ဂျွန်မြူယာ (သို့ ) အမျိုးသားဥယျာဉ်တို့ရဲ့ဖခင်ကြီး

ဂျွန်မြူယာ (သို့ ) အမျိုးသားဥယျာဉ်တို့ရဲ့ဖခင်ကြီး

 

 

“ ခင်ဗျား သဘာဝထဲမှာ လမ်းလျှောက်ပြီး လိုချင်တာတစ်ခုခုကို ရှာကြည့်ပါ။ သဘာဝက ခင်ဗျားလိုချင် တာထက် အများကြီး ပိုပြီး ပေးပါလိမ့်မယ်”
“ ခင်ဗျားမှာ စိတ်ဝေဒနာ တစ်ခုခုခံစားလိုက်ရပြီဆိုရင် သဘာဝရဲ့ ခန္တာကိုယ်ဖြစ်တဲ့ တောင်တွေပေါ် ကိုတက်လိုက်ပါ။ ဒါမှမဟုတ်ရင် တောတွေထဲမှာ တစ်ပတ်လောက် စခန်းချ နေပြီး သဘာဝရဲ့ နလုံးသားနဲ့ အနီးစပ်ဆုံး ကပ်နေလိုက်ပါ။ သဘာဝက ခင်ဗျားရဲ့ စိတ်ဝေဒနာတွေကို အကောင်းဆုံး ကုသပေးမှာပါ”

စကော်တလန်သား ဂျွန်မြူယာကို နိုင်ငံတကာက “တောင်တန်းတို့ရဲ့ဂျွန်” သို့မဟုတ် “အမျိုးသားဥယျာဉ်တို့ရဲ့ ဖခင်ကြီး”လို့ လူသိများကြ ပါတယ်။ သူ့ကို ၁၈၃၈ ဧပြီလ ၂၁ရက်နေ့မှာမွေးပြီး ၁၉၁၄ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာသေဆုံးခဲ့ပါတယ်။ အဲ့ဒိ စကော်တလန်ဖွား အမေရိကန်သားကြီးကို ကမ္ဘာက သဘာဝဓမ္မဆရာကြီး ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒဿနပညာရှင်ကြီး ၊ ရုက္ခဗေဒ ပညာရှင်ကြီး ၊ သတ္တဗေဒ ပညာရှင်ကြီး ၊ ရေခဲပြင်ပညာရှင်ကြီး လို့ ကင်ပွန်းတပ်ကြပါတယ်။ ဒါ့အပြင် အမေရိကားရဲ့ အစောဆုံး သဘာဝ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ရှေ့နေအဖြစ်နဲ့ သူက တည်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ သူ့ရဲ့ စာတွေ ၊ အက်ဆေးတွေ ၊ စာအုပ်တွေ မှာ တောရိုင်းတွေ ကြားက သူ့ရဲ့ စွန့်စားခန်းတွေကို ဖော်ပြလေ့ရှိပါ။အထူးးသဖြင့် အမေရိကားက နီဗားဒါပြည်နယ် အတွင်းက စွန့်စားခန်းဆိုင်ရာ ဆောင်းပါးတွေဆိုရင် လူသန်းထောင်နဲ့ချီပြီး ဖတ်ခဲ့ ကြပါတယ်။ သူက သူ့ရဲ့ စွန့်စားခန်း ဆန်ဆန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်စာတွေကြောင့် ယိုဆီမိုက်တောင်ကြားဒေသ တစ်ခု လုံးနဲ့ ဆီကွာရီးယား သဘာဝဥယျာဉ် တစ်ခုလုံးအတွက် အကူအညီတွေ ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒိ သဘာဝဥယျာဉ် ထိန်းသိမ်းရေး လုပ်ငန်းတွေရဲ့ လုပ်ငန်းစဉ်တွေကို မှတ်တမ်းအဖြစ်ရေးသား ဖော်ပြထားမှု ကြောင့် အမေရိကားက အခြား တောင်ရိုင်းအပင်နဲ့ အကောင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အများကြီး အထောက်အကူပေးနိုင်ခဲ့ပါတယ်။ သူသက်လတ်ပိုင်းအရွယ်မှာ ဒေသခံတွေနဲ့ ပူးတွဲ တည်ထောင်ခဲ့တဲ့ ဆီအာရာ ကလပ်ဆိုရင် သက်ကြီးပိုင်း ရောက်တော့ အမေရိကားမှာ လူအများလေးစားခြင်းခံရတဲ့ အမေရိကန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကလပ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားခဲ့ပါတယ်။ မြူယာက သူ့ဘဝတစ်လျှောက်လုံး အမေရိကားအနောက် ပိုင်းက တောတွေ တောင်တွေ နဲ့ ရောကီးတောင်တန်းကြီးပေါ်မှာ သစ်တောတွေ ထိန်းသိမ်းရင်းနဲ့ပဲ အချိန်ကို သုံး ခဲ့ပါတယ်။ ယိုဆီမိုက် သဘာဝဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်နေစဉ်မှာ သူ့ရဲ့ သမိုင်းမှတ်တိုင် ဆောင်းပါး ၂စောင်ကို ဆန်ကျူရီမဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒိ “ ယိုဆီမိုက်က အဖိုးမဖြတ်နိုင်တဲ့ရတနာများ” နဲ့ “ ယိုဆီမိုက် သဘာဝအမျိုးသားဥယျာဉ် အကြံပြုချက်မှုကြမ်း” ဆောင်းပါး ၂စောင်က အမေရိကန် ကွန်ဂရက်မှာ လှုတ်လှုတ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒိနောက် ၁၈၉ဝမှာ ကွန်ဂရက်က ယိုဆီမိုက် သဘာဝ အမျိုးသားဥယျာဉ်ဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် ဥပဒေမူကြမ်းကိုပြဌန်း နိုင်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ဘတ်ဂျတ် ကိုပါ ရေးဆွဲတင်သွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဆောင်းပါး၂စောင်က ကွန်ဂရက်မှာတင်မကပါဘူး အစိုးရအဖွဲ့နဲ့ ပြည်သူတွေကိုပါ တုန်လှုတ်ခြောက်ခြားစေခဲ့လို့ တစ်နိုင်ငံလုံးမှာရှိတဲ့ သဘာဝတောရိုင်း စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေ အသက်ဝင်လာခဲ့ပါတယ်။ သူ့ရဲ့ အရေးအသားတွေကလည်း စာဖတ်သူ ပြည်သူကို တောရိုင်းထိန်းသိမ်းရေးလုပ်ငန်းတွေကို စိတ်ညွှတ်သွားစေခဲ့ပါတယ်။ အဲ့ဒိနောက်မှာတော့ ပြည်သူတွေရဲ့ အထောက်အပံ့တွေကို အများကြီးရခဲ့ပါတယ်။ မြူယာက ၂ဝရာစုရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်နိုင်တဲ့ သူတော်စင် တစ်ဦးအဖြစ် မှတ်ယူ ရလောက်အောင်ကိုပဲ သတ်မှတ်ခံခဲ့ရပါတယ်လို့ သူ့ရဲ့ အတ္ထုပ္ပတ္ထိရေးသူ စတီဖင်ဂျေ ဟုမ်းက ရေးသား ဖော်ပြခဲ့ပါတယ်။

အမှန်တကယ်လည်း သူက အမေရိကန်ပြည်သူတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖြစ်စဉ်တွေကို မျက်စေ့ဖွင့်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သူက သက်ရှိ အချင်းချင်း ကြားမှာရှိတဲ့ ဂေဟစနစ်နဲ့ ကို တွေးထုတ်ပေးနိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ နောက်ပြီး တစ်ခုထူးခြားတာက သူ့ရဲ့ အကွက်ရိုက် ဂေဟစနစ် ဆက်သွယ်မှုကို ရှာတွေ့ နိုင်တာပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တစ်မိုင်ပတ်ချာလည် အတွင်းမှာ ရှိတဲ့ အပင်အချင်းချင်းကြား ဆက်သွယ်မှု၊ အကောင်းအချင်းချင်း ဆက်သွယ်မှု နဲ့ အပင်နဲ့ အကောင်ကြား ဆက်သွယ်မှုတွေကို ရေးသား ဖော်ပြနိုင်တာ ဖြစ်လို့ သူ့ရဲ့ စာတွေက ကျိုူးကြောင်းဆီလျော်မှု အပြည့်ရှိတဲ့ အတွက်ကြောင့် စာဖတ်သူပြည်သူတွေက နှစ်ခြိုက်ကြပါတယ်။

မြူယာရဲ့ ထူးခြားချက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေးနယ်ပယ်မှာ ရှင်သန်နိုင်အောင် ဥပဒေကို ဖန်တီးရေးနိုင်ခဲ့ပါတယ်။ တောရိုင်းထိန်းသိမ်းလုပ်ငန်းစဉ်တွေကို ဥပဒေဘောင် ထဲကို ဝင်နိုင်အောင် ရေးသားနိုင်တဲ့အတွက် နိုင်ငံရေးသမားတွေ စိတ်ဝင်စားတာကို ခံခဲ့ရပြီး နိုင်ငံရေးစကား ပြောခွင့် ရခဲ့တာပဲဖြစ်ပါတယ်။ သဘာဝကို ဘာသာရေးလိုပုံစံမျိုး အသွင်လည်း ရေးသားနိုင်ခဲ့ပါတယ်။
“ ထာဝရစင်္ကြဝဠာ ထဲကို ရောက်နိုင်ဖို့အတွက် အရိုးရှင်းဆုံးလမ်းကတော့ တောရိုင်းသစ်တောထဲကို ဖြတ်သွားခဲ့ရင် နားလည်သွားနိုင်မှာပါ”
“ ဘုရားက သစ်ပင်တွေက ဂရု စိုက်ပြီးတော့ မိုးခေါင်တာကို တားဆီးပေးတယ်၊ ရောဂါတွေ ကိုတားဆီး ပေးတယ်၊ မျှခြေမရှိတာတွေကို တာဆီးပေးတယ်၊ ရေလွှမ်းမိုးမှုတွေ တောမီးလောင်တာတွေကို တားဆီး ပေးနေပါတယ်”

အထက်ပါ အဆိုအမိန့်တွေလိုမျိုး ဘာသာရေးဆန်ဆန် စကားလုံးတွေနဲ့ ပြည်သူတွေကို သဘာဝပတ််ဝန်း ကျင် ထိန်းသိမ်းရေး စိတ်ဝင်စာဖို့ လှုံ့ဆော်နိုင်ခဲ့တာကလည်း သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။ မြူယာနဲ့ ပတ်သက်တဲ့ အကြောင်းတွေမှာ သဘာဝကို ဓမ္မဖြစ်အောင် ရေးသားဖော်ပြ နိုင်တာပါပဲ။ သဘာဝက ကျနော်တို့ရဲ့ အယူအစွဲတွေပေါ်မှာသက်ရောက်မှု အများကြီးရှိတယ် ဆိုတာကို သူကပညာသားပါပါ ရေးသားဖော်ပြခဲ့ပါတယ်။ သူ့ကြောင့် အမေရိကန် မှာ ဘုရားနဲ့ သဘာဝက ခွဲမရတဲ့ အမြင်မျိုးကို ဖြစ်လာစေခဲ့ပါတယ်။ ရုပ်ဝါဒတွေပေါ်ကို လက်နက်ချ အရှုံးပေးလိုက်ပြီဖြစ်တဲ့ အမေရိကန်သားတွေရဲ့ ၀ိဉာဉ်တွေကို ကယ်တင် ပေးလိုက်နိုင်ပါတယ်လို့ အတ္ထုပ္ပတ္တိ ဆရာကြီးတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဝေါ်စတာက ရေးသား ဖော်ပြခဲ့ပါ တယ်။

သူသေဆုံးပြီး ၁၇၅ နှစ်မြောက်မှာတော့ စကော်တလန်နိုင်ငံမှာ ဧပြီလ ၂၁ရက်နေ့ကို “ဂျွန်မြူယာနေ့”ဆိုပြီး ကျင်းပကာ သူ့ကို အလေးအမြတ်ပြုခဲ့ပါတယ်။ စကော်တလန် လိုသီယန်အရှေ့ပိုင်းက ဒန်ဘာမြို့ ကျောက်တုံး အိမ်ကလေးက ကလေးလေးတစ်ယောက်ဟာ တောထဲမှာ ငှက်ထောင်ခြောက်ကလေးတွေနဲ့ ငှက်ထောင် ဖမ်းနေချိန်မှာ အပျင်းပြေဖတ်တဲ့ သောမတ်ကာလီ တို့လို ရောဘတ်ဘန်းတို့လို သဘာဝပတ်ဝန်းကျင် အလှအပကဗျာဆရာတွေရဲ့ ကဗျာတွေကို ဖတ်ရင်းက သဘာဝကို ချစ်မြတ်နိုးတတ်လာပြီး အမေရိကားမှာ သူ့ရဲ့ စိတ်ကူးတွေကို ပုံဖော်နိုင်ခဲ့လို့ ကမ္ဘာကျော် တစ်ဦးဖြစ်ခဲ့ရတာကို အလေးအမြတ်ပြု လိုက်ရပါတယ်။

မောင်ယဿ
REF: WiKI

#greenness

About The Author

greenness_mm

No Comments

Leave a Reply