“စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး”

“စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး”

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်သည် ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ ဖြစ်သည်။ ကွန်ရက်၏ လုပ်ငန်းစဉ်များ ထဲတွင် ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်ပြီး လေ့လာရေး၊ ပညာပေးရေး တို့လည်း ပါဝင်သည်။

မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ၆၈ နှစ်အရွယ် ဒေါ်ဒေဝီသန့်စင်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုး၊ စက်ရုံဆောက်မည့်ဒေသရှိ ပြည်သူတို့၏အသံ အရေးပါမှု၊ အစိုးရသစ်လက်ထက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ ရှိသင့်ပုံတို့ကို ပြောပြခဲ့သည်။

သတင်းထောက် ကေဇွန်နွေးက ရန်ကုန်မြို့ရှ အောင်ပင်လယ်မဂ္ဂဇင်းရုံးခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

မေး – ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ဖြေ – ကျောက်မီးသွေးကထွက်တဲ့ ဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထက် လူတွေရဲ့ကျန်းမာရေးကို ပိုမို ဒုက္ခပေးနိုင်တယ်။ အဲဒီဓာတ်ငွေ့မှာ အဆိပ်တွေဖြစ်တဲ့ ပြဒါး၊ ခဲ၊ ခရိုမိုက်လိုမျိုးတွေ ပါတဲ့အတွက်ကြောင့် လူတွေရဲ့ အဆုတ်၊ နှလုံးနဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လေဖြတ်တာ၊ ပန်းနာရင်ကျပ် စတဲ့ ဝေဒနာဆိုးတွေ ဖြစ်နိုင်တယ်၊ ကျောက်မီးသွေးကထွက်တဲ့အမှုန်ဟာ လေထုထဲမှာ ခွင့်ပြုထားတာထက် ပိုများလာရင် လူငယ်တွေ သက်တမ်းမစေ့ဘဲ အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ဖြစ်နိုင်တယ်။

မေး – တချို့နိုင်ငံတွေမှာလည်း သုံးနေကြတာပဲ မဟုတ်လား ဆရာမ။

ဖြေ – နိုင်ငံတကာမှာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်တဲ့နေရာမှာ ဖြစ်ဖြစ်၊ ကျောက်မီးသွေးတူးပြီး စီးပွားရှာတာဖြစ်ဖြစ် ပိတ်သိမ်းနေကြတာတွေများတယ်။ အရင်တုန်းကတော့ မရှိသုံး သုံးရတာပေါ့။ ဒါပေမဲ့နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်ပြီး အစားထိုးစရာတွေ အများကြီးပဲ၊ အထူးသဖြင့် သဘာဝက ထုတ်ယူနိုင်တဲ့ ရေအား၊ နေစွမ်းအင်၊ လေစွမ်းအင်တွေနဲ့ အစားထိုးပြီးတော့ လူ့ရဲ့အသက်အန္တရာယ်၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် မထိခိုက်အောင်

နည်းပညာအသစ်တွေ အသုံးပြုနေတာ တွေ့ရတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ အစိုးရတွေက အဓိကထားပြီး စဉ်းစားသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်တယ်။ မြန်မာပြည်တစ်ခုတည်း လုပ်လို့ မရဘူး။ ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ် Green Policy (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ) ထည့်ပြီးတော့လုပ်မှ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားမျိုးနွယ်တွေအတွက် သက်တမ်းလည်း ရှည်ကြမယ်၊ ကမ္ဘာကြီးလည်း ကျန်းမာမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သဘာဝကပေးတဲ့ လေထု၊ ရေထု၊ မြေထုပေါ်မှာ အခြေခံထားတာ။ လေကို ရှူနေရတယ်၊ ရေကို သန့်ရှင်းမှုအတွက်၊ စိုက်ပျိုးရေးနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကို သုံးနေရတယ်။ မြေဆိုရင်လည်း အိမ်ရာဆောက်နေရတယ်၊ စိုက်ပျိုးနေရတယ်။ ဒါကြောင့် ဒီရေထု၊ လေထု၊ မြေထုတွေ ညစ်ညမ်းကုန်ရင် လူတွေရဲ့ စားဝတ်နေရေးပါ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို သီးသန့်ဝန်ကြီးဌာနအဖြစ် ထားသင့်တယ်။ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေနဲ့ အရင်တုန်းက နှစ်ငါးဆယ်လုံးလုံး အဲဒီဝန်ကြီးဌာန မရှိခဲ့ဘူး။ အခုရှိပြန်တော့လည်း သစ်တောဝန်ကြီးဌာနနဲ့ တွဲထားတယ်၊ လူသားတွေအတွက် အခြေခံအကျဆုံး၊ အကျယ်ပြန့်ဆုံး ကိစ္စရပ်ကြီး တစ်ခုအတွက် ဝန်ကြီးဌာန သီးသန့် ရှိသင့်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး အကုန်လုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့ မလွတ်ကြဘူး။ အိန္ဒိယမှာ ၁၉၈ဝ တုန်းက ကြက်သွန် ၁ဝ ရူပီးကနေ ၈၈ ရူပီး ဖြစ်သွားတဲ့အချိန်မှာ အင်ဒီရာဂန္ဒီအစိုးရ ပြုတ်ကျသွားတယ်၊ အီဂျစ်မှာ ဆိုလည်း ဒီအတိုင်းပဲ၊ ကောက်ပဲသီးနှံဈေးတွေ တက်လာတဲ့အခါမှာ သမ္မတမူဘာရက် ဒုက္ခရောက်တာပဲ၊ ပြည်သူတွေက ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို မလိုချင်ကြဘူး။ ဒါပေမဲ့ ကမ္ဘာမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးနိုင်ငံတွေ အရမ်းနစ်နာတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ပြောင်းလဲမႈတွေ၊ ဆုတ်ယုတ်မှုတွေက နိုင်ငံချင်း ဆက်စပ်နေတယ်၊ ဥပမာ အင်ဒိုနီးရှားမှာ တောမီးလောင်တယ်၊ သူ့ဟာသူ မီးလောင်တာ (အိမ်နီးချင်း) မလေးရှားနဲ့ စင်ကာပူကကျောင်းတွေပိတ်၊ လေယာဉ်ခရီးစဉ်တွေ ဖျက်ရတယ်၊ သဘာဝကိုက တောတောင်ရေမြေ၊ ပင်လယ်သမုဒ္ဒရာတွေကို ကာဆီးထားလို့မရဘူး။ အဲ့ဒီအတွက်ကြောင့် နိုင်ငံတိုင်း Green Policy ရှိသင့်တယ်။ မဟုတ်ရင် ကမ္ဘာဟာ ဒီထက် အပူချိန်တွေ တက်လာမယ်၊ ရေခဲတောင်တွေ ပြိုမယ်၊ ပင်လယ်ရေတွေ မြင့်တက်လာမယ်။

မေး – အစိုးရသစ်လက်ထက်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သီးသန့်ဝန်ကြီးဌာန ထားရှိပေးဖို့ လွှတ်တော်ထဲကတစ်ဆင့် တောင်းဆိုသွားဖို့ ရှိပါသလား။ ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ – အဲဒါကတော့တောင်းဆိုရမှာပဲ၊ ဘယ်လိုအချက်အလက်တွေ ပြင်ဆင်ထားလဲဆိုရင် မြန်မာအစိမ်းရောင်ကွန်ရက်အနေနဲ့ တိုင်းပြည်အတွက်လိုအပ်လာရင် ကျွမ်းကျင်တဲ့ ပညာတွေနဲ့ ပံ့ပိုးဖို့ဆိုပြီးတော့ စေတနာ့ဝန်ထမ်းအဖွဲ့ကို ပညာရှင်တွေနဲ့ ဖွဲ့ထားတယ်၊ အဆိုးရောအကောင်းရော ချပြမယ်၊ ဘယ်သူတာဝန်ပေးပေး မပေးပေး မြစ်ဆုံ၊ လက်ပံတောင်း၊ အခုနောက်ဆုံးကျောက်မီးသွေးကိစ္စမှာ မြန်မာအစိမ်းရောင်ကွန်ရက်သည် အစိုးရနဲ့ပြည်သူလူထုကြားမှာ ထိန်းညှိပေးတဲ့အဖွဲ့ပဲ ဖြစ်တယ်၊ လိုအပ်တဲ့အခါ ရေတွေ၊ မြေတွေကို နိုင်ငံတကာစံနှုန်းနဲ့ စမ်းပေးတယ်၊ ဒါတွေကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ပို့တယ်။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးပြောရမှာ ပညာရှင်စစ်စစ်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲ့ဒီလိုပြောခြင်းအားဖြင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို အလေးထားပြီး ကာကွယ်ရာလည်းကျတယ်။ မဟုတ်တာတွေလုပ်နေတာကို မထောက်ပြဘူးဆိုရင် တိုင်းပြည်နဲ့ပြည်သူအပေါ်မှာ ဒီပညာရှင်တွေဟာ သစ္စာဖောက်တာပဲလို့ မြင်တယ်။

မေး – အစိုးရသစ်လက်ထက်မှာ ဒီကျောက်မီးသွေးအသုံးပြုမှုနဲ့ ပတ်သက်ပြီး ဘယ်လိုပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ – ကျောက်မီးသွေးကိစ္စကို လက်ရှိ အစိုးရတောင်မှ Clean Coal Technology (သန့်စင်တဲ့ကျောက်မီးသွေး နည်းပညာ) ဆိုပြီးတော့ သူက ပြောနေတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်အားလုံးကတော့ လက်မခံဘူး၊ ဘာကြောင့်လဲ။ အစိုးရဟာ Clean Government မဖြစ်သေးဘူး၊ လာဘ်စားမှုတွေက အများကြီးရှိသေးတယ်၊ ဥပဒေတွေ ထုတ်ပြန်ပေမဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါနေတုန်းပဲ၊ ဥပမာ သစ်နဲ့ပတ်သက်ရင် တရုတ်တွေကို ဖမ်းပြလိုက်တယ်၊ ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ သဘောက မညီမျှတဲ့ ဥပဒေတွေနဲ့ဆိုတော့ ဒါကိုလုပ်လို့မရသေးဘူးပေါ့၊ ဂျပန်တွေနဲ့တွေ့တဲ့အခါ ဒီကလူတွေပြောနေသလို ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ဘယ်လိုမှ Clean Coal မဖြစ်နိုင်ဘူး ဆိုတာကို ဂျပန်တွေက ဝန်ခံတယ်၊ သူတို့က ကမ္ဘာမှာ နည်းပညာ အရမ်းလည်း ကောင်းတယ်၊ ငွေကြေးလည်း တတ်နိုင်တယ်၊ သူတို့ကကျောက်မီးသွေးကို ပြန်လည်မွမ်းမံပြီး သန့်စင်အောင်၊ ပတ်ဝန်းကျင်ကို မထိခိုက်အောင်လုပ်ပြီးတော့မှ သုံးစွဲတာဖြစ်တယ်လို့ ပြောတယ်၊ ပင်လယ်ကိုလည်း အကာအကွယ်တွေ ပေးရတယ်၊ မြေအောက်ကိုလည်း ကာဗွန်ဒိုင်အောက်ဆိုက်တွေထည့်ရတယ်၊ ကာဗွန်တွေ ကောင်းကင်ပြင်ကို ရောက်မသွားဖို့ မြေအောက်ထဲ သိုလှောင်တဲ့ပညာရပ်ကို က အမေရိကမှာ သုသေတနလုပ်တာ နောက်ဆုံးတော့ အဲဒီသုတေသနလုပ်ငန်းကို ပိတ်လိုက်တယ်၊ ငွေရေးကြေးရေး မတတ်နိုင်တော့လို့။ မြန်မာပြည်အနေနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ သာမန် ဘီယာလေး၊ ကြာဇံစက်ရုံလေးမှာ ဘာမှရှုပ်ထွေးတဲ့စနစ် မပါတာတောင်မှ ထွက်တဲ့အနံ့အသက်နဲ့ စွန့်ပစ်ပစ္စည်းကိစ္စတွေကို စက်မှုဇုန်တွေမှာ သေသေချာချာ မလုပ်ထားနိုင်ဘူး။

မေး – ကျောက်မီးသွေးအသုံးပြုမှု ရပ်တန့်သွားရေးအတွက် ဘာတွေ ဆက်ပြီး လုပ်ဖို့ စိတ်ကူးထားပါသလဲ။

ဖြေ – လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်သွားမယ်။ ဒီအစိုးရကိုလည်း စာတင်ပြီးပြီ၊ ပြောပြီးပြီ၊ ဒါပေမဲ့ သူတို့ဆက်လုပ်တယ်၊ စာအုပ်တွေထုတ်ပြီးပြီ၊ ပြည်သူတွေကိုလည်း နားလည်အောင် အကောင်းအဆိုး ချပြပြီးပြီ။ ဒေသခံတွေက လက်ခံမှဖြစ်မှာ။ ဒေသခံတွေ သဘောပေါက်အောင် သူတို့ကို သင်တန်းတွေ၊ ပညာပေးမယ်၊ စာအုပ်တွေနဲ့နားလည်အောင်လုပ်ပေးမယ်ဆိုရင်၊ ဒါ သူတို့ကိုယ်တိုင် လက်မခံဘူးဆိုရင် ဒီမိုကရေစီစစ်စစ်နိုင်ငံတွေမှာ ပြည်သူလူထုရဲ့အသံ ပြည်သူလူထုက မကြိုက်ဘူး၊ မလိုချင်ဘူးဆိုရင် အဲ့ဒီအစိုးရအနေနဲ့ လုပ်ကိုမလုပ်သင့်ဘူး။

မေး – ကျောက်မီးသွေး ဘေးထွက်ဆိုးကျိုးတွေကို ကျောက်မီးသွေးနဲ့ပတ်သက်တဲ့စီမံကိန်း နယ်မြေက ဒေသခံတွေ သိကြပါသလား။

ဖြေ – သိတယ်၊ သူတို့သိတယ်၊ မိုင်းနင်းအင်ဂျင်နီယာတွေ၊ စာအုပ်တွေက တစ်ဆင့်၊ သင်တန်းတွေကတစ်ဆင့် သူတို့ သိတယ်။ သိသွားတဲ့အခါမှာ ကုမ္ပဏီက ဆင်းမယ်၊ Clean Coal အကြောင်း ပြောမယ်၊ တစ်ခါ အစိုးရကလာပြီး အလုပ်တွေရမယ်ဆိုပြီး ညှိနှိုင်းမယ်ဆိုရင် သူတို့က မေးခွန်းတွေ ပြန်မေးတတ်တယ်၊ ဒါဟာ အရေးအကြီးဆုံးပဲ။ ပညာရှင်တွေ လက်ခံတာ၊ လက်မခံတာထက် ဒေသခံတွေက တကယ်သဘောပေါက်ပြီးတော့ သူတို့အတွက် ဆိုးကျိုးတွေကို သိပြီးတော့ တားမြစ်တာဟာ ပိုပြီးတော့ သဘာဝကျတယ်။

မေး – မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့အကျိုးဆက်တစ်ခုကို ပြောပါရှင့်။

ဖြေ – ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ တီကျစ်ကျောက်မီးသွေးစက်ရုံရှိတယ်၊ ဒေသရဲ့ပတ်ဝန်းကျင် ညစ်နွမ်းသွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့။ သူတို့ အရင်သုံးခဲ့တဲ့၊ စိုက်ပျိုးခဲ့တဲ့၊ ချိုးခဲ့တဲ့ သန့်ရှင်းတဲ့ရေတွေဟာ အရင်က ဒီအရောင် မဟုတ်ပါဘူး၊ အခုအခါမှာ ဒီရေတွေကိုခပ်တဲ့အခါမှာ အောက်မှာ အနည်အမှုန်အမည်းတွေ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ ရေလှောင်ကန်တွေမှာ ဆိုရင်လည်း အမှုန်အမည်းတွေ၊ ဒါတောင်မှ ဒေါ်လေးတို့သွားတုန်းက စက်ရုံတွေ နားထားတဲ့အချိန်ဖြစ်တယ်။ စက်ရုံ မနားထားတဲ့အချိန်သာဆိုရင် အနံ့အသက်တွေရော မသန့်ရှင်းတဲ့လေပါ ရှူရတော့မှာလေ၊ အခုဆိုရင် အဲ့ဒီမှာ ကလေးပျက်ကျနှုန်းက များတယ်လို့ သိခဲ့ရတယ်။

စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးကိစ္စပဲ ဖြစ်ဖြစ်၊ ဒါဟာ တိုင်းပြည်နဲ့ပြည်သူကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးတော့ ဖြစ်စေတာကြောင့် ပြည်သူလူထုက မလုပ်ချင်ဘဲ၊ ဆန္ဒ မပါဝင်ဘဲဖြစ်တဲ့ကိစ္စတွေမို့ တိကျတဲ့ အချက်အလက်တွေနဲ့ ဝိုင်းဝန်း ပံ့ပိုး ကူညီပြီး ပြည်သူနဲ့အတူ ရပ်ပေးနေတာဖြစ်ပါတယ်။ ။

 

ZKN
Published on Jan 10, 2016

#Myanmar Now

About The Author

greenness_mm

No Comments

Leave a Reply