တောင်များကို ကာကွယ်ကြရအောင်

တောင်များကို ကာကွယ်ကြရအောင်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ဟာ နိုင်ငံတကာ တောင်တန်းနေ့ (International Mountain Day) ဖြစ်ပါတယ်။ ကမ္ဘာမှာ အထိမ်းအမှတ်နေ့တွေ အများကြီးရှိတဲ့အထဲက နိုင်ငံတကာ တောင်တန်းများနေ့ကတော့ ယိုယွင်းနေတဲ့ ကမ္ဘာမြေကြီးနဲ့ ပျက်စီးနေတဲ့ သဘာဝရင်းမြစ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် မဖြစ်မနေရှိနေသင့်တဲ့ ကျွန်တော်တို့အားလုံး အလေးထားသင့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ နိုင်ငံတကာတောင်တန်းနေ့ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ တောင်တန်းတွေကို မှီခိုနေရတဲ့ ကမ္ဘာ့လူသားအသိုင်းအဝိုင်းအတွက် အသိပညာမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီလို ကျင်းပရာမှာလည်း တစ်နှစ်မှာ အဓိကခေါင်းစဉ်တစ်ခုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၁ မှာ Biodiversity ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာ့တောင်တန်များနေ့ကို ကျင်းပခဲ့ပါတယ်။

၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၅၇/၂၄၅ မွ အပြည်ပြည်ဆိုင်ရာ တောင်များနေ့အဖြစ် တရားဝင်ကြေငြာခဲ့ပါတယ်။ The Mountain Partnership in the United Nations Food and Agriculture Organization (FAO-UN) ဟာ ပတ်ဝန်းကျင်အတွက် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ခု(United Nations Sustainable Development Goals 17) ထဲမှာ တောင်ပေါ်ပစ်မှတ် သုံးခုကို ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ တောင်တန်းလူထုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ပစ်မှတ်တွေကတော့

ပစ်မှတ် ၆.၆…. “၂၀၃၀ ခုနှစ်တွင် တောင်များ၊ သစ်တောများ၊ စိုစွတ်သောမြေများ၊ မြစ်များ၊ ရေတိမ်ပိုင်းများနှင့် အင်းအိုင်များ အပါအဝင် ရေနှင့်ဆက်စပ်သော ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန်”

ပစ်မှတ် ၁၅.၁…..”၂၀၃၀ ခုနှစ်တွင် ကုန်းနေနှင့် ကုန်းတွင်းရေချို ဂေဟစနစ်များနှင့် ၎င်းတို့၏ ဝန်ဆောင်မှုများ အထူးသဖြင့် သစ်တောများ၊ စိုစွတ်သောမြေများ၊ တောင်များနှင့် ခြောက်သွေ့မြေများကို ထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော အသုံးပြုမှုကို သေချာစေရန်”

ပစ်မှတ် ၁၅.၄…. “၂၀၃၀ ခုနှစ်တွင်၊ ၎င်းတို့၏ ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် တောင်တန်းဂေဟစနစ်များ ထိန်းသိမ်းရေးကို သေချာစေရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်စေရန် ၎င်းတို့၏စွမ်းရည်ကို မြှင့်တင်ရန်” တို့ဖြစ်သည်။

ဘာကြောင့် ကမ္ဘာ့တောင်တန်းနေ့၊ နိုင်ငံတကာတောင်တန်းနေ့ကို ပြဌာန်းရသလဲ။ တောင်များက ကမ္ဘာ့လူဦးရေအများစု၏ နေ့စဉ်ဘဝမှာ မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေလို့ဖြစ်ပါတယ်။ ကမ္ဘာ့ရေချိုထောက်ပံ့မှုအများစုဟာ တောင်ပေါ်ဒေသများမှာ မြစ်ဖျားခံသလို တောင်တန်းတွေနဲ့ စပ်ယှက်တဲ့ ဂေဟစနစ်များကလည်း မိုးသစ်တောများကနေ သဲကန္တာရများအထိ ရာသီဥတုအမျိုးမျိုးကို လက်ခံပေးပါတယ်။ ပြီးတော့ ကမ္ဘာ့စီးဆင်းနေတဲ့ မြစ်တွေဟာ တောင်တွေကို အခြေခံစီးဆင်းသလို ကျွန်တော်တို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေအတွက်လည်း တောင်တွေကို မှီခိုနေရပါတယ်။ တောင်တွေဟာ အပင်မျိုးစိတ်မျိုးခွဲ၊ ဇီဝမျိုးစုံမျိုးကွဲစတာတွေ သဘာဝအရ ထိန်းသိမ်းဖြန့်ဝေပေးသလို အောက်ဆီဂျင်ထုတ်လွှတ်မှုနဲ့ လေကောင်းလေသန့်ပေးဝေမှုအပိုင်းကိုလည်း အကောင်းဆုံးပြုလုပ်ပေးပြီး ကျွန်တော်တို့ နားလည်ရန်ခက်ခဲတဲ့ ရှုပ်ထွေးတဲ့ ဂေဟစနစ်တွေကို ထိန်းသိမ်းပေးထားပါသေးတယ်။

FAO-UN ရဲ့ အဆိုအရ ကမ္ဘာ့တောင်ပေါ်နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး ကမ္ဘာ့ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ နေထိုင်ကြတဲ့ တောင်ပေါ်ဒေသခံများနဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေတဲ့ လူဦးရေ သန်း ၆၀၀ ကျော်မှာ ၂ ဦးလျှင် တစ်ဦးနှုန်းဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေရှိနေတယ်လို့ FAO-UN က သူတို့ရဲ့ကြေညာချက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲခြင်း၊ အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရခြင်းစတဲ့ ခေတ်မီစိန်ခေါ်မှုတွေကလည်း တောင်ပေါ်သားတွေရဲ့ ရပ်တည်နေထိုင်ရေးကို အကြီးအကျယ် ပြဿနာဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တောင်တွေကို စောင့်ရှောက်ပြီး တောင်ပေါ်သားတွေကို ကြင်နာရပါမယ်။ တောင်တွေရဲ့အရင်းအမြစ်တွေကိုလည်း တန်ဖိုးထား ကာကွယ်ရပါလိမ့်မယ်။

ကေဇက်အေ
Greenness

 

About The Author

greenness_mm

No Comments

Leave a Reply