တမာရိပ်လေညင်း

တမာရိပ်လေညင်း

( တစ် )
တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း
ပုပ်ပါးတောငျကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ်
ပြိုအိကျလာခဲ့ပြီ။ ပုပ်ပါးကတော့ မြူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။
ဥတုရာသီအပေါ် တည်မှီပြီး စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နှင့်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ်ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ညနေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူနေ…ညှို့နေသလိုလို။
မြို့ပြထဲမှာ မွန်းကျပ်ပူလောင်နေတဲ့ကျွန်တော်တို့ဟာ ပုပ်ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာ ငြိကပ်တိုးဝင်နေတဲ့ အပူငွေ့မျှင်တွေဟာ ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ်ပါးဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို စိမ်းမြကြည်အေးသွားခဲ့။
ကျွန်တော်တို့ ရောက်လာတဲ့အချိန်ဟာ ဆည်းဆာညနေရီ ဖြစ်နေလို့လားတော့မသိ။ ပုပ်ပါးဟာ ကြည့်နေကြည့်နေရင်းကပဲ မှောင်ရီသမ်းလာခဲ့ပြီ။ အမှောင်တွေ အားကောင်းလာလို့ တောင်ထိပ်မှာ မီးပွင့်မီးတန်းလေးတွေ တဖျပ်ဖျပ်နဲ့ ပွင့်လက်လာချိန်မှာတော့ ကျွန်တော်တို့ဟာ ပုပ်ပါး View point ကနေပြီး ပြန်ဆင်းလာခဲ့ကြ။
အဲဒီနေ့က ကိုဆွေခင်ရဲ့ သူငယ်ချင်းဖြစ်သူ ပန်းရဂုံပျိုးဥယျာဉ်ခြံက ကိုအောင်ကျော်ဆန်း တည်ခင်းပေးခဲ့တဲ့ ညစာဟာ ကျွန်တော်တို့အတွက် အမြဲတမ်း သတိတရရှိနေမယ့် ပုပ်ပါးအမှတျတရ ညစာပါပဲ။ အိပ်မက်စိမ်း၊ မောရွှေလီနဲ့ လမ်း ၅၀က Tiger မှာ ထိုင်နေကျ ကျွန်တော်တို့အတွက်တော့ ပိုးကောင်မွှားကောင်တွေရဲ့ တစီစီ အော်မြည်သံနဲ့အတူ ညဉ့်ငှက်တွေ အော်ဟစ်ပျံသန်းနေတဲ့ ညထဲမှာ ထိုင်ခဲ့ရတဲ့ ဘီယာဆိုင်လေးဟာ တကယ့်ကို အမှတ်တရ နေရာလေး။ မြို့ပြအငွေ့အသက်တွေကင်းလွတ်နေတဲ့ ဒီနေရာလေးဟာ ညဉ့်နက်လာလေလေ ပိုပြီးတော့ တိတ်ဆိတ်လာလေလေ။နွယ်ရိပ်သစ်ရိပ်ကြားက တိုးထွက်လာခဲ့ရတဲ့ လေပြည်နုဟာလည်း ကံ့ကော်၊ သရဖီ၊ အင်ကြင်း၊ ပုန်းညက်၊ခတ္တာပန်းရနံ့တွေ ရောထွေးစိမ့်ဝင်နေလို့လားမသိ။ ညခင်းထဲမှာဝေ့ခတ်သွားလေတိုင်း တိတ်ဆိတ်နေတဲ့ညဟာ မွှေးရီထုံယစ်ပြီး ကျန်နေရစ်ခဲ့တာ။ တစ်ခါတစ်ခါမှာတော့ စကားစိမ်းလား၊စကားဝါလား။ သင်းသင်းရီရီ ရနံ့တစ်ခုဟာ ကျွန်တော်တို့ဆီကို တိတ်တဆိတ် လွင့်မျောလာတတ်တာ။
ညောင်ပင်ဆိပ်က အဲဒီဆိုင်လေးထဲက
ထလာတော့ ပုပ်ပါးမွငျးခွံ ကားလမ်းမပေါ်မှာ ကြယ်စုံနေခဲ့ပြီ။ ညဟာ ကင်းဘတ်စပေါ်မှာအနက်ရောင်ဆေးသားတွေ ဖိညှစ်ဆွဲဖြန့်ထားသလို နက်မှောင်ထူပြိန်းလို့။ ကျွန်တော်ကတော့ ပုပ်ပါးတောငျထိပျမှာ စုဖွဲ့အုံခဲနေတဲ့ ကြယ်ဖြူပွင့်လေးတွေကို ငေးရီကြည့်နေရင်းနဲ့ ငြိခဲ့ဖူးတဲ့စကားလုံးတချို့ဟာ အာရုံထဲမှာ ဖျပ်ခနဲပေါ်လာခဲ့တာ။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ညိုနွဲ့ကေခိုင်၊ တောင်တော်ပန်းမို့ မွှေးရနံ့ကြူသင်းကြိုင်။ ကန်မြဲဆရာဦးအေးကျော်ရေးဖွဲ့ခဲ့တဲ့ တောငျတောျရှှပေုပ်ပါး သီချင်းထဲက စကားလုံးလေးတွေကို သတိရမိတော့လည်း မှောင်မည်းနေတဲ့ ပုပ်ပါးညဟာ တအားကို နူးညံ့လှပသွားခဲ့တာ။
( နှစ် )
ပိုင် သို့မဟုတ် တေလေကောင်းဘွိုင်..။ ရေးခဲ့တဲ့ကဗျာတွေ အများအပြားရှိခဲ့ပေမယ့် ကျွန်တော်ကတော့ သူ့ကဗျာတွေထဲမှာ “တေလေကောင်းဘွိုင်” ကို အရမ်းငြိခဲ့တာ။ ကျွန်တော့်တစ်ဦးတည်းအတွက်တော့ ပိုင်ဆိုရင် တေလေကောင်းဘွိုင်။ တေလေကောင်းဘွိုင်ဆိုရင် ပိုင်။
အဲဒီတေလေကောင်းဘွိုင်ဟာ လူရှင်းတဲ့အချိန်ဖြစ်တဲ့ သုံးနာရီ သုံးနာရီခွဲလောက်မှာ လေထန်ကုန်းကို တစ်ယောက်တည်း ရောက်ရောက် လာတတ်တာ။ ၃၃ လမ်းတိုလေးထဲကို ဝင်လာတာနဲ့ လေထန်ကုန်းထဲမှာ ဘယ်သူတွေများ ရှိနေမလဲလို့ ခပ်လှမ်းလှမ်းကနေ ပြီး လှမ်းလှမ်းကြည့်တတ်တာ။ သူတို့အဝန်းအဝိုင်းထဲကလူတွေ တစ်ယောက်မှရောက်မလာသေးရင် ထောင့်ကျကျစားပွဲလေးမှာ လက်ဖက်ရည်တခွက်မှာပြီးတစ်ယောက်တည်း တိတ်ဆိတ်နေတတ်တာ။ သူ့ကဗျာထဲမှာသာ အရသာရှိတဲ့ဝိုင်နီကို မကြာမကြာတွေ့နေရပေမယ့် အပြင်ဘက်မှာဆိုရင်တော့ ပိုင်ဟာ အရက်ကို လက်ဖျားနဲ့တောင် မတို့တတ်တာ။
သူဟာ ကဗျာဆရာတစ်ယောက် ဖြစ်နေခဲ့ပေမယ့် ကျွန်တော့်မျက်စိထဲမှာတော့ရေငုပ်သင်္ဘောတစ်စင်းရဲ့ ကွန်မန်ဒါတစ်ဦးနဲ့ ပိုပြီးတော့ တူနေ။ရေငုပ်သင်္ဘောတစ်စင်းက ကွန်မန်ဒါတစ်ဦးရဲ့ အေးစက်တည်ငြိမ်မှုမျိုးကိုလည်း မကြာခဏဆိုသလို သူ့ဆီမှာ မြင်ခဲ့တွေ့ခဲ့ရတာ။ အခု ကျွန်တော်တို့သွားနေတဲ့ တမာရိပ် ၊ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ ၊ ပင်းမြို့၊ ပုပ်ပါး၊ နတ်မောက်၊ ချောက် စလေ ခရီးစဥ်တစ်လျှောက်လုံးမှာ ငေးငေးရီရီနှင့် အေးတိ
အေးစက် နိုင်လှသော်လည်း ခက်ထန်ကြမ်းရှမှုတွေတော့ သူ့ဆီမှာ ရှိမနေခဲ့တာ။ ငေးလွင့်မှုန်ဝေနေတဲ့ သူ့မျက်လုံးညိုညိုတွေဟာ ဘယ်လိုအချိန်မျိုးမှာ ကြည့်လိုက်ကြည့်လိုက် အတိတ်ဆီကိုပဲ ရောက်ရောက်နေတတ်တာ။ ဘာပဲပြောပြော ခရီးစဉ်ထဲမှာ
မမျှော်လင့်ဘဲနဲ့ သူ ပါလာတဲ့အတွက် ကျွန်တော်တို့ဟာ ဘုရားသခင်ကို ကျေးဇူးတွေ တင်နေခဲ့ကြတာ။ ဒီလိုနဲ့ပဲ ကိုထွန်းဝေမြင့်၊ နရီမြိတ်၊ ပိုင်နဲ့ ကျွန်တော်တို့လေးယောက်အဖွဲ့ဟာ မြို့ပြထဲက ဆုတ်ခွာလာခဲ့ပြီး ဖေဖေါ်ဝါရီလရဲ့ နောက်ဆုံးရက်တွေထဲမှာ ကိုဆွေခင်( ခရမ်းပြာ )ရဲ့ တမာရိပ်လေးဆီကို စစ်ပြေးဒုက္ခသည်တွေလို လွင့်လာခဲ့ကြတာ။
( သုံး )
ကျောက်ပန်းတောင်း နတ်မောက် ကားလမ်းရှည်ရှည်သွယ်သွယ်လေးဟာ လှိုင်းထနေတဲ့ လွင်ပြင်ကျယ်တစ်ခုထဲမှာ ကြိုးခွေ
တစ်ခွေ ပစ်ချထားသလို အခွေလိုက် အခေါက်လိုက်လေး။ လမ်းတစ်လျှောက်လုံးမှာလည်း တဲအိမ်စုစုလေးတွေရှိရာ ရွာလေးတချို့နဲ့ ရှား၊ လက်ပံ၊ ထနောင်း၊ ဆူးခြုံပင်လေးတွေ ပေါက်ရောက်ရှင်သန်ရာ မိုးနည်းရေရှားရပ်ဝန်းဒေသ။ နာရီကို ကြည့်လိုက်တော့ ဆယ်နာရီပဲ ရှိပါသေးတယ်။။လမ်းမပေါ်မှာ တံလျှပ်တွေနဲ့ ဝင်းပြက်နေခဲ့ပြီ။ ကိုဆွေခင် မောင်းနေတဲ့ မာ့ခ်တူး အဖြူရောင်လေးကတော့ တံလျှပ်တွေကြားထဲကို အတင်းဖြဲဝင်ပြီး ကတ္တရာလမ်းမည်းမည်းလေးပေါ်မှာ ညို့ကရုန်းထွက်လာတဲ့ မြားတစ်စင်းလို…..။
ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ကိုဆွေခင်ဟာ ဒေသလုံးဆိုင်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး။ သူပဲ ကားကို တစ်လမ်းဝင် တစ်လမ်းထွက်၊တစ်မြို့ဝင် တစ်မြို့ထွက် Google မြေပုံကို မကြည့်ဘဲ မောင်းနှင်လာခဲ့တာ။အခုလည်း နတ်မောက်သွားတဲ့လမ်းမှာရှိတဲ့ ပင်းမြို့ဟောင်းကို ရောက်တုန်းရောက်ခိုက် ဝင်သင့်တယ်လို့ပြောလာလို့ ဆရာငွေလင်းရေးတဲ့ ပင်းမြို့သူကို ရှာဖွေဖို့အတွက် ကျွန်တော်တို့ဟာ ပင်းမြို့ဟောင်းထဲကို ရောက်ရှိလာခဲ့ပြီ။
ပင်းမြို့ထဲက နှစ်သက်တမ်းထောင်ချီနေတဲ့ သပြေပင်ညီနောင်ဟာ အခုမှ မြင်ဖူးတွေ့ဖူးတဲ့ ကျွန်တော်တို့အတွက်တော့ အံ့ဩစရာ။ရှင်အရဟံမဟာဗောဓိရွှေညောင်တော်က ရှည်လျားချင်တိုင်း ရှည်လျားဆန့်ထွက်နေတဲ့ ညောင်ကိုင်းတွေရဲ့ သန်စွမ်းပုံကို မြင်ရတော့လည်း ကျွန်တော်တို့မှာ အံ့ဩဘနန်းဖြစ်ခဲ့ရတာ။ ပြီးတော့ ညောင်ကိုင်းတွေမှာ
ထောက်ထားတဲ့ အလှူ့ရှင်အမည် ကမ္ဗည်းပြားနှင့် အရွယ်အစားအမျိုးမျိုးသော ညောင်ထောက်များ။ လေတိုက်လိုက်တိုင်း စိမ်းနုညောင်ရွက်လေးတွေဟာ တိုးညှင်းသော ဂီတသံတစ်ခုလို နွဲ့နွဲ့လေး လှုပ်ခတ်သွားတတ်တာ။
ပိဿနိုးရဲ့ အနွယ်အဆက် ပျူတွေ ရှိခဲ့ဖူးရာ ပင်းမြို့ဟောင်းက ထွက်ခွာလာတော့ နေဟာ ကျွန်တော်တို့ဦးခေါင်းပေါ် ကို ရောက်လုနေပြီ။လမ်းဘေးဝဲယာတစ်လျှောက် မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားခဲ့။ ဝါကျင့်ကျင့်ရွက်ကြွေတချို့နှင့် နီမြန်းသော လက်ပံပွင့်တွေ ပြန့်ကြဲကြွေကျရာ သွေ့ခြောက်တော။
တစ်ခါတစ်ခါ လမ်းမပေါ်မှာ ဖြတ်မောင်း
လာတဲ့ ဆိုင်ကယ်တစ်စီးတလေက လွဲလို့ ဝန်းကျင်တစ်ခွင်လုံးဟာ တိတ်ဆိတ်လို့။ တစ်ခါတစ်ခါမှာတော့ သွေ့ခြောက်ညိုရီ
နေတဲ့ ဆူးခြုံတောလေးတွေထဲက ကျေးသံငှက်သံလေးတွေဟာ စိုးစီစိုးစီနဲ့။
နတ်မောက်ကို ရောက်တော့ ကျွန်တော့်တစ်ကိုယ်လုံး ပူနွေးဆူပွက်သွားခဲ့ပြီ။
နတ်မောက်……………
နန္ဒဗာဟုရဲ့နတ်မောက်
ရှင်အဂ္ဂသမာဓိရဲ့ နတ်မောက်
ဗိုလ်မင်းရောင်တို့ မြေးအဖိုးရဲ့နတ်မောက်
စုံနံ့သာမြိုင်ဦးကြော့ရဲ့ နတ်မောက်..
နတ်မောက်ဆိုတာ ဘယ်လိုသတ်သတ် သတ်လို့မသေတဲ့ သစ်ပင်။ နတ်မောက်ကိုရောက်လာပြီဆိုတာနဲ့ မမေ့မလျှော့သွားရမဲ့နေရာဟာ ပြတိုက်လုပ်ထားတဲ့ ဗိုလ်ချုပ်တို့အိမ်။ ဗိုလ်ချုပ်အိမ်ပေါ်ရောက်လို့ စာထိုင်ဖတ်နေတဲ့ ဗိုလ်ချုပ်ရုပ်တုကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကျွန်တော်တို့ဟာ အလိုလိုနေရင်း ဝမ်းနည်းကြေကွဲလာပြီး မျက်ရည်စတွေ ရစ်ဝဲအိကျလာခဲ့တာ။ ကျွန်တော်တို့လိုပဲ ဗိုလ်ချုပ်ကို ဂါရဝလာပြုတဲ့ ကျေးတောသူမ သားအမိဟာလည်း ဗိုလ်ချုပ်ကို ရိုကျိုးစွာ ကန်တော့နေရာကနေ ရှိုက်ကြီးတငင် ငိုချလိုက်တာ။ ခပ်လှမ်းလှမ်းက ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ကိုဆွေခင်ကို လှမ်းကြည့်လိုက်တော့လည်း ကြေကွဲမှုန်ရီနေတဲ့ မျက်ဝန်းအစုံနဲ့ ဗိုလ်ချုပ်ကို ငေးငေးဝေဝေ ကြည့်နေခဲ့တာ။
ကျွန်တော်တို့လိုပဲ ဗိုလ်ချုပ်အောင်ဆန်းကိုဂါရဝလာပြုတဲ့ ဝင်လာမစဲ တသဲသဲလူတွေဟာ ဗိုလ်ချုပ်ကို မြင်လိုက်တာနဲ့ ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းကြေကွဲသွားတတ်ကြတာ။
အဲဒီ နေ့လယ်ခင်းက နတ်မောက်ဘေးနားမှာ တိုးတိုးညင်ညင်လေး စီးနေတဲ့ ယင်းချောင်းဟာ မွန်းတည့်နေရောင်အောက်မှာ မှန်သားပြင်တစ်ချပ်လို တဖျပ်ဖျပ်လက်လို့။ အကြောင်းမညီညွတ်လို့ ယင်းချောင်းလရောင်နဲ့ မဆုံစည်းခဲ့ရပေမဲ့ ယင်းချောင်းလရောင်ဟာ မန်းချောင်းလရောင်လိုပဲ ကျွန်တော်တို့ရဲ့ ရင်ထဲကို တိုးဝင်အမြစ်တွယ်နေခဲ့တာ။
ဆရာဦးမျိုး(မကွေး)နဲ့ ဆရာတမာမြေဖြိုးဝေတို့ တည်ခင်းတဲ့ ပူနွေးသော နေ့လယ်စာကို စားပြီးချိန်မှာတော့ မွန်းလွဲသွားခဲ့ပြီ။ နေရောင်ကတော့ ဝင်းပဖြူဖွေးနေဆဲ။
ရွှေကုက္ကိုတဲ့။ကျွန်တော်တို့ ထိုင်ခဲ့ကြတဲ့
ဆိုင်ရဲ့ နာမည်လေး။ အနီးဝန်းကျင်မှာလည်း
ပင်ညိုကုက္ကိုတွေဟာ ထူဝေအုပ်ဆိုင်းလို့။
ဟိုးခပ်ဝေးဝေးက တောင်တန်းတွေပေါ်မှာ အုံ့ဝေမှိုင်းရီနေတာ မြူတွေများလား။
သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ပြန်လှည့်ထွက်လာတော့ ပြာရီသောတောင်စဉ်အထပ်ထပ် ဝန်းရံထားတဲ့ နတ်မောက်ဟာ ကျွန်တော်တို့ကို ငေးငေးရီရီ ကြည့်နေရင်းနှင့် အနောက်မှာ ကျန်နေရစ်ခဲ့ပြီ။ ။
နိုင် ဝင်း သီ
The Voice Daily

About The Author

greenness_mm

No Comments

Leave a Reply