ညဦးလရောင်အောက်က မောင်းထောင်းသံ

ညဦးလရောင်အောက်က မောင်းထောင်းသံ

“ညဦးလရောင်အောက်တွင်ရွာကလေးကို ထုပ်ချင်းခတ်မြည်ဟိန်းသွားသောမုန့်ဆန်းထောင်းလက်ဆုံသည် အိုးစည်နှင့်သမီးမောင်နှံပမာဘုရားသွား၊ ကျောင်းတက်အတူထွက်ပေါ်လာလေ၏။”
တန်ဆောင်မုန်းလဆန်းရက်မို့ ပျိုဖြန်းလေတစ်ယောက်အသွင် ကိုယ်ယောင်ပြနေတဲ့လရေးရေးကိုကြည့်ပြီး ကျွန်မ ဆရာကြီးမင်းသုဝဏ်၏” အိုးစည်သံ “ရသစာတမ်းလေးကိုလွမ်းဆွတ်မိသွား၏။ခတ်ရေစီးကြောင်းထဲမျောပါသွားသော ကျေးလက်အလေ့အထများကို တမ်းတမိသည်။
ရေစီးကြောင်း၏ရွေ့လျားမှုကြောင့်တိုးတက်ပြောင်းလဲခြင်းကိုမျက်နှာမူထားကြရသည့် ကျွန်မတို့သည်် ကျောနောက်ဘက်မှဆုံးရှုံးမှုများအား သတိမမူမိကြချေ။
ဖြူစင်သည့်ဆုံးရှုံးမှုကိုအရင်းအနှီးပြု၍ကောင်းမွန်သည့်တိုးတက်ပြောင်းလဲလာမှုဖြစ်လာစေရန် ညစ်ထေးထေးအရာများ ပါဝင်မှုမရှိအောင် အဆင့်ဆင့်ဆန်ကာချယူနေရခြင်း၊ရေစီးကြောင်း၌အလိုက်သင့်ကူးခတ်နေခြင်း၊ပျော်မွေ့ကြည်သာနေကြခြင်းကြောင့်မေ့လျော့နေကြသည်ဟု ထင်မိသည်။
“ခက်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်
ငါးစီးဆင်ပြောင့် အားပေကို။
ကိုးပိဿာစီး ဓားမကြီး
ရန်မီးသတ္တရုငေါက်လျှင် ပြို”
ဖိုးသူတော်ဦးမင်း၏ ကဗျာပါ လယ်သမားကြီးများ ကျွန်မတို့အထက်တန်းသင်ရိုးညွှန်းတမ်းတွင် ကျန်ခဲ့လေပြီ။စိန်တောင်ကဲ့သိုချွန်ထက်သောခက်ရင်းအစွယ်၊အလေးချိန်ခြောက်ပိဿာစီးသော ဓားမတို့ကိုကိုင်ကာ ငါးစီးဆင်ပြောင်အားနှင့် လယ်သမားကြီးတို့သရုပ် မှေးမိန်လာချေပြီ။ဖေ့သားကြီး၊ညိုကြီး၊နီမ၊ကြာညိုဟူ၍ ရင်ဝယ်သားသို့ ချစ်စနိုးအမည်ပေးသည့် နွားကြီးတို့မရှိကြကုန်ပြီ။
“နီမ …ဟေ့။ပေကပ်ကပ်နဲ့။ဟင်း…နော်….ဟင်း…
ညိုကြီးရေ ရုန်းထားစမ်းပါ…ဖေ့သားကြီးရဲ့”
နွားကြီးအမည်များခေါ်ပြီး မိုးရေထဲစုပ်သပ်ချော့မြူတတ်သော၊လယ်သမားကြီးတို့ ၏ နွားချော့ငေါက်သံတို့ ဆိတ်သုဥ်းပြီး လယ်ထွန်စက်သံတို့မင်းမူကုန်ကြ၏။”လက်မှု့လယ်ယာမှ စက်မှု့လယ်ယာသို့ “ချီတက်သွားကြသည့်အခါ လယ်သမား၊ကောက်စိုက်သမားတို့၏ပင်ပန်းချိန်ကိုဖွင့်ဟအပန်းဖြေသည့် ကောက်စိုက်တေးတို့ ကွယ်‌‌ပျောက်ကုန်၏။
“အကျွန်တို့လယ် ကောက်စိုက်တုန်းက
ပြုံးလိုက်သည့်အကောင်ဟာရယ်
သင်းပါရဲ့လာအေ့။”
ထိုသို့ကောက်စိုက်သမများ၏ ‌ မြူသံ၊ကလူးသံကျေးလက်ရိုးရာတေးများကို ရှေးကဗျာများအဖြစ်သာလေ့လာကြရ‌ေလပြီ။ကျွန်မတို့ငယ်ငယ်က မုန့်များကို ပြပွဲ၊ပြိုင်ပွဲများအဖြစ်အခမ်းအနားများတွင် ထည့်သွင်းပြသလာကြသည့်အခါ ကျွန်မအထူးကျေးဇူးတင်မိပါ၏။နည်းပညာတစ်ခုတိုးတက်လာလျှင် တစ်ခုဆုတ်လျော့ပေးရသည်မှာ မှန်သော်
လည်းတချို့အရာများကမထိန်းသိမ်း၍ပျောက်ကွယ်ရခြင်း၊လက်ဆင့်ကမ်းပေးခြင်းကို တန်းဖိုးမထားခြင်းကြောင့် ကွယ်ပျောက်ကုန်သည်ဟု ထင်မိပါသည်။
တလင်းဟုပြောပြလျှင် ခက်ဆစ်အဖွင့်ထဲ၌အပြေး ရှာကြပါလိမ့်မည်။စပါးအလှိုင်းများ၊အစီးအရီထပ်ထားသောကောက်လှိုင်းပုံကြီး‌ပေါ်၌နွားနှစ်ကောင်ယှဥ်တွဲပြီးတစ်ပတ်ပြီး၊တစ်ပတ် ပတ်ပြီးနင်းခြွေရခြင်းကိုစပါးနှယ်ခြင်း၊လှေ့ခြင်းများအားတွေ့နိုင်တော့မည်မဟုတ်။ဆောင်းလေသုန်သုန်၊နှင်မှုံမှုံထဲ စောင်ကြားကြီးပတ်ပြီးသူစာရင်းငှား(လယ်ကူလီ၊အလုပ်သမား၊ခေါ်သည်)များ၏တွံတေးသိန်းတန်၊အောင်သူ၊မင်းအောင်၏သီချင်းများ အော်ဆိုတတ်သည့်အသံဝါဝါကြီးများအား ကြားဖူးမည်မဟုတ်။တလင်းဖြင့်နှယ်ရသည့်အကျင့်မှ ချွေလှေ့စက်ဖြင့်သာ ရိတ်ချွေကြသည့်ရေစီးကြောင်းထဲ မျောသွားချေလေပြီဖြစ်သောကြောင့်ဖြစ်သည်။
“မျှော့နက်ဆိုတာ ချိုးနဲ့လားကွဲ့
မြွေနဂါးတောင် မကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
သွားကွယ်….. သွားကွယ်။””
ဆိုသည့် ဆရာကြီးမင်းသုဝဏ်ကဗျာလေးကိုနှုတ်ဖြင့်ရွတ်ဆိုပြီး ရင်းနှီးခွင့်ရသည့်မြို့ကြီးမှ ကလေးတချို့က “အုန်းလက်နွား “ဆိုသည်မှာ ဘာလိုအရာလဲဟု လာမေးသည့်အခါ ကျွန်မစာသင်ခန်းထဲမှ ဆရာမများကို မချင့်မရဲဖြစ်မိ၏။
“ကြာရိုး၊ကြာဆွယ်
ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ရိုး ဆွဲပါ့မယ်”
“ရွှေ‌ကြာဆစ်ကြိုး”ဆိုသည်မှာ ကြာတိုင်းချိုး၍မရဟုထည့်သွင်းရှင်းပြရန် သတိပေးချင်ပါသေးသည်။အဖိုးတန်ကြာချည်ထုတ်၍ရသောပဒုမ္မာကြာကို ကြာဆစ်ချိုး၍ရသည်ဟု အထင်မှား‌နေကြသည့်အခါတိုင်း ကျွန်မသက်ပြင်းကြိတ်ချမိ၏။နှစ်ဆယ်စုနောက်ပိုင်းကလေးသည်မြန်မာ့ရိုးရာစားစရာများ၊ကစားစရာများ၊အလေ့အကျင့်များ၊ယဥ်ကျေးမှု့များအား လက်တွေ့သင်ကြားခွင့်ရဘဲပြတိုက်များ၊ဂူဂဲလ်များမှသာ လေ့လာခွင့်ရသည့်အခါ ကျွန်မအတော်အားနာမိပါသည်။
ပြောင်းလဲတိုးတက်ခြင်းကို သဘောကျမိသော်လည်း ဖြူစင်သည့်ဓလေ့များ၊ဂါဝရတရားများကိုလက်လွှတ်ပေးရသည့်အခါနှမျောတသဖြစ်ရ၏။
ကျွန်မ၏မိတ်ဆွေတစ်ယောက်က ဆရာမက ဘာအလုပ်လုပ်ပါသလဲဟု မေး၏။ဒီရာသီချိန်ဆိုလျှင် ကျွန်မမုန့်ဆန်းပွဲရုံ လုပ်ငန်းကိုလုပ်ပါသည်ဟု ဖြေပြီး၊မုန့်ဆန်းကိုသိပါသလားဟုမေးမိသည်။ရေနွေးနှင့်ဖျောပြီးအုန်းသီးနှင့်သကြားထပ်ပြီး စားရသည့် မုန့်ဆန်းအား သိပါသည်ဟုဖြေသည်။ကောက်ညှင်းဆန်ကိုပြားသွားအောင်ထောင်းလျှင်မုန့်ဆန်းရသည်ဟု‌ပြောသောအခါ ကျွန်မပြုံးမိသွား၏။မုန့်ဆန်းကိုသိသလားဟု မေးလျှင် ပြုလုပ်စားသုံးပုံကိုပဲတချို့ကသိ၍၊တချို့ကကောက်ညှင်းဆန်ကိုပြားအောင်ထောင်းသည်ဟုပဲ သိကြ၏။၊
မုန့်ဆန်းရရန် မည်သို့အဆင့်ဆင့်ရောက်အောင် ပြုလုပ်ရသည်၊မလွယ်ကူကြသည်ကို မသိကြပေ။ပို၍ဆိုးသည်မှာ မုန့်ဆန်းဆိုသည်မှာကောင်ညှင်းဆန်မဖြစ်သေးသည့် အပျိုဖော်ဝင်စ ‌ ကောက်ညှင်းစပါးနုနု‌ေလးအား ထောင်းရသည်ဟုမသိခြင်းဖြစ်သည်။တချို့က ။
လယ်သမားကြီးတို့ မုန့်ဆန်းထောင်စပါးဟူသမျှထောင်း၍ရသည် ဟုထင်ယောင်ထင်မှားဖြစ်ကြသေး၏။
လယ်သမားကြီးတို့ မုန့်ဆန်းထောင်းစားရသည့် ရည်ရွယ်ချက်က ရိုးရှင်းပါ၏။လယ်သမားကျောမွဲကြီးများ၏ မိသားစု၊လယ်နီချင်းပွဲတော်ငယ်ဟုသာ ကျွန်မတင်စားချင်ပါ၏။ကောက်သစ်ပေါ်စအချိန်လယ်သမားကြီးမိသားစု၏ စည်းလုံးမှု့နှင့်ချစ်ခင်မှု့ကို ပြသောပြယုတ်၊ဓလေ့တစ်ခုဆိုလည်း မမှားနိုင်ပေ။လယ်သမားကြီးများသည် မိမိလယ်တိုင်း၌ကောက်ညှင်းစပါးကိုမဖြစ်မနေထည့်သွင်းစိုက်ပျိုးကြရ၏။ထိုကဲ့သို့ထည့်သွင်းစိုက်ပျိုးမှ လယ်စိုက်ပျိုးခြင်း အင်္ဂါရပ်ပြည့်စုံပြီးဟု သတ်မှတ်ကြသည်။ကောက်သစ်စားပွဲအဖြစ် မိမိလယ်မှထွက်သောကောက်ညှင်းပေါ်ဦးပေါ်ဖျားများ အကုန်အစင်မရင့်မမှည့်သေးသည့်အချိန်ကိုရိတ်၊ချွေပြီးမုန့်ဆန်းအဖြစ် ပြုလုပ်စားသုံးခြင်း၊လယ်နီးချင်းများအား မုန့်ကမ်းသည့်အကျင့်ပြုလုပ်ခြင်း၊ရေငံပိုင်ခေါ်ဦးရှင်ကြီးနတ်အား ပူဇော်ပသကြသည်ယဥ်ကျေးမှု့လေးသာဖြစ်သည်။
ကျွန်မတို့ကလေးဘဝတွင် နှင်းနှင့်မိုး နယ်မြေလု၍ အအေးဓာက်ပြိုင်ကြသည့်ရာသီအကူး၊မိုးနှင်းစိမ့်စိမ့်ဝေဝေကြားလယ်ကန်သင်းရိုးပေါ်ပြေးလွှားပြီး ကစားကြသည်။စပါးရွက်အဖျားများမှတွယ်ခိုနေသည့် နှင်းစက်များကိုမ မှုဘဲအတင်းတိုးဝင်ပုန်းခိုပြီး စပါးအသီးအိတ်(အဖုံး)လေးများကိုကို စွဲထုတ်၍စားကြ၏။ကောက်ညှင်းစပါးပင်သည်စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း(၁၅၀) တွင်းစတင်အရွယ်ရောက်ပြီး အသီးအိတ်လွယ်ကြ၏။ထိုအရွယ်ကို” ဖုံးတုံး၊လုံးတုံး တန်ဆောင်မုန်း”ဟုလယ်သမားများကစာချိုး၍ မှတ်ကြသည်။ထိုသို့ဖုံးသည့်အချိန်၊လုံးသည့်အချိန်သည် (၇)ရက်မှ(၁၀)ရက်တွင်းကြာ၏။ ထိုကာလတွင်ကျွန်မတို့ကလေးများတစ်သိုက်သည်စပါးပင်များကိုဆွဲထုတ်ပြီး အသီးအိတ်အတွင်းမှ(အဖုံး) စပါးနှံနုနုချိုချိုလေးများကို စားကြ၏။အများကြီးစားမိသည့်အခါတိုင်း ချောင်းဆိုးတတ်၍မေကြီးဒုတ်ချက်အောက် ရောက်ဖူးရ၏။
ထိုစပါးအသီးအိတ်များသည် အနှံအဖြစ်အပေါ်သို့တိုးထွက်လာပြီးစပါးနှံအဖြစ် အပွင့်လှန်းခြင်း၊ဝတ်မှုံကူးခြင်း၊မျိုးအောင်ခြင်းများကိုပြုလုပ်ကြသည်။ထိုသို့ထွက်ရန်ရက်ပေါင်း(၇)ရက်မှ(၁၀)ရက်အတွင်းကြာတတ်သည်။ထိုနောက် စပါးပင်များကိုကြည့်ပြီး”စပါးများအထွက်စုံပြီ”ဟုလယ်သမားကြီးတို့က သတ်မှတ်လိုက်၏။ထိုသို့အထွက်စုံလျှင်အနှံများသည် နို့ရည်စတည်ကြ၏။စပါးနှံများသည် နို့ရည်အဖြစ်(၁၀)ရက်သားခန့်နေပြန်သည်။နို့ရည်ဝင်ပြီး နှံဖျားငိုက်ဆင်းလာသည့်အချိန်ကို လယ်သမားများက”နှံဖျားစွဲပြီး”ဟုသုံးနှုန်းကြ၏။နှံဖျားစွဲပြီးနောက် ရက်ပေါင်း( ၁၀)ရက်ခန့်တွင်စပါးနှံမှနို့ရည်သည် တဖြည်းဖြည်းခဲလာပြီး အညိုရောင်အဖြစ်ပြောင်းလဲလာ၏။ထိုမှတဆင့် ရင့်မှည့်ခြင်းကိုစပါးနှံ၏အဖျားမှ စတင်ဆောင်ရွက်သည်။စပါးနှံ၏ ဂုတ်သီး(အရင်းကိုခေါ်ခြင်း၊အရင်းမှအသီး)သည် ဝင်းမှည့်ရန်သုံး၊လေးစေ့မျှကျန်သည့်အနေရောက်လျှင်လယ်သမားများသည်မုန့်ဆန်းထောင်းစား၍ရပြီဟု သိကြကုန်သည်။ကောက်ညှင်းဆန်အဖြစ်လုံးလုံးမရောက်သေးသည့် ပျိုဖော်ဝင်စအရွယ်၊စပါးစေ့မနုမရင့်အရွယ်ကို မုန့်ဆန်းအဖြစ်ထောင်းစား၍ရသော အကောင်းဆုံးအရွယ်ဟုသတ်မှတ်ကြပါ၏။ထိုနောက် စပါးများအကုန်အစင်ရင့်မှည့်ပြီး”မောင်းညို”သည့်အထိ မှည့်မှကောက်ညှင်ဆန်အဖြစ်ရိတ်ကြသည်။(စကားချပ်။ကြာချိန်များသည် ခန့်မှန်ချိန်သာဖြစ်၏။ ရာသီဥတု၊မျိုးစပါးစိုက်ပျိုးချိန်ပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။)
“ချမ်းဆောင်ရွှေ ရဝေတွင်းမှာလ
ချမ်းပေါင်လေ တဖေတင်းသော်လည်း
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်”
အချုပ်တန်းဆရာဖေ၏ လေးချိုးအတိုင်းခိုက်ခိုက်တုန်သည့်လ ၊စောင်ခြုံထဲကွေးပြီး ထွေးလို့မလုံသည့်လ၌ မောင်းသံကိုဂီတလုပ်၍အိပ်စက်ရသည့်အရသကို ကျွန်မတပ်မက်ပါ၏။
“မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
သွေးလန့်လို့ခုန်။”
နှင်းသံတပေါက်ပေါက်ကြား ချွေးသံတပြိုက်ပြိုက်ထွက်အောင် ထောင်းရသည့် လက်ဆုံကြောင့် လယ်သမားကြီးတို့ကသွေးလန့်၍မခုန်ပါ။ကျွန်မတို့အောက်ပြည်၌ မောင်းဆုံဆိုသည်မှာလူ့တစ်ဖက်စာသစ်လုံးအရင်းပိုင်းကြီးကို အလယ်တွင်အုန်သီးလုံးခန့်သာထွင်းထားသည့် သစ်သားဆုံကြီးဖြစ်သည်။ထိပ်နှစ်ဖက်တွင် ပေါင်ရင်းသားနီးနီးတုတ်ခိုင်ပြီးအလယ်တွင်လက်ကိုင်ရုံမျှသာထွင်းထားသည့် သစ်သားကျည်ပွေ့နှင့် မောင်းဆုံ၏ ထွင်းထုသည့်သစ်သားမောင်းဆုံအပေါ်မူတည်၍ အသံအလွန်သာကြ၏။ဆရာကြီးမင်းသုဝဏ်စာမှ”ရွာလေးကို ထုပ်ချင်းခတ်သွား”သည့်မောင်းထောင်းသံမှာ လယ်သမားကြီးတို့၏ပိတောက်သား၊ပိန္နဲသား၊ပျဥ်းကတိုးသားများ၏ မောင်ဆုံဟိန်းသံဖြစ်ပါလိမ့်မည်။
ယခုအခါလယ်သမားကြီးတို့၏ဟိုအိမ်၊သည်အိမ်မှမောင်းထောင်းသံသည် သဲ့သဲ့မျှပင်မကျန်တော့ပေ။ခေတ်မီလယ်သမားကြီးမိသားစုတို့မောင်းထောင်းရန် လက်လျော့လိုက်ကြသော်လည်း လပွတ္တာမြို့နှင့်ငါးမိုင်ဝေးသည့် ညောင်လိန်ဆိုသည့်ကျွန်မရွာလေးတွင် မုန့်ဆန်းမောင်းဆုံသံလေးကို ယခုချိန်ထိကြားနိုင်ပါသေးသည်။ဖိရိုးဖလာမောင်းထောင်းတတ်ကြသည့် လူအချို့မှ မောင်းသံကြားလျှင်ထောင်းချင်လာသည့်စိတ်ကြောင့်သာ ကြားခွင့်ရနေခြင်းဟုဆိုလျှင် ပိုမှန်ပါလိမ့်မည်။ကောက်သစ်ပေါ်ချိန်ရောက်တိုင်း မောင်းသံတုံ……တုံ….တုံ.မြည်သံနှင့်မောင်းဆုံထဲမှ ပူပူ၊ထွေးထွေးမုန့်ဆန်းကိုထိုရွာလေး၌ရနိုင်ပါ၏။လယ်သမားကြီးများမှကောက်ညှင်းစပါးကို ဝယ်ယူပြီး စီးပွားရေးစျေးကွက်အဖြစ်ပွဲရုံများမှထောင်ကြခြင်းဖြစ်သည်။လက်ဆင့်ကမ်းယူမည့် လုပ်သားမရှိခြင်းကြောင့် တစ်နှစ်ထက်တစ်နှစ်မောင်းဆုံတို့နည်းပါးလာခြင်းက ကြေကွဲစရာပါ။
ကျွန်မမုန့်ဆန်းအဖြစ်အဆင့်ဆင့်ပြုလုပ်ရပုံကို ပြောပြချင်ပါသေး၏။ပထမဆုံး အဆင့်အ‌နေဖြင့် ကျွန်မတို့သည်မုန့်ဆန်းစပါးကိုဝယ်ယူပြီးသည့်အခါ ကောက်သစ်စပါးဘယ်မျှ ဖြစ်ပါစေ ရေစိမ်ရပါ၏။ထိုသို့ရေစိမ်ရခြင်းမှာမျိုးမအောင်သည့်စပါးအဖျင်းများ(ကျွန်မတို့အခေါ်အဖော) ဖယ်ပစ်ရန်ဖြစ်သည်။ရေထဲသို့ထည့်လိုက်လျှင် ပေါ်လာသည့်စပါးစေ့များကို အဖောဟုသတ်သတ်မှတ်မှတ်ထား၏။စပါးစေ့များမှည့်သည့်အချိန်မညီညာခြင်းကိုလည်း ထိန်ညှိရန်လည်းဖြစ်၏။ရေစိမ်ရမည့်ကြာအချိန်ကို စပါးစေ့အနု၊အရင့်ပေါ်မူတည်၍ သတ်မှတ်ထား၏။ထိုအဖောများကို မုန့်ဆန်းစပါးစေ့ထဲမှမဖယ်ထုတ်လျှင်ဖွဲခေါင်း၊မှည့်စွဲသို့ ရောက်ရှိပါဝင်ကုန်၏။ ထိုသို့ပါလာလျှင် မသန့်ရှင်းသောမုန့်ဆန်းကိုသာရ၏။
မုန့်ဆန်းအတူထောင်းကြမည့်အဖွဲ့ငယ်ကို”အဆိုင်း”ဟုခေါ်ပြီး အဆိုင်းတစ်ဆိုင်းတွင် ထောင်သူ၊လှော်သူ၊မွှေသူဟူ၍သုံးဦးဖြင့်ဖွဲ့ထား၏။တစ်ဦးတစ်ယောက်ထဲ ကောင်းမွန်၍မရဘဲ၊စည်းလုံးပြီးအပေးအယူမျှမှသာ မုန့်ဆန်းကောင်းကောင်းကိုရရှိနိုင်သည်။မုန့်ဆန်းထောင်းရန်မီးဖိုတည်သည့်အခါ ရိုးရိုးမီးဖို၍မရပေ။၊စပါးထည့်လှော်ရမည့် သံဒန်နှင့်တိုင်းကာငုံပြီး၊ရွှံ့နှင့်မံထားရ၏။အရှေ့ထင်းထိုးမည့်အပေါက်တစ်ပေါက်၊နောက်မှမီးကျည်းခဲပြာများထုတ်ရန်အပေါက် နှစ်ပေါက်ထားပြီးအလည်ကိုဒယ်အိုးနှင့် အံဝင်ခွင်ကျတိုင်းပြီး ဖိုရခြင်းဖြစ်သည်။
မီးဖိုနားမှ အချိန်အကြာကြီးလှော်ရမည့် အလှော်သမားအားမီးညွှန့်အပြင်ထွက်ပြီး မီးမပူစေရန် ယခုလို ဖိုကြခြင်းဖြစ်၏။ဒုတိယအဆင့်အနေဖြင့် စပါးစေ့ကိုလှော်ရန်ပြင်ဆင်ရ၏။မီးဖိုမှ တစ်မီးကျသည့်အထိ၊မီးကျည်းရသည့်အထိစောင့်ပြီး ဒယ်အားအပူချိန်ပေးရ၏။မီးအရမ်းပြင်းခြင်း၊ပျော့ခြင်းမဖြစ်အောင်လည်းအထူး ဂရုစိုက်ရသည်။အရမ်းမီးပြင်းသွားပါက ကောက်ညှင်းစပါးစေ့များသည်ပေါက်ပေါက်များဖြစ်ကုန်ပြီး မီးပျော့သွားပါက မနူးမနပ်ဖြစ်ကုန်၏။
လှော်မည့်သူကသံဒယ်ပူလာလျှင် ကောက်ညှင်းစပါးစေ့များကို တန်းထည့်လှော်ခြင်းမပြုလုပ်ဘဲအစေ့အနည်းငယ်ပစ်ထည့်စမ်းသပ်ကြ၏။စက္ကန့်ပိုင်းအတွင်း စပါးစေ့လေးမှ ဖောက်ခနဲမြည်သွားပြီး ဖြူဖြူလွှလွှပေါက်ပေါက်ပွင့်လေးပွင့်လျှင်လိုအပ်သည့်ဒယ်အပူချိန်ရပြီဟု အလှော်သမားက သူ့အတတ်ပညာနှင့်အချိန်အဆလုပ်၏။စပါးကိုစတင် ထည့်ပြီးလှော်ခါစအချိန်သည်ရေခြောက်အောင်ဦးစားပေးလှော်ရသည့်အဆင့်ဖြစ်သဖြင့် ဖြည်းဖြည်းခြင်း လှော်ပေးရ၏။ရေခြောက်သည့်အဆင့်မှ ကျော်လွန်လျှင် အနူးအနပ်ညီညာစေသည့်အဆင့်ဖြစ်သဖြင့် မြန်မြန်လှော်ပေးရပါသည်။ဒယ်ထဲစတင်စပါးစေ့ထည့်ချိန်မှစ၍ မပြတ်တမ်းလှော်ပေးရမည့်အလှော်သမား၏ ပညာကိုထိုအချိန်မြင်တွေ့ခွင့်ရနိုင်၏။ယောင်းမကိုင်ပုံ နည်းစနစ်မှန်ကန်ခြင်း၊အလှော်နှံ့ခြင်း၊မနှံ့ခြင်းကို ‌ဒယ်ထဲမှပွင့်သည့်ပေါက်ပေါက်ပွင့်များဖြင့် သက်သေပြုကြ၏။ပေါက်ပေါက်မပွင့်အောင် လှော်နိုင်သူသည် အလှော်ပညာပြည့်ဝပြီဟုသတ်မှတ်၍ရ၏။
အလှော်မကောင်းသည့်အခါ ထောင်းမည့်သူ၊မွှေမည့်သူဘယ်မျှကောင်းနေပါစေ မနူးမနပ်မုန့်ဆန်း၊အကြေများသည့်မုန့်ဆန်း၊ဖြူစုတ်စုတ်ကြွပ်ဆတ်ဆတ်မုန့်ဆန်းများသာရ၏။အလှော်ညီညာ၍ ထောင်ရန်အသင့်တော်ဆုံးစပါးစေ့ကို စမ်းသပ်နည်းမှာလည်း ပညာသားပါ၏။ဝါရင့်အလှော်သမားများသည် ဒယ်ထဲမှမုန့်ဆန်းစပါးစေ့အရောင်ကိုမြင်ရုံနှင့် သိနိုင်သူရှိသကဲ့သို့၊ ဒယ်အိုးထဲမှလှော်နေရင်းစပါးစေ့အား ကောက်ယူကိုက်ကြည့်ပြီး ပါးစပ်ထဲဖောက်ခနဲ့မြည်၍ အိအိလေးအဖြစ်ရောက်လျှင် အထောင်သမားအား ရပြီး၊ချ ဟုအချက်ပြ၏။ထိုသို့အလှော်သမားမှ မစမ်းသပ်တတ်လျှင်အထောင်းသမားက ဆန်ကောထဲစပါးစေ့ပူပူကြီးကို လက်ညိုးလေးဖြင့် ဖိတွန်းပွတ်ကြည့်ပြီးစမ်းသပ်သည်။အခွံလေးကျွတ်သွားပြီး ကောက်ညှင်းဆန်ပျော့ပျော့လေးမှ ဖိလိုက်၍အိဆင်းသွားပြီး လက်ရုတ်လိုက်သည့်အခါပြန်ဖောင်းလာသည့်အနေရောက်လျှင် ထောင်း၍ရပြီဟုသတ်မှတ်ကြခြင်းဖြစ်သည်။
တတိယအဆင့်အဖြစ် မောင်းထောင်းခြင်းကိုပြုလုပ်ကြပြီး အထောင်းသမား၏ ပညာကို စတင်လေ့လာခွင့်ရ၏။စပါးစေ့ပူပူကို စတင်ထောင်းစသည် ကျည်ပွေ့၏ အလေးချိန်အတိုင်း သာသာကလေးချရ၊ထောင်းရ၏။
အားလုံးဝမထည့်ရပေ။ထိုသို့မဟုတ်ဘဲ အားထည့်မိပါက မုန့်ဆန်းများသည်ပူးတွဲကုန်ပြီး၊ခဲတတ်ကုန်၏။ဖြည်းဖြည်းခြင်းကျည်ပွေ့အားအလေးချိန်ဖြင့်ထောင်းသည့်အခါ စပါးစေ့များအခွံကျွတ်လာပြီး၊ကောက်ညှင်းပျော့ပျော့လေးများက ပြားစဖြစ်လာမှ အားထည့်ထောင်းရခြင်းဖြစ်သည်။ထိုသို့ထောင်းသားကကျည်ပွေ့ကိုပင့်မြှောက်သည့် အချိန်လေးအားအမိအရဖမ်းဆုတ်ပြီးအမွှေသမားက ဆုံထဲသို့ဆတ်ခနဲလက်ထိုးနှိုက် မွှေပေးရ၏။ကျည်ပွေ့အကျတွင် လက်နုတ်အပြီးဖြစ်စေရန်တွက် စည်းချက်မှာလည်းအလွန်အရေးကြီး၏။စက္ကန့်ပိုင်းမျှသာရသော ကြာချိန်အတွင်းလက်အထုတ်အသွင်းလုပ်ရုံမဟုတ်ဘဲ မုန့်ဆန်းများကို ထိုမွှေကော်ယူပြီးအထက်အောက်လှန်ယူလိုက်ပုံက လက်နှင့်လွတ်ပါ့မလားဟူသောစိုးထိတ်စိတ်ဖြင့် အသည်းယားစရာ၊ကြောက်စရာအလွန်ဖြစ်ရသည်။မောင်းဆုံထဲမှ မုန့်ဆန်းများကိုနှံ့စပ်အောင်၊ဆုံထဲတွင်ကပ်ကျန်နေသည့် နေရာမရှိအောင် ပိုင်နိုင်နှံ့စပ်အောင်မွှေနိုင်သည့်အမွှေသမား၏ ပညာရည်ပြည့်ဝပုံကလေးစားစရာပါ။မုန့်ဆန်းမဖြစ်သေးသည့် စပါးကွဲကြမ်းများကြားမှအမွှေသမား၏ လက်အထုတ်အသွင်း၊ကကြိုးကဟန်ကိုမုန့်ဆန်းလာဝယ်သည့်သူတိုင်းက ငေးမော၊မှင်သက်ရသည့်အထိ သေသပ်ပြည့်စုံလွန်းသည်ဟု တင်းစားပြလိုက်ချင်သည်။မွှေသည့်သူနှင့်ထောင်းသည့်သူ စည်းချက်မှန်မှသာလျှင် လက်ကိုမထောင်းမိခြင်း ဖြစ်သည်။စည်းချက်ကိုလက်မှအလိုလိုသိလာသည့် အမွှေသမားများသည် မွှေလျှက်အိပ်ငိုက်ကြပါဟု ပြောလျှင်ယုံနိုင်မည်မထင်။
ပထမအချီကို သူတို့အခေါ် ပထမဖွဲလို့ခေါ်ကြပြီး ၊ထိုဖွဲတွင် ခဏနားပြီးအခွံကြမ်း၊ဖွဲကြမ်းများကို တစ်ကြိမ်ဆန်ကောနှင့်ပြာထုတ်ကြ၏။ပြာသည့်အခါ အခွံကြမ်း၊ဖွဲကြမ်းများကိုသာပြာပြီး ဖွဲနုနုလေးများကိုချန်ထားပြီး ဒုတိယအချီထောင်းရန် ပြင်ကြရသည်။ပထမဖွဲ၏ မုန့်ဆန်းကိုကြည့်၍ ဘယ်နှစ်ချီနှင့်အပြီးထောင်ကြမည်ဟုအမွှေသမားကသတ်မှတ်၏။အလှော်လို၍ချမိချိန်စောသွားလျှင် မုန့်ဆန်းပျော့လွန်းတတ်၍သုံးချီထောင်းရ၏။အလှော်လွန်၍နောက်ကျမှချမိလျှင် မုန့်ဆန်းမာ၍နှစ်ချီကိုအချက်အရေအတွက် လျော့ထောင်းပေးရသည်။ထိုသို့မုန့်ဆန်းဖြစ်ရန်သုံးချီ၊ နှစ်ချီ၊တစ်ချီခွဲ ဆိုသည့် အချက်အရေတွက် အတိုးအလျော့ကိုထောင်းသည့်သူ နှင့်မွှေသည့်သူမှ အပေးအယူလုပ်ကြခြင်းဖြစ်သည်။
ပထမဖွဲပြာအပြီးဒုတိယအချီ စတင်ထောင်းရသည့်မုန့်ဆန်းသည် အားအပြည့်ထည့်ရပြီး အချက်အရေအတွက်အများဆုံး ဖြစ်၏။ဖွဲနုနုသာချန်ထားပြီးမုန့်ဆန်းများအားထောင်းသည့် အားဘယ်မျှသုံးရသည်ကိုကျည်ပွေ့နှင့်ဆုံထိတွေ့လိုက်တိုင်းထွက်ပေါ်လာသည့်တုံ ၊တုံ ၊ တုံ ဟူသော မြည်သံအား ဆရာကြီးမင်းသုဝဏ်ကရွာလေးကိုထုပ်ချင်းခတ် တယ်ဟုတင်စားခဲ့ပုံရပါသည်။အမွှေသမားနှင့်အထောင်သမား စိတ်ကြိုက်ရသည့်အပြားအနေရောက်လျှင်ဆန်ကာထဲထည့်ပြီး မုန့်ဆန်းဆန်ကွဲကို ချခြင်း၊ဖွဲနုများပြာခြင်း ပြုလုပ်ကြ၏။ကျလာသည့်မုန့်ဆန်းဆန်ကွဲများကို မုန့်ဆန်းထောက်ညှင်းထုပ် ထုတ်ခြင်း၊ဆီထမင်းထိုးစားခြင်းတို့ ပြုလုပ်စားသုံးကြသည်။ဖွဲနု၊ဖွဲကြမ်းများကို ဝက်၊ဘဲမွေးမြူသူများအား ရောင်းချကြသည်။‌နောက်ဆုံးဆန်ကာထဲ တင်ကျန်ခဲ့သည့် ကောက်ညှင်းအပြားညီညီ၊အိအိထွေးထွေးများကိုမုန့်ဆန်းအဖြစ်အပြည့်အဝရောက်ပြီဟု သတ်မှတ်ကြခြင်းဖြစ်သည်။
မုန့်ဆန်းကို လာဝယ်သည့်သူတိုင်းနှင့်ကျွန်မဖြေရှင်းရသည့်ပြသနာကို တင်ပြချင်ပါသေး၏။စပါးတွင်အမျိုးအမည်ပေါင်းအများကြီးရှိသကဲ့သို့ ကောက်ညှင်းစပါး၌လည်းအမျိုးအမည်အများကြီးရှိပါသည်။ကျွန်မလက်ကမ်းမီသလောက် ကောက်ညှင်းအမျိုးအမည်များကို ရှေးလယ်သမားကြီးများ ချစ်စဖွယ်တင်စားအမည်ပေးပုံကို တင်ပြရလျှင်။ကောက်ညှင်းပေါင်းသည့်ဇနီးသည် သည်သူ့ယောကျ်ားအားနိုးရန်သတိမရသည့်အထိကောင်မွန်းကြောင်းတင်စားလို၍ “လင်မနိုး၊ခါးကျိုး”၊စပါးစေ့၏အပေါ်ခွံအရောင်သည်ငါးရှည့်သွေးသကဲ့သို့ ရဲရဲနီနေပြီး မုန့်ဆန်းအပြားစိမ်းစိမ်းလေးများဖြစ်သည့်ကောက်ညှင်းအား “ငါးရှည့်သွေး”၊စားရသည့်အခါတိုင်းအီးလွန်းစိမ့်လွန်းသည့်ကောက်ညှင်းအား “ဝက်ဆီ”၊ကောက်ညှင်းစေ့လှော်သည့်အချိန်နှင့်ထောင်းသည့်အချိန်မှစတင်မွှေးပျံ့လွန်း၍”နတ်ပြည်မွှေး “”၊ကောက်ညှင်းအမျိုး၊အမည်အများကြီးထဲမှသက်တမ်းအတိုဆုံးကောက်ညှင်းကို “ပေါ်တော်ဦး”၊ဟု‌အမည်ပေးကြကုန်၏။အိတ်သွန်ဖြူ၊ငှက်ပျောညွှန့်၊ပေါက်ဝါကြီးစသည့် ကောက်ညှင်းစပါးအမည်ဆန်းများကိုလည်း ကျွန်မမှတ်သားထားပါသေးသည်။မုန့်ဆန်းကိုလာဝယ်ယူကြသည့်အခါတိုင်း ဒီနေ့မုန့်ဆန်းကအပြားကြီးသည်၊ဒီနေ့ကစိမ်းသည်၊ဒီနေ့ကမွှေးသည်ဟုဆိုကြလျှင်ကျွန်မက စပါးအမည်များနှင့်ယှဥ်တွဲရှင်းပြရပါသည်။
တစ်နှစ်ထက်တစ်နှစ် ထောင်းမည့်သူ၊မွှေမည့်သူ၊လှော်မည့်သူရှားပါးလာခြင်း အပေါ်မုန့်ဆန်းမောင်းဆုံကြီးနှင့်ကျည်ပွေ့ကြီးက ဝမ်းနည်းတတ်‌ပါ၏။လူတစ်ဖက်စာသစ်သားဆုံပိုင်းကြီးနှင့်ကျည်ပွေ့ကြီးအားအထူးအဆန်းသဖွယ် ဓာက်ပုံရိုက်ခြင်း၊မုန့်ဆန်းထောင်းသည့်ပုံရိပ်များအားFbပေါ်တင်ခြင်းပြုလုပ်ကြသည့်အခါတိုင်း ‌ကျွန်မစိတ်ထဲပီတိဖြစ်ရပါသည်။ထိန်းသိမ်းရန်အတွက် ယူပါဟု ပြော၍မရသည့် အမွေအနှစ်လေးသည်နောင်နှစ်အနည်းငယ်အတွင်း ပျောက်ကွယ်ပါတော့မည်။ပြတိုက်အတွင်းလေ့လာစရာတစ်ခုအဖြစ် နောင်လာနောင်သားများအား ထည့်သွင်းလေ့လာခွင့်ရမည့် ယဥ်ကျေးမှု့အမွေလေးအဖြစ်ကား မသေချာပေ။ကောက်သစ်ပေါ်ချိန်ရောက်တိုင်း မုန့်ဆန်းနွေးနွေးလေးစားချင်ပါသည်၊မောင်းထောင်းသံကြားချင်ပါသည်၊မုန့်ဆန်းထောင်းခြင်းအပေါ်လေ့လာချင်ပါသည်ဆိုလျှင် လပွတ္တာမြို့အနောက်ဘက်၊ငါးဖာလုံတိတိဝေးသည့် ညောင်လိန်ရွာလေးမှ ကျွန်မဖိတ်ခေါ်လိုက်ပါသည်။
ရွှေရည်ပွင့်ခြယ်

About The Author

greenness_mm

No Comments

Leave a Reply