ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ် သြဂုတ်လ(၁၂) ရက်နေ့တွင် ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းတို့၏နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန် အတွက် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် ရည်ရွယ်ကျင်းပကြပါသည်။
ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုးရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက်သတ္တဝါများထဲတွင် အကြီးမားဆုံးသောသတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန်မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်း(၂၀) ခန့်က ကျင်လည်ကျက်စားခဲ့သည့်နေရာများကိုပင် ပြန်လည်၍ ကျင်လည်ကျက်စားနိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ကြပါသည်။
ဆင်သွားလျှင်လမ်းဖြစ်သည်ဆိုသည့် စကားအတိုင်း သဘာဝတောတွင်း ဆင်များသွား သည့်စွပ်ကြောင်းများကိုပင် အခြားသော သတ္တဝါများမှ လမ်းဖြစ် အသုံးပြုနိုင်သည့်အပြင် ဆင်သွားရာလမ်းတွင် ဆင်များစားသောက်၍ ကျန်ရှိသည့် သစ်ခက်၊ သစ်ကိုင်းများနှင့် သစ်သီး များကိုလည်း အခြားသောသတ္တဝါများမှ စာသုံးနိုင်သည့်အတွက် အခြားသောမျိုးစိတ်များ အပေါ် တွင် များစွာအကျိုးသက်ရောက်သည့် မျိုးစိတ်ဖြစ်သည့်အတွက် ယင်းမျိုးစိတ်တည်ရှိမှုသည် အခြားမျိုးစိတ်များတည်ရှိမှုနှင့် ဂေဟဗေဒဆိုင်ရာလုပ်ငန်းစဉ်များကို များစွာသက်ရောက်သော မျိုးစိတ်ဖြစ်သည့်အပြင် မျိုးစိတ်အပေါ်မူတည်၍ အခြားမျိုးစိတ်များ မှီတည်ရှင်သန်ရခြင်းဖြင့် လည်းကောင်း အကျိုးသက်ရောက်သည့်အတွက် (Keystone Species) ဟု တင်စားခေါ်ဆိုကြ ပါသည်။
ဆင်တို့သည့် အသီးအရွက်မျိုးစုံနှင့် အသီးမျိုးစုံကိုစားသုံးသဖြင့် ဆင်မစင်များမှနေ၍ အပင်မျိုးစုံ ပေါက်ရောက်နိုင်သဖြင့် မျိုးစေ့များကို ဖြန့်ကျဲသူ(Seed dispersal) အဖြစ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်နိုင်သည့်အပြင် သဘာဝတော များကို ဖန်တီးနိုင်သည့် ဖန်တီးရှင်မျိုးစိတ်လည်း ဖြစ်ပါသည်။
ယခုအခါ ဆင်များကို အစွယ်၊ အရိုး၊ အရေခွံရလိုမှုအတွက် တရားမဝင်အမဲလိုက်ခြင်း၊ ကျက်စားရာ နေရင်းဒေသများ ပျောက်ဆုံးလာခြင်းတို့ကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရပါသည်။
သို့ဖြစ်ပါ၍ သဘာဝဂေဟစနစ်တွင် လွန်စွာအရေးပါသည့် ဆင်များအား မျိုးသုဉ်း မပျောက်ကွယ်စေရေး အချိန်မီ ထိန်းသိမ်းရန် လိုအပ်လျက်ရှိပြီး၊ မိမိတို့ တိရစ္ဆာန်ဥယျာဉ်များ တွင်လည်း အာရှဆင်များ မျိုးသုဉ်းမပျောက်ကွယ်စေရေးအတွက် ထိန်းသိမ်းမွေးမြူ စောင့်ရှောက်လျက်ရှိပါကြောင်း ကမ္ဘာဆင်များနေ့တွင် ထိန်းသိမ်းရေးအသိ အစဉ်မြဲရှိစေရန် သတိပေး လိုက်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply