တောဆင်ရိုင်းသတ်ဖြတ်ခံရမှု၊ လူတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုလျော့ကျစေရေး

တောဆင်ရိုင်းသတ်ဖြတ်ခံရမှု၊ လူတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုလျော့ကျစေရေး

ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာဆင်မုဆိုးအန္တရာယ်ကနေတိမ်းရှောင်လာတဲ့ တောဆင်ရိုင်းသုံးကောင်ဟာလူနေကျေးရွာတွေအနီးသို့ရောက်ရှိလာတဲ့အတွက်ဆင်နဲ့လူပဋိပက္ခမဖြစ်စေရေးသစ်တောနဲ့ရဲတပ်ဖွဲ့ကလိုက်လံထိန်းသိမ်းနေရကြောင်း နိုဝင်ဘာ ၂ ရက်ထုတ် သတင်းစာတွေမှာဖတ်လိုက်ရပါတယ်။ သတင်းတွေအရတော့ မြန်အောင်မြို့နယ် မျှင်ဝါးတောင်၊ အင်းကွယ်နဲ့ ခတ္ထိယကျေးရွာတွေအနီးသို့ နိုဝင်ဘာ ၁ ရက်နေ့လယ်မှစပြီးတောဆင်ရိုင်းသုံးကောင် ရောက်ရှိလာတဲ့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျေးရွာသားတွေကခြောက်လှန့်မောင်းထုတ်နေရတယ်လို့ သိရပါတယ်။ လွန်ခဲ့သော၁ဝရက်ခန့်ကတည်းက မြန်အောင်မြို့နယ်နဲ့ဆက်စပ်နေတဲ့ အင်္ဂပူမြို့နယ်ရှိကျေးရွာအချို့သို့တောဆင်ရိုင်းငါးကောင်ရောက်လာခဲ့ခြင်းဖြစ်ပြီးဒေသခံတွေကမောင်းထုတ်သဖြင့် မြန်အောင်မြို့နယ်သို့ရောက်လာကြောင်း၊ သုံးကောင်သာတွေ့ရပြီးနှစ်ကောင်ပျောက်ဆုံးနေကြောင်းလည်းဒေသခံတွေကပြောနေ ကြပါတယ်။

အခုနောက်ပိုင်းကာလတွေမှာတောဆင်ရိုင်းတွေဟာလူနေကျေးရွာတွေ အနီးရောက်ရှိလာပြီးစိုက်ခင်းတွေကိုဖျက်ဆီးခြင်း၊ လူကိုရန်မူခြင်းတွေ မကြာခဏ ဖြစ်ပေါ်လာတာကိုတွေ့ရတယ်။ အချို့ဖြစ်စဉ်တွေမှာလူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတွေရှိခဲ့ပြီးလူနေအိမ်တွေကိုပါ စွန့်ခွာရွှေ့ပြောင်းရတဲ့အထိ ဖြစ်ပွားခဲ့ရတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသုံးသပ်ချက်တွေ အမျိုးမျိုးရှိခဲ့တယ်။ အဓိကကတော့ လမ်းသစ်ဖောက်၊ ရေလှောင်တမံဆောက်၊ သစ်ထုတ်အစရှိတဲ့ လူတွေကြောင့် ဖြစ်ပေါ်လာတဲ့သစ်တောပြုန်းတီးမှု များလာတယ်။ အဲဒီအခါမှာဆင်တွေအတွက် တောတွင်းအစာရေစာရှားပါးလာပြီးစားကျက်မြေအသစ်ရှိရာစပါးခင်းတွေဆီကိုရောက်လာတော့တာပါပဲ။ ဒီအတွက် တောပြုန်းတီးမှုကတောဆင်ရိုင်းတွေအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့ပြီလို့ ဆိုရမလိုပါပဲ။နောက်ပြီးတောပြုန်းလို့ စားကျက်ပျောက်၊ နေစရာပျောက်နေတဲ့ ဆင်တွေကိုဆင်မုဆိုးတွေကအလွတ်မပေးဘဲလိုက်လံဖမ်းဆီးတာတွေလည်းတစ်နှစ်ထက်တစ်နှစ် များလာခဲ့တယ်။ ဒါကြောင့် နိုဝင်ဘာ ၁ ရက်က မြန်အောင်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်လိုဆင်မုဆိုးအန္တရာယ်ကနေတိမ်းရှောင်လာတာမျိုးတွေ ဖြစ်လာရတော့တာပဲ။တောဆင်ရိုင်းတွေဟာလူတွေနေရာတွေဆီရောက်လာခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေအများကြီး ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် တောဆင်ရိုင်းတွေ သူတို့ရဲ့ မူလဒေသတွေမှာနေထိုင်ကျက်စားရှင်သန်နိုင်အောင် လူသားတွေအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ၂၀၁ဝခုနှစ်ကနေ၂၀၁၃ ခုနှစ်အတွင်းကောက်ယူခဲ့တဲ့စာရင်းတွေအရတောဆင်ရိုင်းအကောင်ရေငါးထောင်ကျော် ကျန်နိုင်သေးတယ်လို့ခန့်မှန်းခဲ့ကြပေမယ့်လက်ရှိအချိန်မှာတော့သုံးထောင်လောက်တောင် ကျန်ရှိဖို့ မသေချာတော့ပါဘူး။ တောဆင်ရိုင်းတွေဟာဆင်မုဆိုးတွေကြောင့် သေကြေပျက်စီးရမှုတွေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခဲ့တယ်။၂၀၁ဝခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိစာရင်းတွေအရလေးနှစ်အတွင်းတောဆင်ရိုင်း ၂၆ ကောင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်။ ဒါ့အပြင် ရောဂါဘယနဲ့ သဘာဝကြောင့်သေဆုံးရတဲ့ အကောင်ရေကလည်းလေးနှစ်အတွင်းမှာ ၄ရကောင်တောင်ရှိခဲ့တယ်။ယခုနောက်ပိုင်းထပ်မံထုတ်ပြန်တဲ့ စာရင်းတွေအရ၂၀၁ဝကနေ၂၀၁ရအထိသေဆုံး၊သတ်ဖြတ်ခံရတဲ့ ဆင်ကောင်ရေ၁၉၃ကောင်ရှိခဲ့တယ်လို့ သိရပါတယ်။ တောဆင်ရိုင်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီးအမှု၅၅မှုဖွင့်လှစ်ခဲ့ကာတရားခံ၁၁၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရှိဆင်ပေါက်တွေကိုတရုတ်နိုင်ငံက တရားမဝင် ဝယ်ယူမှုတွေလည်း ရှိခဲ့ကြောင်းသတင်းတွေမှာဖတ်ရဖူးပါတယ်။ တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ဆင်အများစုဟာ မြန်မာနိုင်ငံကနေတရားမဝင်ကုန်သွယ်မှုနဲ့ရောက်ရှိလာတဲ့ဆင်တွေဖြစ်ပြီးထိုင်း-မြန်မာနယ်စပ်ဆင်ကုန်သည်တွေကနေတစ်ဆင့် တင်ပို့ သလိုတရုတ်-မြန်မာနယ်စပ် မိုင်းလားမှတဆင့် တိုက်ရိုက်ကုန်ကူးနေတာလည်းရှိကြောင်းသိရတယ်။ တရုတ်ကုန်သည်တွေဟာမြန်မာ့ဆင်တွေကိုတရုတ်နိုင်ငံမှာအသုံးပြုသလိုဂျပန်၊ကိုရီးယားနဲ့ အခြားဒေသတွင်းနိုင်ငံတွေဆီကိုလည်းအကောင်လိုက် သယ်ယူရောင်းချတာတွေရှိခဲ့တယ်လို့ မြန်မာဆင်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဒါတွေဟာလွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလတွေကတည်းက ဖြစ်နေခဲ့တာပါ။ အဲဒီဖြစ်စဉ်တွေကြောင့်လည်း မြန်မာ့ဆင်တွေ မျိုးသုဉ်းလုနီး ဖြစ်ခဲ့ရတာလို့ ယူဆရပါတယ်။

ဒီဆောင်းပါးကိုရေးနေရင်းလွန်ခဲ့တဲ့ သုံးနှစ်လောက်ကဖတ်လိုက်ရတဲ့ သတင်းဆောင်းပါးတစ်ခုထဲမှာဖော်ပြထားတဲ့ ထိုင်းနိုင်ငံဖွားအမျိုးသမီးတစ်ဦးဖြစ်သူဆင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကိုအသက်၁၆နှစ်အရွယ်မှာစတင်လုပ်ကိုင်ခဲ့သူမစ္စလတ်ခ်ရဲ့ ပြောစကားတစ်ခုကိုသတိရမိသွားတယ်။ အဲဒါ ဘာလဲဆိုရင် ‘‘ကျွန်မပြောချင်တာက မြန်မာဆင်တွေကိုသူတို့အိမ်နဲ့ခပ်ဝေးဝေးကိုမပို့ကြပါနဲ့။စကားမပြောတတ်ပေမယ့်သူတို့ကသူတို့နိုင်ငံဒေသကိုချစ်တတ်ကြတယ်ဆိုတာကျွန်မဓာတ်ပုံနဲ့သက်သေပြမယ်။ဆင်တွေရဲ့မျက်လုံးကိုသေချာကြည့်ပါ။သူတို့မျက်ရည်ကျနေကြတယ်” ဟုပရိုဂျက်တာကိုလက်ညှိုးထိုးပြရင်းဆိုလိုက်တဲ့စကားပါပဲ။ ဟုတ်ပါတယ်။ ဓာတ်ပုံမှာဆင်တွေ မျက်ရည်ကျနေတာတွေ့ရတယ်။ စာရေးသူလည်းမျက်ရည် တွေ ရစ်ဝဲလာမိတယ်။ ဆင်တွေကိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့အသိကလည်း နှလုံးသားထဲ ကြီးစိုးလာခဲ့တယ်။

တကယ်လည်းဆင်တွေဟာအလွန်သနားစရာကောင်းတဲ့သတ္တဝါတွေ ဖြစ်ပါတယ်။ဆင်ဟာဝါးရွက်၊ ဝါးပင်၊ ကြံ၊ ငှက်ပျောသီးကိုသာစားလေ့ရှိပြီးသူတစ်ပါးအသက်ကိုသတ်စားတဲ့ သတ္တဝါလည်းမဟုတ်ပါဘူး။ ဆင်ဟာအလွန်ယဉ်ကျေးပြီးရှက်တတ်တဲ့ သတ္တဝါလည်း ဖြစ်ပါတယ်။ ဘယ်လောက်ထိရှက်တတ်လဲဆိုရင် သူတို့ ဆင်အချင်းချင်းချစ်ကျွမ်းဝင်၊ မိတ်လိုက်ကြပြီဆိုရင် လူသူကင်းဝေးတဲ့၊ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာမိတ်လိုက်ကြသတဲ့။ ဒါကြောင့် ဆင်မိတ်လိုက်တာကို မြင်ဖူးသူမရှိသလောက် နည်းတယ်လို့ ကြားဖူးခဲ့တယ်။ ဆင်သချုႋင်းတွေဟာလည်းတောနက်ကြီးတွေထဲမှာရှိတယ်လို့ စာအုပ်စာပေထဲဖတ်မှတ်ဖူးခဲ့ တယ်။ ဒါကြောင့်လည်းဆင်သင်္ချိုင်းရှာပုံတော်နဲ့ပတ်သက်တဲ့ ဝတ္တုဇာတ်လမ်းတွေ၊ ဖြစ်ရပ်ဆန်းတွေ ရှိနေခဲ့တာ ဖြစ်ပါလိမ့်မယ်။ နောက်ထူးဆန်းတာကဆင်တွေနေမကောင်းရင်အချင်းချင်းတွဲပြီးဖေးဖေးမမသွားကြသတဲ့။နေကောင်းတဲ့ဆင်ကတောထဲမှာရှိတဲ့ ဆေးပင်ကိုချိုးဖဲ့ကာနေမကောင်းတဲ့ဆင်ကိုကျွေးပြီးကုသတဲ့။

စာရေးဆရာဖိုးကျော့ရဲ့ ဆင်လုပ်သား၊ ဆင်သင်္ချိုင်းရှာပုံတော် အစရှိတဲ့စာအုပ်တွေ၊ စာရေးဆရာအောင်စိုးရဲ့ မြန်မာ့ဆင်လိုစာအုပ်တွေ၊ မြန်မာလူမျိုးဘုံဘေဘားမားဗြိတိသျှသစ်တောအရာရှိဦးတုတ်ကလေးရေးတဲ့ မြန်မာ့သစ်ဆွဲဆင်လိုစာအုပ်မျိုးတွေကိုဖတ်ကြည့်ရင် ဆင်တွေရဲ့ ချစ်ခြင်းမေတ္တာကြီးမားပုံ၊ ယဉ်ကျေးပြီးအရှက်အကြောက်ကြီးပုံ၊ သစ္စာကြီးပုံ၊ သနားစရာကောင်းတဲ့ ဓလေ့စရိုက်တွေကိုတွေ့နိုင်ပါတယ်။ ဆင်တွေရဲ့ သဘာဝကိုယ်၌က လူတွေကိုအကျိုးပြုနေတာပါပဲ။ ဆင်တွေဟာ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာသူတို့ရဲ့ချွေး သွေး၊ အသက်တွေကိုပေးဆက်ပြီးတိုင်းပြည်အတွက် အလုပ်အကျွေးပြုတဲ့ သတ္တဝါတွေလည်း ဖြစ်နေပြန်ပါတယ်။ဒါကြောင့် ဆင်တွေကိုထိန်းသိမ်းစောင့်ရှောက်ရန် တစ်ကမ္ဘာလုံးကဆောင်ရွက်နေကြတာလို့စာရေးသူယူဆမိပါတယ်။

နောက်ပြီးဆင်တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလုပ်သူတွေကိုတောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့်သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေပုဒ်မ၃၇ (က)နဲ့အရေးယူနိုင်ပါတယ်။ဆင်ကလုံးဝကာကွယ်ထားတဲ့ တရိစ္ဆာန်စာရင်းထဲမှာပါဝင်တဲ့အတွက်ဖမ်းဆီးသတ်ဖြတ်ခဲ့ရင်၊ဆင်နဲ့ဆက်စပ်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားမယ်ဆိုရင်တော့ထောင်ဒဏ်ခုနစ်နှစ်ဖြစ်စေ၊ဒဏ်ငွေငါးသောင်းဖြစ်စေသို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံရနိုင်တယ်။ဒါပေမယ့်လည်းထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုနည်းတဲ့ အတွက် ဆင်တွေကိုသတ်ဖြတ်ရောင်းဝယ် ဖောက်ကားမှုတွေက နှစ်စဉ် မြင့်တက်နေခဲ့ပါတယ်။ ဒါကြောင့် ကင်းလှည့်ထိန်းသိမ်းရေးအလုပ်ကို၂ဝ၁၉ဇန်နဝါရီအထိကမ္ဘာလုံးဆိုင််ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)ရဲ့ ပံ့ပိုးမှုနဲ့ ဆောင်ရွက်နေခဲ့ပါတယ်။ အဲဒီအစီအစဉ်နဲ့တိုင်းဒေသကြီးသုံးခုအတွင်းကင်းလှည့်ထိန်းသိမ်းရေးတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ရက်၁ဝဝအတွင်း တောဆင်းရိုင်းသတ်ဖြတ်ခံရမှုမရှိခဲ့ပါဘူး။ ဒီအတွက် ကင်းလှည့်ထိန်းသိမ်းရေးဝန်ထမ်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ရက်ကဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးခဲ့ပါ တယ်။ ဒါ့အပြင် သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ရပ်/ကျေးအဖွဲ့တွေမှဝန်ထမ်း ၃ဝကိုလည်းဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာဆင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အလွန်ကောင်းမွန်တဲ့ ရလဒ်ပဲလို့ စာရေးသူကောက်ချက်ချချင်ပါတယ်။ တစ်ဆက်တည်းမှာပဲအဲဒီလိုလှည့်လည်ပြီးဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြှင့် လုပ်ဆောင်ကြပါလို့လည်းတိုက်တွန်းချင်ပါ တယ်။

မြန်မာနိုင်ငံတွင်တောဆင်ရိုင်းတွေဟာကချင်ပြည်နယ် အရှေ့ပိုင်းနဲ့မြောက်ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်းနဲ့တောင်ပိုင်း ၊ ချင်းတွင်းမြစ် အထက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင် (မေယုတောင်တန်း၊ ရခိုင်ရိုးမ)၊ ကယားနဲ့ကရင်ပြည်နယ်ဆက်စပ်ဒေသ ၊ ကရင်(သံလွင်အရှေ့ခြမ်း) ၊မွန်၊ ပဲခူးရိုးမ( အလယ်ပိုင်း၊ အောက်ပိုင်း) တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်း(တိုက်ကြီး၊မှော်ဘီ၊လှည်းကူး) တို့မှာကျက်စားနေတယ်လို့ သိရပါတယ်။ အချုပ်အနေနဲ့ဆိုရရင် ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာနိုင်ငံတွင်းနဲ့ နယ်စပ်ဖြတ်ကျော်ဒေသတွေမှာထိရောက်သောကင်းလှည့်ထိန်းသိမ်းခြင်းနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျူးလွန်သူတွေကိုထိထိရောက်ရောက်အရေးယူခြင်းတို့ကိုဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တောဆင်ရိုင်းနေထိုင်ရာဒေသတွေ၊ စားကျက်မြေတွေကိုလည်း ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးဖို့လည်းအထူးလိုအပ်ပါတယ်။ ဒါမှသာတောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုတွေ လျော့ကျသွားပြီးဆင်တွေဟာနေစရာနဲ့စားကျက်ပျောက်ပြီးလူတွေနေထိုင်ရာသို့ ဝင်ရောက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်မှလည်း ကင်းဝေးသွားမှာဖြစ်ပါတယ်။ ။

မင်းချစ်နိုင်
၂၀၁၈ ခုနှစ်က ရေးခဲ့တဲ့ဆောင်းပါးဆိုပေမယ့် ဒါတွေဟာ သတိထားစရာတွေ ဖြစ်တဲ့အတွက် ပြန်လည်ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Photo-crd

About The Author

greenness_mm

No Comments

Leave a Reply