်တွေပါတဲ့ အချိုရည်တွေလည်း သောက်ပေးလို့ရပြီး ပါးလွှာတဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ကာ နေရောင်ကာခရင်မ်တွေ လိမ်းပြီး နေအေးတဲ့အချိန်မှသာ အပြင်ထွက်သင့်တယ်လို့ သိရပါတယ်။
Heat Stroke လူနာကို ပြုစုတဲ့အခါ သီးစုံဓာတ်ဆား လုံးဝ မတိုက်သင့်တဲ့အပြင် အားဖြည့်အချိုရည်တွေဖြစ်တဲ့ Shark၊ ကျွဲရိုင်း၊ ကော်ဖီ၊ အရက်၊ Burn၊ Speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ဘဲ ဒီအရာတွေက အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေနိုင်တယ်လို့ သိရပါတယ်။
Photo: နိဗ္ဗာန်သုခအသင်း

About The Author

greenness_mm

No Comments

Leave a Reply