နွေဦးကာလ မြူထတဲ့အချိန် (၁)

နွေဦးကာလ မြူထတဲ့အချိန် (၁)

ဘာပဲသောက်သောက်
သောက်တတ်မှ ကောင်းတာကလား၊
ထန်းရေသောက်တာတော့
ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။
ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ
ပဲကြီးလှော်ကြဲ၊
ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ၊
ခြေဆင်းလဲလူ အပူအပင်မရှိ။
ပဲစိကို တစီစီကောက်
အလျားမှောက်ပြီး
သောက်တာကို
လက်ချော်ပြီး၊ ခွက်မကျော်ရင်
ပျော်ရွှင်ဖွယ်အတိ၊ အလွန်စည်းစိမ်ရှိတာကလား။
မောင်စွမ်းရည်
သည်လိုမြူထသည့် နွေဦးကာလသို့ရောက်လျင် မွေးရပ်မြေကိုသတိရသည်။ မွေးရပ်မြေက လက်ပံတွေ၊ ထန်းပင်တွေ၊ တောတန်းတွေ၊ ဆွေမျိုးတွေနှင့် ငယ်ပေါင်းတွေကိုလည်း ကျွန်တော်သတိရပါသည်။ အထူးသဖြင့်တော့ သည်လိုမြူထသည့်အချိန်မှာ အမြုပ်တစီစီနှင့်ပင်ကျထန်းရည်ကိုလွမ်းရသည်။ အဝေးရောက်အညာသားအများစုလည်း ကျွန်တော့်လိုပင် လွမ်းကြပေလိမ့်မည်။
ဇာတိရပ်ရွာကို လွမ်းသည့် ခုလိုနွေဦးမှာ ဆရာမောင်စွမ်းရည်၏ ရွာလွမ်းချင်းကဗျာက နှလုံးသားမှ နှုတ်ဖျားသို့တက်တက်လာတတ်ပါသည်။ ထိုကဗျာကို ရွတ်ဆိုပြီး ဇာတိလွမ်းစိတ်ကို နှစ်သိမ့်ရပါသည်။ ဆရာစွမ်းက ထန်းရည်သောက်ရင် ထန်းပင်အောက်မှာ အကောင်းဆုံးဟုဆိုသည်။ ကျွန်တော်တို့ ငယ်ဘဝတုန်းကလည်း ဆရာမောင်စွမ်းရည်ကဗျာထဲကလို ထန်းရည်ကို ထန်းပင်အောက်မှာသာ သောက်ခဲ့ကြတာများပါသည်။
တနေ့က မိတ်ဆွေလူငယ်လေးတစ်ယောက်က ကျွန်တော့်ကို ထန်းရည်ယူလာပြီး တိုက်ပါသည်။ ထန်းရည်စစ်စစ်ပါဟု သူကပြောပြီး ဖန်ခွက်ထဲကိုငှဲ့ပေးသည်။ သောက်ကြည့်တော့ ထန်းရည်အစစ်ဆိုတာ တောသားကျွန်တော်သိပါသည်။ ထန်းရည်အရသာမှာ အနည်းငယ်ပေါ့နေပါသည်။ ပေါ့နေရောပေါ့ မြို့ပေါ်ရောက်အောင် လမ်းမှာဘယ်လောက် လှုပ်ခါခဲ့သည်မသိဟု တွေးမိသည်။ ထန်းရည်ဆိုသည်က လှုပ်ခါလေ အရသာနှင့်အရည်အသွေးပေါ့သွားလေဖြစ်သည်။ ထို့ကြောင့် ထန်းရည်ကို ငြိမ်ငြိမ်ထားရသည်။ အပင်အောက်မှာသောက်မှ ပိုကောင်းခြင်းဖြစ်သည်။
ပြီးခဲ့သည့်လေးငါးနှစ်က ကျွန်တော် အမေ့ရွာကိုပြန်ဖြစ်တော့ အဒေါ်အငယ်ဆုံး၏ တောထဲကိုသွားပြီး ထန်းရည်သွားယူသည်။ အဒေါ်အငယ်ဆုံးက ” ဟဲ့ နင်ကဆိုင်ကယ်ကြီးနဲ့ ။ ထန်းရည်တွေလှုပ်ပြီးပေါ့ကုန်မှာပေါ့ ငါခြေလျင်ပြန်ပြီးသယ်ခဲ့မယ်” ဟု ဆိုပါသည်။ ကျွန်တော်က ကျွန်တော့်ဆိုင်ကယ်နောက်မှ သူ့ကိုလိုက်ခဲ့ဖို့ ခေါ်သော်လည်း ခေါ်မရပါ။ ထန်းရည်တွေလှုပ်ပြီး ပေါ့ကုန်မယ် ဟုသာဆိုပြီး ထန်းရည်ဗူးကိုတောင်းထဲထည့်ရွက်ပြီး ခြေလျင်ရွာထဲက အိမ်အရောက်ပြန်လာပါသည်။
” ဆရာ ထန်းပင်ပေါ်မှာကို စင်ထိုးပြီးသောက်ကြတဲ့ဟာတွေရှိတယ်နော်” ဟု ကျွန်တော့်ကို ထန်းရည်လာတိုက်သော လူငယ်ကပြောပါသည်။ ထန်းရည်ကို ထန်းပင်ပေါ်မှာပင် ရှာရှာဖွေဖွေသောက်သူအနည်းငယ်ရှိပါသည်။ ထန်းရည်အရသာကိုလည်း ပြည့်ပြည့်ဝဝခံစားရင်း၊ ပတ်ဝန်းကျင်ရှုခင်းကိုလည်း ငေးရင်း၊ လေညှင်းလည်းခံရင်း ဇိမ်ကျသော်လည်း အန္ဒရာယ်များပါသည်။ နောက်ပိုင်း အပင်ပေါ်မှာသောက်သူ သိပ်မရှိတော့ပါ။
လူငယ်နှင့်ကျွန်တော် ထန်းရည်ကို ဖန်ခွက်တစ်ခွက်စီနဲ့သောက်ရင်း ထန်းရည်အကြောင်းပြောနေမိကြသည်။ ကျွန်တော်တို့ငယ်စဥ်ကတော့ ဝိုင်းမှာလူဘယ်နှယောက်ရှိရှိ အုန်းမှုတ်ခွက်တစ်ခွက်သာ ဝိုင်းမှာထားရှိသည်။ သူ့အလှည့်ကိုလှည့် ခွက်က ဝိုင်းကိုလှည့်နေသည်။ ” ခွက်ချော်ပြီး လက်မကျော်ရင် ပျော်ရွှင်ဖွယ်အတိ” ဟု ဆရာစွမ်းက ဆိုပါသည်။ ကိုယ့်အလှည့်ရောက်အောင်စောင့်ရသည်။ ကိုယ့်အလှည့်ခွက်ကျော်မသွားအောင် စောင့်ရသည်။ တချို့ဝိုင်းထဲကသူတွေက ထန်းရည်လေးတစ်ခွက်ကို လိုအပ်သည်ထက် အချိန်ကြာကြာဇိမ်ဆွဲသောက်တတ်ကြသည်။ ထိုသို့အချိန်ကြလွန်းနေလျင် ဝိုင်းထဲက လူတွေက ” မြန်မြန်ချ… အောက်လက်နာတယ်” ဟု ပြောတတ်ကြပါသည်။
ဆက်ပါဦးမည်…..
ဆန်းလေး

About The Author

greenness_mm

No Comments

Leave a Reply