ကမ္ဘာ့အပင်လောကရဲ့ ဇီ၀မျိုးကွဲ ရတနာသိုက်ကျွန်း

ကမ္ဘာ့အပင်လောကရဲ့ ဇီ၀မျိုးကွဲ ရတနာသိုက်ကျွန်း

ကမ္ဘာပေါ်မှာတွေ့ရှိပြီးတဲ့ အန်ဂျီယိုစပမ်းလို့ ခေါ်တဲ့ အပွင့်ဆောင်ပင်ပဲပြောပြော အစေ့ဝှက်ပင်လို့ပဲပြောပြော မျိုးစိတ်တွေက သိန်းပေါင်းများစွာရှိနေပါတယ်။ ကုန်းနေ အပွင့်ဆောင်ပင် တွေက မျိုးခွဲ ၆၄ မျိုးရှိပြီး အဲ့ဒိက ခွဲလိုက်ရင် မျိုးရင်း ၄၁၆ မျိုးထွက်လာပါတယ်။ အဲ့ဒိထဲကမှမျိုးစု ၁၃၀၀၀ ကျော်ဆင်း သက်လာပြီး မျိုးစိတ်အားဖြင့် ၃သိန်းကျော်သွားပါပြီ။ အန်ဂျီယိုစပမ်းတွေက အစာကြောရှိတဲ့ အပင်တွေဖြစ်ပြီး အမြစ်ပင်စည် အရွက် အင်္ဂါအပြည့်အစုံရှိပါတယ်။ အသီးနဲ့ အစေ့က အပွင့်ကနေဖြစ်လာပြီး အစေ့က အသီးထဲမှာ မြုပ်နေလို့လို့ အစေ့ဝှက်ပင်လို့ခေါ်တာပါ။

အပင်လောက မှာ ရေညှိ၊ မှို မျိုးတွေကနေစပြီး ထင်းရှုးတို့ ဆိုက်ပရက်တို့လို ဂျင်မနိုစပမ်းတို့ ဘုံအမြင့်ဆုံးဖြစ်တဲ့ အန်ဂျီယိုစပမ်းတို့ ကို တော်တော်များများစုံအောင်တွေ့ နိုင်တဲ့ကျွန်းကတော့ ပါပူဝါနယူဂီနီ ကျွန်းပါပဲလို့ ကမ္ဘာ့သုတေသီတွေက လက်ရှိနောက်ဆုံး သုတေသနအရ သိရပါတယ်။ လေ့လာသူတွေက ကျွန်းပေါ်မှာ အကွက်ရိုက်ပြီး အပင်မျိုးတွေကို ရေတွက်ကြည့်တဲ့အခါမှာ မျိုးစိတ် ၁၄၀၀၀ကျော်ကို တွေ့ခဲ့ရပါတယ်။ သူတို့က အပင်တွေကို စာရင်းကောက်ပြီးနောက် မျိုးစိတ်တွေ မျိုးစုတွေ နဲ့ မျိုးရင်းတွေခွဲပြီး မှတ်သားခဲ့ကြပါတယ်။ အဲ့ဒိစာရင်းရလဒ်က သစ်တောထိန်းသိမ်းရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အချက်အလက် တွေကို ပေးခဲ့တာနဲ့ အတူတူပါပဲ။ အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ မှတ်တမ်းမှတ်ရာ ထားဖို့အတွက် အချက် အလက်တွေကို ရရှိနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လူတွေ မသိလိုက်ဘဲ ပျောက်ကွယ်သွားတတ်တဲ့ အပင်မျိုးစိတ် တွေရှိပါတယ်။ ဒေသခံဆေးဆရာတွေ နဲ့ နတ်ဆရာတွေက မှတ်တမ်းပြုခဲ့တဲ့ အချို့သော မျိုးစိတ်တွေဆိုရင် ကြားသာကြားဖူးတယ် မူရင်းဒေသမှာတောင် ပျောက်ကွယ်ကုန်တာတွေရှိပါတယ်။

နယူဂီနီကျွန်းက ဆွစ်ဇာလန်နိုင်ငံထက် အဆ ၂၀ပိုကျယ်ပြီး ကမ္ဘာအကြီးဆုံး အပူပိုင်းဒေသ ကျွန်းဖြစ်ပါတယ်။ ကျွန်းကြီးတစ်ခုလုံးမှာ ရှုတ်ထွေးတဲ့ ဂေဟစနစ်တွေရှိနေပြီး မြေနိမ့်ပိုင်းဒေသ သစ်တောတွေကနေစပြီး တောင်မြင့် မြက်ခင်းလွင်ပြင်တွေ အထိပါ၀င်ပါတယ်။ မောင့်ဘလန့်လိုတောင်မျိုးရဲ့ တောင်ထိပ်ပိုင်း အရပ် သဘာဝပေါက်ပင်တွေအထိ တွေ့ရပါတယ်။ ရုက္ခဗေဒပညာရှင်တွေက အဲ့ဒိ အပင်မျိုးကွဲပေါင်းစုံရှိတဲ့ အဲ့ဒိကျွန်းရဲ့ ရတနာသိုက်ရှိနေတာကို သိနေခဲ့တာကြာပါပြီ။

တောရိုင်းပင်တွေကို မှတ်တမ်းပြုဖို့အတွက် ပြင်ဆင်ရင်းနဲ့ မအောင်မမြင်ဖြစ်နေခဲ့ကြပါတယ်။ နောက်ဆုံးမှာ တော့ အပင်တွေကို စာရင်းကောက်ဖို့ သုတေသီတွေ ဖြစ်သလိုကြိုးစားကြမယ်ဆိုပြီး လုပ်ခဲ့ရာမှာ အခုတော့ အသီးအပွင့်ကို ခံစားရပါပြီ။ မျိုးစိတ်သစ် ထောင်နဲ့ ချီပြီး အမည်ပေးနိုင်ခဲ့ပါတယ်။ ၁၇ရာစုလောက်ကနေ စပြီး စူးစမ်းရှာဖွေလေ့လာသူတွေ အပင်နဲ့ အကောင် မျိုးစိတ်တွေကို ရှာတွေ့ပြီး နာမည်ပေးနိုင်တဲ့ အောင်မြင်မှု ထက် အဆများစွာပိုတဲ့ အောင်မြင်မှု ကိုရရှိခဲ့ပါတယ်။

သုတေသီတွေက အပင်ကောက်တဲ့နေရာမှာ အကွက်ချပြီး သီးခြားစီ လုပ်ခဲ့တဲ့အတွက် ပြဿနာတစ်ခု တက်တာက မျိုးစိတ်သစ်တွေရဲ့ အရေအတွက် ကို အတိအကျမရလိုက်တာပါပဲ။ အချို့သုတေသီတွေက သူတို့ရဲ့ အကွက်ထဲမှာတွေ့တဲ့ မျိုးစိတ်သစ်တွေကို မှတ်တမ်းတင်ရင်း အခြားသူတွေရဲ့ လုပ်ကွက်ထဲက မျိုးစိတ်နဲ့ တူတဲ့အခါမှာ ပယ်ဖျက်လိုက်တာတွေကြောင့်ပါပဲ။ အကူလိုက်လာတဲ့ ဒေသခံ စေတနာ့ ၀န်ထမ်းတွေရဲ့ ရုက္ခဗေဒဆိုင်ရာ အသိပညာ အားနည်းမှုကြောင့် သူတို့က တူတယ်လို့ ထင်ပြီး မကောက်ခဲ့တဲ့ အပင်တွေကျန်ခဲ့ပါတယ်။ ဒါတောင် အနည်းဆုံးတွေ့ခဲ့ရတဲ့အပင်မျိုးစိတ်သစ်က ၉၀၀၀ ကျော်နဲ့ ၂၅၀၀၀ကျော် ကြားထဲ မှာရှိပါတယ်။

ဆွီဒင်နိုင်ငံ ဇူးရစ်ခ်ျ တက္ကသိုလ်က ဇီဝဗေဒ ဆင့်ကဲပြောင်းလဲမှုနဲ့ သဘာ၀ပတ်၀န်းကျင် လေ့လာရေး ဌာနက ပါရဂူစာတမ်းတင်သွင်းသူ ကာမာရာလီရက် ကသူ့ရဲ့စာတမ်းမှာ အချို့ အပင်မျိုးစိတ်သစ် တွေကို မကောက်ယူ နိုင်ခဲ့ပါဘူးလို့ တင်သွင်းခဲ့ပါတယ်။

သူဦးဆောင်တဲ့ သုတေသနလုပ်ငန်းမှာ နိုင်ငံ ၁၉နိုင်ငံက ကျောင်း ၅၆ ကျောင်း က သိပ္ပံပညာရှင် ၉၉ဦး ပါ၀င်ပါတယ်။ ဒါ့အပြင် ဒေသခံတိုင်းရင်သား တွေရဲ့အကူအညီနဲ့ ပါပူဝါနယူဂီနီ ကျွန်းနဲ့ ပတ်၀န်းကျင် ကျွန်းတွေက အစာရေကြောရှိတဲ့ အပင်မျိုးစိတ် ၁၃၆၃၄ပင်ကို အမျိုးအစားခွဲခြားနိုင်ခဲ့ပါတယ်။ သုတေသီတွေ ပူးပေါင်းလုပ်ခဲ့တဲ့ အချက်အလက်တွေကို အင်တာနတ်မှာ ဖြည့်သွင်းခြင်း ကျောင်းတွေရဲ့ မှတ်တမ်းတွေထဲမှာ ထည့်သွင်းခြင်းနဲ့ အမည်ပေးပညာရှင်တွေနဲ့ တွေ့ဆုံပြီး မျိုးစိတ်သစ်အပင်တွေကို နာမည်ပေးခြင်း လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

မျိုးစိတ် ၇သိန်းကျော်ကနေ ဆင်းသက်လာတဲ့ မျိုးပြား၂၅၀၀၀ ကိုလည်း သုတေသီတွေ တင်သွင်းနိုင်ခဲ့ပါတယ်။ အဲ့ဒိမျိုးပြားတွေကို နာမည်ပေးဖို့အတွက် သုတေသီတွေက မူရင်းမျိုးစိတ်နဲ့ မျိုးရင်းရဲ့ စရိုက်လက္ခဏါတွေကို ပြန်လည်လေ့လာပြီးမှ အွန်လိုင်းပလက်ဖောင်းပေါ်မှာ တင်နိုင်ဖို့ နာမည်တွေရွေးခဲ့ကြရပါတယ်။ နယူဂီနီရဲ့ Plants of the world online မှာဖော်ပြဖို့အတွက် ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။

အဲ့ဒိနောက်မှာတော့ နယူဂီနီ က ကမ္ဘာ့ အပင်မျိုးစိတ်အပေါ်ကြွယ်၀ဆုံး ကျွန်းဆိုတဲ့ အမည်ကိုပေးနိုင်ခဲ့ပါတယ်။ အပင်လောကရဲ့ ဘုရင်တွေဖြစ်တဲ့ ဘောနီယိုကျွန်း ၊မာဒ်ဂတ်စကာ ကျွန်းတွေထက် အပင်မျိုးစိတ် ၂၀% ပိုများတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အများဆုံး တွေ့ခဲ့ရတဲ့ မျိုးစိတ်တွေကတော့ သစ်ခွ မျိုးရင်းအောက်က မျိုးစိတ်တွေဖြစ်ပြီး သစ်ပင်တွေကတော့ ၃ပုံ၁ပုံပါပါတယ်။ နယူဂီနီကျွန်းကို သုတေသနလုပ်တဲ့နေရာမှာ ထူးခြား တာက တွေခဲ့ရတဲ့အပင် မျိုးစိတ်တွေရဲ့ ၆၈% ဒေသပေါက်ပင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်တဲ့ ဒေသတွေမှာ မြင်ရလေ့မရှိတဲ့အပင်တွေက ပိုများပါတယ်။

ကာမာရာလီရက်ကတော့ “ ကျနော်တို့ အပင်တွေကိုကောက်တော့ အများဆုံးတွေရတာက ဒေသခံအပင်တွေ ဖြစ်နေတာပါပဲ။ အဲ့ဒါတွေက အာရှတိုက်ရဲ့ ကျန်တဲ့ အပူပိုင်းဒေသတွေ ယှဉ်လို့မရ အနေအထားပါ။ ပြောချင်တာက အင်ဒိုနီးရှားနဲ့ ပါပူဝါနယူဂီနီက ကျွန်းနိုင်ငံတွေဖြစ်ပေမဲ့ ဇီ၀မျိုးကွဲ တွေကိုလေ့လာမယ်ဆိုရင် နယူဂီနီကို ယှဉ်မရဘူးလို့ပြောချင်တာပါ။ ဇီ၀မျိုးကွဲတွေ ရှင်သန်ဖို့အတွက် အခြေအနေကောင်းတွေက နယူဂီနီမှာ ပိုများတယ်လို့ ဆိုချင်တာပါ”လို့ ဆိုပါတယ်။

“ကျနော်တို့တွက်ချက်မှု အရဆိုရင် နောက် အနှစ်၄၊၅ ဆယ်အတွင်းမှာ မျိုးကွဲ ၃၀၀၀ ကနေ ၄၀၀၀ အတွင်း ထပ်မံပေါ်ပေါက်ဖို့ရာရှိနေပါတယ်။ ရာသီဥတုပြောင်းလဲ မှုနဲ့ မြေယာထိန်းသိမ်းမှု ဒါ့အပြင် အပင်နဲ့သစ်တောတွေကို ထိန်းသိမ်နိုင်မှု က ကျနော်တို့ ရှာထားတဲ့ အချက်တွေပေါ်ကို အများကြီး မှီခိုလို့ ရသွားပါပြီ။ ကျနော်တို့ အုပ်စုထဲက တစ်၀က်လောက် က လာမယ့်နှစ်တွေထဲမှာ အနားယူတော့မှာ ဖြစ်တဲ့အတွက်ကြောင့် အချက်အလက်တွေကို အွန်လိုင်းပေါ် တင်ဖို့ရယ် ဘဏ္ဍါရေးအခြေအနေကောင်းလို့ လာမယ့်၁၀စုနှစ်တွေမှာ ဆက်လုပ်မယ့် သုတေသန လုပ်ငန်းတွေအတွက် အထောက်အပံ့ပေးနိုင်အောင် လက်ရှိ မှာ လုပ်ငန်းကို အပြီး ဖြတ် နေပါတယ်” လို့ သူကဆိုပါတယ်။

မောင်ယဿ

REF: futurity.org

Photo; getty image

 

About The Author

greenness_mm

No Comments

Leave a Reply