ပင်လယ်ငါးစျေး.

ပင်လယ်ငါးစျေး.

မနားတမ်းခရီသွားနေသူတစ်ယောက်ကို
နှစ်နှစ်လောက် ကိုယ့်နယ်ကနေ ဘယ်ကိုမှမခွာရဘူး …လို့ ပိတ်ပင်ခံလိုက်ရတဲ့အခါ
ရေထဲက အရှင်လတ်လတ်ငါးတစ်ကောင်ကိုဖမ်းပြီး ကုန်းပေါ်ပစ်တင်လိုက်သလိုပဲ….
ဖြန့်ဖြန့်ကိုလူးပါတယ် ။
ဒီခံစားချက်မျိုးကို တချို့တွေခံစားဖူးပါတယ် ။ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ခံစားမှုမျိုးဆိုတာကိုလည်းသိကြမှာပါ ။
ခရီးသွားပြီးတစ်ခုခုကိုစူးစမ်းချင်တဲ့အာသီသကိုပြေပျောက်စေဖို့ဆိုတာ ခရီးတစ်ခုခုကိုသွားလိုက်ရမှကိုဖြစ်ပါတယ် ။ ဘယ်လိုခရီးမျိုးဖြစ်ပစေ အိမ်ကနေခဏခွာပြီးသွားရတာကိုပဲစိတ်ထဲမှာ ကျေနပ်နေရောပဲ ။ ဒါကြောင့် ကိုယ့်နယ်ထဲမှာရှိတဲ့ သဘော့ဆိပ်ပင်လယ်အော်ရွာလေးဆီကို သွားလိုက်ပါတယ် ။
သဘော့ဆိပ်ရွာလေးဟာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲမှာတည်ရှိတဲ့ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်ပါတယ် ။ လူသိမျာပြီးထင်ရှားတဲ့ မောင်းမကန်ကမ်းခြေနဲ့လည်းနီးပါတယ် ။ မောင်းမကန်ပင်လယ်ကမ်းခြေကနေ ကမ်းခြေတလျှောက် တောင်ဘက်ကိုကြည့်လိုက်ရင် ပင်လယ်ဘက်ကိုကွေ့ဝိုက်ပြီးထိုးထွက်နေတဲ့ ကုန်းအဆွယ်လေးတစ်ခုကိုတွေ့ရမှာပါ ။ အဲဒီနေရာဟာ ဘဘော့ဆိပ်ပင်လယ်အော်ပဲဖြစ်ပါတယ် ။ အဲဒီရွာကလူတွေဟာ တံငါလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီး ကျွန်တော်တို့ထားဝယ်ခရိုင်ထဲမှာရှိတဲ့ ( ထားဝယ် ၊ ရေဖြူ ၊ သရက်ချောင်း ၊ လောင်းလုံး ) လေးမြို့နယ်စလုံးအတွက် ပင်လယ်ငါးတွေအဓိကဖြန့်ဖြူးပေးတဲ့နေရာလည်းဖြစ်တယ် ။ ဒါကြောင့် ဒီရွာမှာ ပင်လယ် ငါးရောင်းဝယ်ရာကမ်းခြေစျေးရှိတယ် ။ နေ့စဥ် မနက်အစောကြီး လေးနာရီလောက်မှာခင်းကျင်းပြီးရောင်းချတဲ့စျေးပါ ။
ကျွန်တော်အဲဒီငါးစျေးဆီရောက်ချင်နေတာကြာပါပြီ ။ သွားဖို့ချိန်နေတာလည်းခဏခဏပါပဲ ။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မရောက်ဖြစ်ပါဘူး ။ ကိုယ့်နယ်ထဲဆိုပေမယ့်လည်း မနက်အစောကြီးထသွားမှာမို့မရောက်ဖြစ်တာလည်းပါတာပေါ့ ။ အခုလို သွားစရာလာစရာရှားပါးတဲ့အချိန်မျိုးမှာပဲ ရှာကြံပြီးရောက်ခဲ့ရတယ်ဆိုပါတော့ ။
ကိုင်း… ပင်လယ်ငါးစျေးထဲလှည့်ပတ်ကြည့်လိုက်ကြအုံးနော်… 😊😊😊
Yannaung Soe ဖေ့ဘွတ်မှ ကူးယူဖော်ပြပါသည်။

About The Author

greenness_mm

No Comments

Leave a Reply