ကြွေလွင့်ရပြန်ပြီ ကြယ်တစ်ပွင့်

ကြွေလွင့်ရပြန်ပြီ ကြယ်တစ်ပွင့်

သည်နေ့ ကျွန်တော့် အလုပ်နားရက်ဖြစ်သည်။ ရုံးအလုပ်၊ သတင်းစာအလုပ် နားသော်လည်း ကျွန်တော် အနားမယူဖြစ်။ နံနက်မိုးလင်း ပုံမှန်အလုပ်များ ပြုလုပ်ပြီးသည်နှင့် စာကြည့်စားပွဲ ထိုင်သည်။ စာရေး၊ စာဖတ် ပြုလုပ်ရန် ပြင်ဆင်သည်။ စျေးက ဝယ်လာသော ဗုဒ္ဓဟူးနေ့ထုတ် 7Day သတင်းဂျာနယ်ကို ဖတ်သည်။ ထို့နောက် အင်တာနက်ပေါ်က သတင်းများကို လိုက်ကြည့်ဖြစ်သည်။ ထိုသို့ကြည့်နေရင်း တစ်နေရာအရောက် ကျွန်တော့် အကြည့်များ ရပ်တန့်သွားသည်။ လက်ကလည်း နောက်ထပ်သတင်းများဆီသို့ မရွေ့တော့။ သတင်းကို သေချာအောင် နောက်တစ်ခေါက် ဖတ်မိသည်။ “FREDA ဥက္ကဋ္ဌဟောင်း ဆရာကြီး ဦးအုန်း ဆုံးရှာပြီ” တဲ့။ ထိုသတင်းကို ဖတ်ပြီး ကျွန်တော် ဝမ်းနည်းကြေကွဲရသည်။ နှမြောတသ ဖြစ်မိသည်။ စာလည်း ရေးချင်စိတ် မရှိတော့။ သူနှင့်ထိတွေ့ ပတ်သက်ခဲ့ရသည်များကို သတိရမိသည်။ သည်လိုပြော၍ “လူတစ်ယောက် သေသွားမှ တန်ဖိုးထား၊ နှမြေတသ ဖြစ်နေလိုက်တာ” ဟု ပြောဆိုကြလျှင်လည်း မတတ်နိုင်ပါ။ ကျွန်တော်ကတော့ လေးစား ချစ်ခင်စရာ၊ တန်ဖိုးထားအတုယူဖွယ်ကောင်းသော သူ့ကို သေမှတ,ရပါဦးမည်။

သူ့ကို ကျွန်တော်က အဘဟု တရင်းတနှီးခေါ်သည်။ သူက ကျွန်တော့်အဘထက်ပင် အသက်ပိုကြီးသည်။ အဲသည်အချိန်ကတည်းက ကျွန်တော့်အဘက လူ့လောကတွင် မရှိတော့ပေ။ သူကတော့ သစ်တော ပညာရှင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်၊ သစ်တော သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်း (FREDA)၏ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေခဲ့သည်။ သူ့ကို ကျွန်တော် စသိချိန်ကတည်းက သူ့အသက် ၈၀ ကျော်နေပြီဖြစ်သည်။ သို့သော် သူက အသက်အရွယ်နှင့် မမျှအောင် စိတ်ဓာတ် မာကျောသည်။ တက်ကြွ ဖျတ်လတ်သည်။ လုပ်ငန်းဆောင်တာများ တာဝန်ကျေပွန်စွာ ထမ်းဆောင်သည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားသည်။ ထို့ကြောင့်လည်း သူနှင့် မီဒီယာအများစု ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်သည်။ ကျွန်တော်လည်း သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းများအတွက် အင်တာဗျူးပြုလုပ်ရာမှ သူနှင့် ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

ကျွန်တော် သတင်းထောက်ဘဝက သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်း၊ အနုပညာနှင့်ပရဟိတသတင်းများကို ရေးသားခဲ့သည်။ ထို့ကြောင့် သူနှင့် ထိတွေ့မှုများခဲ့သည်။ သတင်းကိစ္စမရှိလျှင်ပင် ဂျာနယ်လက်ဆောင် ပေးရင်း သူ့ဆီရောက်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ပြောဆိုဆွေးနွေးဖြစ်သည်။ သူ့ဆီမှ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများစွာ၊ အတွေးအခေါ် အယူအဆများစွာ ရရှိခဲ့သည်။ သူ လုပ်သမျှ သစ်ပင်စိုက်ပွဲအပါအဝင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာပွဲ အားလုံးနီးပါး ကျွန်တော် ရောက်ဖြစ်သည်။ ကျွန်တော် ဆောင်းပါးတွေ ရေးတော့လည်း သူနှင့် တွေ့ဖြစ်သေးသည်။ လိုအပ်သည့် အချက်အလက်များကို ဖုန်းဖြင့် လှမ်းမေးဖြစ်သေးသည်။ ကျွန်တော် စာအုပ်ထွက်တော့လည်း သူက အမှာစာ ရေးပေးသည်။ ကျွန်တော့်ကို တွေ့တိုင်းလည်း သူရေးစေချင်သည့်အကြောင်းအရာများကို ပြောပြပြီး “ရေးပါဦးကွ” ဟု တိုက်တွန်းတတ်သည်။ နောက်ပိုင်း သူ ကျန်းမာရေး ချူချာလာသည်။ အလုပ်မှ ထွက်ပြီး အနားယူလိုက်ရသည်။ သူ အိမ်မှာ နားနေချိန်မှာပင်် ကျွန်တော် နှစ်ခေါက် သုံးခေါက် ရောက်ဖြစ်သေးသည်။ အဲသည်အချိန်မှစပြီး ကွယ်လွန်ချိန်ထိ မရောက်ဖြစ်တော့။ သူ မရှိတော့သော်လည်း သူ့နာမည်နှင့် သူ့လုပ်ရပ်များ၊ သူ့ကျေးဇူးတရားများသည် ကမ္ဘာမြေ ပေါ်တွင် ဂုဏ်သိက္ခာရှိရှိ ကျန်ရစ်နေခဲ့ပါသည်။

× × ×

သူ(သစ်တောပညာရှင် ဦးအုန်း)ကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာမှာ မွေးဖွားခဲ့သည်။ စစ်ကိုင်းမြို့ အ.ထ.က မှ ၁၀ တန်း အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်မှ B.Sc ဘွဲ့ကို ရခဲ့သည်။ ဝေလတက္ကသိုလ်မှ B.Sc(Hons) ဘွဲ့ကို ရရှိခဲ့သည်။ B.Sc ဂုဏ်ထူးတန်းတွင် ဆာဟာရသဲကန္တာရအကြောင်း စာတမ်းပြုစုခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့သည်။ ထို့နောက် စစ်ကိုင်းမြို့တွင် အထက်တန်းပြဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် သစ်တောပညာဌာနတွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သစ်တောဝန်ထောက်မှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစား ယူပြီးချိန်တွင်လည်း သစ်တောဦးစီးဌာန၌ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေချိန်မှာပင် ၁၉၉၂ ခုနှစ် တောရိုင်းတိရစ္ဆာန်များကာကွယ်ရေးဥပဒေရေးဆွဲရာတွင် ကော်မတီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် FREDA အသင်း ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့တွင် ပါဝင်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည်။

သူသည် သစ်တောဝန်ထမ်းဘဝက ပုပ္ပားတောင်စိမ်းလန်းစိုပြည်ရေးကို အခက်အခဲများစွာ ကြားမှပင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပုပ္ပားတောင်ကတုံးကို သျှောင်ထုံးခဲ့သူအဖြစ် ထင်ရှားခဲ့သည်။ ထိုလုပ် ဆောင်ချက်ကြောင့်ပင် တစ်ကမ္ဘာလုံးတွင် လူ အယောက် ၁၀၀ ကိုသာ ချီးမြှင့်သည့် ကမ္ဘာမြေချစ်သူဆုကို ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ သူသည် သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သုတေသနစာတမ်းများ ရေးသားသကဲ့သို့ စာရေးသားခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ် တွင် “သဘာဝ သစ်တောများနှင့် ရင်ဘောင်တန်းလာသော သစ်တောစိုက်ခင်းများ” စာအုပ်ဖြင့် စာပေဗိမာန် စာမူဆု၊ သုတ(သိပ္ပံ)ဘာသာရပ်အတွက် ပထမဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံ မီနီမာတာမြို့တော်ဝန်နှင့်အဖွဲ့က သူ့ကို Minimata Environmental Award ကို ချီးမြှင်ခဲ့သည်။ ယင်းဆုများမှ ရရှိသော ဆုကြေးငွေများကိုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် ပြန်လည်အသုံးပြုခဲ့သည်။ ထူးခြားသည်မှာ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမှန်တကယ်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း ကမ္ဘာမြေချစ်သူဆု ပြန်လည်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ သူ့ကြောင့် မြန်မာ နိုင်ငံတွင် ကမ္ဘာမြေချစ်သူဆု ရရှိသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ထွက်ပေါ်လာခဲ့သည်မှာ အလွန်ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ကောင်းလှသည်။

× × ×

သူ၏ ဖြတ်သန်းမှုများ၊ ရပ်တည်ချက်များ၊ ကြိုးစားအားထုတ်မှုများ၊ ပညာအရည်အချင်းများသည် လေးစား အတုယူစရာပင် ဖြစ်သည်။ သူသည် သဘာဝပတ်ဝန်းကျင်အခြေအနေ ဆိုးရွားစွာ ထိခိုက်နိုင်သော စီမံကိန်းများကို ကန့်ကွက်ခဲ့သည်။ ပြောစရာရှိသည်များကို မခြွင်းမချန်ဘဲ ရဲရဲဝံ့ဝံ့ပြောကြားခဲ့သည်။ သည်နေရာတွင် မြစ်ဆုံနှင့်ပတ်သက်ပြီး သူပြောခဲ့သည့်အချက်အနည်းငယ်ကို ဖော်ပြပါမည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့ Parkroyal Hotel တွင် ပြုလုပ်ခဲ့သော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ ဆည်မြောင်းပညာရှင် တစ်ယောက်ကပြောတယ်။ ၁၉၇၄ ခုနှစ် တုန်းက ဟင်္သာတလိုနေရာမျိုး ရေမြုပ်မတတ်ဖြစ်သွားတယ်။ အဲဒါကို သူတို့က ပညာရှင်အမြင်နဲ့ ဒါတွေ သက်သာအောင် dam တွေ ဆောက်မယ်။ dam ဆောက်တဲ့အတွက် ရေကြီးတာ လျော့သွားမယ်တဲ့။ ဒါသူတို့ အတွေး။ ကျွန်တော်တွေးတာကတော့ dam ဆောက်ဖို့မလိုဘူး။ ဒါတွေလျော့အောင် watershed ကို ထိန်းရမှာ။ သစ်တောရော၊ ဆည်မြောင်းရော၊ စိုက်ပျိုးရော၊ စက်မှုရော၊ သတ္တုတွင်းရော ဝန်ကြီးဌာနအကုန်လုံး ဒေသခံတွေ နဲ့ပါ ထိန်းမယ်ဆိုရင် ဒီရေကြီးတာကို ထိန်းနိုင်ပါတယ်။ ဒီလို biodiversity မျိုးစုံကြယ်ဝတဲ့နေရာ၊ ဒီလောက် အရေးကြီးတဲ့နေရာကို နိုင်ငံခြားသားတွေက ဘာပြောသလဲဆိုတော့ မင်းတို့ဟာ ကမ္ဘာပေါ်မှာ အင်မတန်ရှားတဲ့၊ ရှားပါးမျိုးစိတ်တွေရှိတဲ့ ဒီလိုဒေသကို မထိပါးဘဲထားတာ အကောင်းဆုံးပဲတဲ့။ ကျွန်တော် ရာနှုန်းပြည့် ထောက်ခံပါတယ်။

အစိုးရရော ပညာရှင်တွေရော သက်ဆိုင်ရာဌာနတွေရော အချိန်မီ တိုင်းပြည်ကို မနစ်မြုပ်မီမှာ ထိန်းပါ။ တောတွေကို ထိန်းပါ။ တရုတ်ပြည်က Three Gorges ဆည်ကို ကမ္ဘာ့ဘဏ်က ငွေချေးဖို့စဉ်းစားတာ ၁၀ နှစ် ကြာတယ်။ အဲဒီလောက် ၁၀ နှစ်စဉ်းစားပြီးမှ အခု ဒီဆည်လုပ်ခဲ့တာ ဟုတ်ခဲ့သလား၊ မဟုတ်ခဲ့ဘူးလား။ အများကြီး ပြောနေကြပြီ။ တော်တော် ဒုက္ခရောက်နေကြပြီ။ တချို့မြစ်တွေ ရေမရှိတော့ဘူး။ ကော်လိုရာဒိုမြစ်ဆို ပင်လယ်ထဲကို မစီးတော့ဘူး။ ကျွန်တော်တို့က ဧရာဝတီမြစ်ကြီးကို ပင်လယ်ထဲကို မစီးတော့တာကို ကြည့်နေ မလား။ မကြားချင်ဘူး။ ဒီအစည်းအဝေးကနေ ဒါမျိုးတွေကို အချိန်မီ စဉ်းစားရမယ်။ အစိုးရကို ပညာရှင်တွေက တင်ပြရမယ်။ ဒီနေ့ ပညာရှင်တွေ စုံတယ်။ ဧရာဝတီဟာ အမျိုးသား အမွေအနှစ်တင်မကဘူး။ တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ အမွေအနှစ်လည်း ဖြစ်ပါတယ်”ဟူ၍။

ထိုအချိန်က မြစ်ဆုံရေကာတာစီမံကိန်းကို တစ်နိုင်ငံလုံးက ကန့်ကွက်နေကြချိန်ဖြစ်သည်။ ထို့အတွက် သူက ပညာရှင်ပီသစွာဖြင့် ပြည်သူများ၏အရှေ့တွင် မားမားမတ်မတ် ရပ်တည်ပြောဆိုခဲ့သည်။ ထိုအချိန်က တော်ရုံတန်ရုံ ပညာရှင်များ စွံ့အနေခဲ့ကြသည်မဟုတ်ပါလား။

× × ×

သူ(သစ်တောပညာရှင် ဦးအုန်း)သည် ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။ အသက်အရွယ်အရ ကြွေချိန်တန်၍ ကြွေရသည်ဟု ဆိုနိုင်ပါသည်။ သို့သော် သူ့လိုစိတ်ဓာတ်မျိုးဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် စေတနာထားသော၊ လိုအပ်လျှင် သတ္တိရှိရှိ ဝေဖန်ပြောဆိုရဲသော သစ်တောပညာရှင်မျိုးသည် မြန်မာနိုင်ငံတွင် အင်မတန်ရှားပါးလွန်းလှသည်။ ထို့ကြောင့် သူ့ကို ဆုံးရှုံးလိုက်ရခြင်းသည် ကမ္ဘာမြေအတွက်၊ မြန်မာနိုင်ငံ အတွက်၊ ပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး အလွန်ဝမ်းနည်းကြေကွဲ နှမြောတသ ဖြစ်မိကြောင်း ရေးသားလိုက်ရပါသည်။ ။

ဓာတ်ပုံ- Min Chit
ရွှေလက်
7Day Daily 13.7.18

About The Author

greenness_mm

No Comments

Leave a Reply