ကလေးတွေကို သဘာဝအစားအစာတွေ စားတတ်အောင် လေ့ကျင့်ပေးကြမယ်

ကလေးတွေကို သဘာဝအစားအစာတွေ စားတတ်အောင် လေ့ကျင့်ပေးကြမယ်

ဒီကနေ့ နေ့လယ် လမ်းဘေးဘိတ်မုန့်ဆိုင်လေးကနေ ဘိန်းမုန့်နှစ်ခုဝယ်စားဖြစ်တယ်။ ဘိန်းမုန့်သည်က သူ့ဘိန်းမုန့်ကလေးတွေကို ဆန်ကာထဲထည့်ပြီး ဖုန်တွင်မတင်နိင်အောင် အဝတ်ပါးပါးလေးနဲ့အုပ်ထားပါတယ်။ ဘိန်းမုန့်တစ်ခုကိုနှစ်ရာတဲ့။ အဖြူနဲ့ အမဲ ရှိရာမှာ ဆိမ့်တဲ့အရသာကြိုက်သူမို့ အဖြူကိုဝယ်စားဖြစ်ခဲ့တယ်။ အချိုကြိုက်တဲ့သူတွေကတော့ ထန်းလျက်ပါတဲ့ အမဲကိုဝယ် စားကြတာပေါ့။ တစ်ခုမှနှစ်ရာတဲ့။ ဘိန်းမုန့်ပူပူလေး။ ကျနော်တို့ ရိုးရာအစားအစာတွေဟာ စျေးချိုပြီး အဟာရပါတယ်လို့ တွေးမိပါတယ်။ အဟာရ အများကြီးမပါရင်တောင်မှ အန္ဒရာယ်ဖြစ်စေတဲ့ ဓာတုဆေးတွေမပါဘူးလို့ ဆက်တွေးမိပါတယ်။
ခုခေတ်ကလေးလေးတွေဟာ သဘာဝမုန့်တွေကို မစားတတ်ကြတော့တာကိုတွေ့ရတယ်။ ရိုးရာမုန့်တွေနေရာမှာ ပလစ်စတက်ရောင်စုံနှင့် ထုတ်ပိုးထားတဲ့ မုန့်တွေဟာ အမျိုးပေါင်းဘယ်လောက်ရှိမှန်းမသိပါဘူး။ သူတို့တွေအတင်းကျွေးတဲ့အချိန်စားကြည့်မိတဲ့အခါတိုင်း ဘယ်မုန့်အမျိုးအစားဖြစ်ဖြစ် တူတာတစ်ခုက စားပြီးရင် ပါးစပ်ထဲမှာ ချွဲပြီးကျန်ခဲ့တာပါပဲ။
ဒီပလစ်စတစ်လေဖောင်းမုန့်တွေဟာ အဟာရဘယ်လောက်ပါသလဲ ၊ သူတို့လေးတွေရဲ့ကျန်းမာရေးအတွက် ကောင်းလားဆိုးလား သေသေချာချာမသိကြရပါဘူး။ နောင်သူတို့တွေကြီးလာတဲ့အချိန်မှာတော့ ဒီမုန့်တွေရဲ့ ကောင်းကျိုးဆိုးကြိုးမြင်ကြ၊သိကြရမယ်ထင်ပါရဲ့။ လောလောဆယ်မြင်သာတာကတော့ မိဘတွေပိုက်ဆံပိုကုန်ပြီး ထုပ်ပိုးထားတဲ့ပလစ်စတစ်တွေက သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာပါပဲ။
မြန်မာ့ရိုးရာမုန့်တွေလည်း အဟာရဘယ်လောက်ပါတယ်ဆိုတာ တိတိကျကျမသိပါဘူး။ ဒါပေမယ့် ကိုယ့်ဘိုးဘွားတွေအစဥ်အဆက်စားသုံးခဲ့တာမို့ အန္ဒရာယ်မဖြစ်တာတော့ သေချာတယ်။ ပလစ်တစ်အိတ်တွေနဲ့ ထုပ်ပိုးမထားတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းတာမဖြစ်တာသေချာတယ်။
ကျနော်တို့ငယ်ငယ်ကတော့ မုန့်ဆိုလည်း မုန့်ပြားသလက်၊ ထန်းသီးမုန့်၊ မုန့်ပေါင်း၊ မုန့်ဖက်ထုပ် စသဖြင့် တစ်ခုဆိုတစ်ခုစားလိုက်ရရင် ဝမ်းလည်းပြည့်သလို တခါတည်း တင်းတိမ်သွားတာပါ။ ဖျော်ရည်ဆိုလည်း သဘာဝ ထန်းလျက်မုန့်လက်ဆောင်း၊ ဂျုံကျို၊ သာကူကျို စသဖြင့် တစ်ခွက်ဆိုတစ်ခွက် အားပြည့်သွားတာပါ။ခုခေတ်မှာတော့ ပလစ်စတစ်ဗူးရောင်စုံဖျော်ရည်တွေသာ ကလေးတွေက အာသာငန်းငန်းရှိကြတော့တယ်။
မသေချာသေးတဲ့ ကျန်းမာရေးပြသနာတွေအတွက်ရော၊ ငွေကြေးကုန်ကြမှုအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ရော မိဘတွေအနေနဲ့ ရိုးရာမုန့်တွေ၊ ဖျော်ရည်တွေဆီပြန်သွားသင့်တယ်လို့ ယူဆမိပါတယ်။ ကိုယ့်ကလေးတွေကိုသဘာဝအစားအစာတွေ စားတတ်အောင် ငယ်ကတည်းက လေ့ကျင့်ပေးသင့်ပါတယ်။ သဘာဝအစားအစာတွေ စားတဲ့သူများလာရင် ရောင်းသူတွေလည်းများလာမှာပါ။
ကလေးတွေကို သဘာဝအစားအစာကို စားတတ်အောင်လေ့ကျင့်ပေးခြင်းအား ဖြင့် သူတို့ရဲ့ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ….။
ချမ်းမြ

About The Author

greenness_mm

No Comments

Leave a Reply