ပုစွန်ပေါချိန်

ပုစွန်ပေါချိန်

ယခုတစ်ခေါက် ဖျာပုံကို ကျွန်တော်ရောက်သွားချိန်ဟာ ရေကလည်းကြီးချိန် ပုစွန်လည်းပေါချိန်ဖြစ်ပါတယ်။ မိုးကောင်းလို့ မြစ်ရေများနေချိန်မက ရေထချိန်လည်း ဖြစ်တယ်။ ပုစွန်တွေ လှိုင်လှိုင်တက်နေတယ်။ ပုစွန်တွေ ပေါသလောက် ဖမ်းသူတွေများပြီး ဖမ်းနည်းက စုံလှတယ်။ မြစ်ထဲမှာရော ချောင်းကြီး မြောင်းကြီးများမှာရော ချောင်းငယ် မြောင်းငယ်များမှာပါ လယ်ရေလွှဲပေါက်မှာပါမကျန် ဖမ်းနေကြပါတယ်။ ပုစွန်ဖောင်ကြီးတွေ၊ ဂါးတွေ၊ လှေကလေးတွေ၊ မြုံးတွေ၊ ပိုက်တွေနှင့် ဖမ်းကြရုံမက တိုင်ထောင်လို့လည်း ဖမ်းနေကြတယ်။ တိုင်ထောင်ဆို တာက မြစ်ကမ်းရိုးတစ်လျှောက်လုံး ရေတိမ်ပိုင်းမှာ တိုင်တွေ ထောင်ထားပြီး ဗေဒါပင်တွေ၊ သစ်ကိုင်းတွေ၊ ခြုံနွယ်တွေ ချည်ထားကြတယ်။ ရေထဲပါလာတဲ့ ပုစွန်တွေက အဲဒီတွေထဲ ဝင်တိုးကြရင်း ခိုကပ်ပြီး ကျန်နေရစ် ကြတယ်။ ရေကျတော့မှ လုပ်သားကြီးများက ကောက်ယူကြရုံ ဖြစ်ပါတယ်။
ပြည်သူပိုင် ‘ပုလဲနှင့် ငါး’ က ဂရန်ယူပြီး ပုစွန်ဖမ်းကြသလို ပုဂ္ဂလိကလုပ်ငန်းရှင်များက လေလံဆွဲပြီး ပုစွန်ဖမ်းနေ ကြပါတယ်။ ဂရန်မယူ၊ လေလံမဆွဲ၊ အခွန်တော်မဆောင်ရဘဲ ဝမ်းစာအတွက် သားငါးရှာစားတဲ့သဘောနဲ့ ဖမ်းနေကြသူတွေလည်း အများကြီးပါပဲဗျာ။
ပုစွန်ဖမ်းလုပ်ငန်းမှာ ပြည်သူပိုင်နဲ့ ပုဂ္ဂလိက နှစ်ကဏ္ဍပဲ တွေ့ခဲ့ရပါတယ်။ သမဝါယမ ပုစွန်ဖမ်းလုပ်ငန်းရယ်လို့ တော့ မတွေ့ခဲ့ရပါဘူး။ ကျွန်တော်တို့အနီးကပ် အသေးစိတ်လေ့လာခဲ့တဲ့ ပုစွန်ဖမ်းလုပ်ငန်းကတော့ ပြည်သူပိုင် ‘ပုလဲနှင့် ငါး’ က လုပ်နေတဲ့ သောကြာရွာ ပုစွန်ဖောင်ဖြစ်ပါတယ်။ အင်မတန်ကြီးတဲ့ ဖောင်ကြီးပါ။ မြုံးကြီးကိုက တစ်ဖာလုံကျော်ကျော် ရှည်လိမ့်မယ်လို့ ထင်ပါတယ်။ ဖောင်ဦးစီအပါအဝင် လုပ်သား ၉ ယောက် လုပ်နေကြ တယ်။ ဖောင်ဦးစီးနဲ့ လက်ထောက်(၀ါ) ကုပ်စီးတို့ဟာ ကျွမ်းကျင်သော ရေလုပ်သားများဖြစ်တယ်။ သူတို့ဟာ သားငါးပုစွန်အကြောင်း ကောင်းကောင်းသိပြီး လှိုင်း၊ ရေ၊ လေ အခြေအနေအနေကြည့်ကာ ပုစွန်ကျမည် မကျမည်ကို ခန့်မှန်းနိုင်သူတွေဖြစ်တယ်။ ပုစွန်တွေဟာ ငါးတွေလို ရေနက်လွှာမှာမနေဘဲ အပေါ်ယံမှာနေတယ်။ ဒီတော့ သူတို့က မြုံးကိုသော်လည်းကောင်း၊ ပိုက်ကိုသော်လည်းကောင်း ဘယ်လောက်အနက်အထိသာ ချရမယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။
ကံအားလျော်စွာ ကျွန်တော်တို့ ရောက်သွားချိန်မှာ ပုစွန်ဖော်တာနဲ့ သွားတိုးတယ်။ ဒီလို တိုက်ဆိုင်ခဲတယ်လို့ သိရပါတယ်။ ပုစွန်တွေမိနေတဲ့ မြုံးကြီးကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်ထားတဲ့ ကရိန်းကြီးနဲ့ မ တင်လိုက် တယ်။ ပုစွန်တုပ်တွေက ခုန်၊ ပုစွန်ဆိတ်တွေက ခုန် နဲ့ ဗြောင်းဆန်နေပါတယ်။ ကျားတုပ်နဲ့ ဖော့ချိတ်တို့က အများဆုံး၊ ပုစွန်ကျော့က အနည်းငယ်၊ ငါးတွေက လေးငါးဆယ်ကောင်၊ ဂဏန်းကြီးတွေက လေးငါးဆယ် ကောင်၊ ငါးတွေပါလာခြင်းဟာ ရောယောင် ပါလာခြင်းသာဖြစ်ပါတယ်။ ကသပေါင်း၊ ကကတစ်စတဲ့ ပင်လယ် ငါးပေါက်လေးများ၊ မြွေနဲ့ အင်မတန်တူတဲ့ ငသံလုံး သုံးလေးကောင်လည်း ပါလာသေးတယ်။
သောကြာ ပုစွန်ဖောင်ကို ‘ပုလဲနှင့် ငါး’က ၁၉၆၅ ခုနှစ်ကစပြီး ဂရန်ယူလုပ်ကိုင်ခဲ့တယ်။ မနှစ်က ပုစွန်ကုန်ချိန် ပိဿာ ၁၉၀၀၀ ထွက်ခဲ့တယ်။ ပုစွန်စျေး အင်မတန်ကောင်းနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အမြတ် မရှိဘူးလို့ သိရတယ်ဗျာ။
ဂျပန်တွေအကြိုက်ဆုံး ကျားတုပ်
ပုစွန်ကျားတုပ်ဟာ မြန်မာပုစွန်တွေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ထင်ရှားပါတယ်။ ဂျပန်လူမျိုးတွေကလည်း အကြိုက်ဆုံး ဖြစ်ပါတယ်။ မကြာခင်က ဂျပန်ပါရဂူအချို့ရောက်လာပြီး လေ့လာသွားတယ်။ ပြီးတော့ ကျားတုပ်ပုစွန် အထီးအမ ခွဲပြသွားကြောင်း သိရပါတယ်။ ပုစွန်ဖောင်က လုပ်သားကြီးများက ဂျပန်ပါရဂူတွေ ခွဲပြသွားတဲ့အတိုင်း ကျွန်တော့်ကို အထီးအမ ခွဲပြကြပါတယ်။ အမှန်တော့ မခက်လှပါဘူး။ ကျွန်တော်တို့ မြန်မာ တွေက ပစွန်ကို ဖမ်းစားရုံသာစားကြတာ၊ ပုစွန်အရှင်တစ်ကောင်ကို ကောက်ကိုင်ပြီး စေ့စေ့စပ်စပ် ကြည့်ကြတာ မှ မဟုတ်ဘဲဗျာ။
ဂျပန်တွေက ကျားတုပ်ကို ကြိုက်လည်းကြိုက်ကြတယ်။ လေ့လည်းလေ့လာကြတယ်။ သူတို့ဆီမှာ လွယ်လွယ် မရနိုင်တော့လို့ ကျွန်တော်တို့ဆီက ဝယ်ဖို့စကား ကမ်းလှမ်းနေကြတယ်။ ကျားတုပ်ဟာ ဘာကြောင့် ဒီလောက် ကောင်းသလဲဆိုတော့ ရေချိုရေငန်စပ်ရာမှာ ပေါက်ဖွားကြီးပြင်းတဲ့ ပုစွန်ဖြစ်လို့ပါပဲ။
ကျားတုပ်ကို ကျွန်တော်တို့ မြန်မာတွေလည်း စျေးကြီးပေး ဝယ်စားနေကြတယ်။ ဂျပန်တွေကိုရောင်းရင်လည်း နိုင်ငံခြားငွေရနိုင်တယ်။ ဒီလို ကျားတုပ်အတွက် စျေးကွက်အလားအလာကောင်းနေစဉ် ကျားတုပ်အထွက် လျော့စေတဲ့ အကြောင်းကြီးတစ်ကြောင်းက ပေါ်နေတယ်။ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရေလုပ်ငန်း ၀ိရောဓိကြောင့် ဖြစ်ပေါ်လာတဲ့အကြောင်းပါ။ လယ်တွေကို ဆားငန်ရေမလွှမ်းစေရအောင် ပင်လယ်ကမ်းစပ်မှာ တာရိုးကြီးများ လုပ်ပေးရတယ်။ အဲဒီတာရိုးကြီးတွေ ကာဆီးထားတဲ့ နေရာဒေသများမှာ ရေချိုရေငန်နည်းပြီး ကျားတုပ်ပုစွန် များလည်း မလိုက်မပါဖြစ်ကုန်သတဲ့ဗျာ။ အလေ့ကျ ကျားတုပ်ကို အားကိုးမနေကြဘဲ တခြားနည်းဖြင့် ရေချိုရေငန်ဖြစ်စေပြီး မွေးမြူရေးကျားတုပ် ထုတ်လုပ်ရရင်ကော ဘယ်လိုနေမလဲ။ ရခိုင်ပြည်နယ်ဘက်မှာ ကျားတုပ်မွေးမြူရေး စမ်းလုပ်နေတယ်လို့ သိရတယ်။
ကျွန်တော်တို့ဟာ ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်ဆိုတဲ့ ဆောင်ပုဒ်အရ ပင်လယ်ရေနက်ပိုင်း သားငါး ပုစွန် ရှာဖွေရေးကို အာရုံစိုက်နေကြတယ်။ ပင်လယ်ရေနက်ပိုင်း သားငါးပုစွန်အကြောင်းကို နားလည်အောင် လေ့လာနေကြတယ်။ နိုင်ငံခြား ပညာတော်သင်များအဖြစ်ဖြင့်လည်း သွားလေ့လာနေကြတယ်။ ဒါတွေဟာ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါပေမယ့် ငါးစိမ်းမြင် ငါးကင်ပစ် ဆိုတာလို မဖြစ်သင့်ပါဘူး။ ရေချို ရေငန် ငါးသားပုစွန်လုပ်ငန်းနဲ့ ရေချိုငါးသားပုစွန်လုပ်ငန်းများကိုလည်း အာရုံစိုက်မြဲ စိုက်ကြရပါမယ်။ ရေချိုနဲ့ ရေငန် ငါးသားပုစွန်လုပ်ငန်းများနဲ့ ပတ်သက်တဲ့ ပညာများကိုလည်း စနစ်တကျ တိုးချဲ့ရပါမယ်။ အစဉ်အလာ ကျွမ်းကျင်မှုများကို သိပ္ပံနည်းများဖြင့် အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။
မနှစ်က ဖျာပုံခရိုင်မှာ ‘ပုလဲနှင့်ငါး’ ဂရန် ၁၆ ခုယူပြီး ပုစွန်ဖမ်းခဲ့တယ်။ပိဿာချိန် ၁၆၀၀၀၀ ထွက်ခဲ့တယ်။ ယခုနှစ် ဂရန် ၂၀ ယူပြီး ပုစွန်ဖမ်းနေတယ်။ ပိဿာချိန် ၂၃၀၀၀၀ ထွက်မယ်လို့ ခန့်မှန်းပါတယ်။ ပိဿာချိန် ၇၀၀၀၀ ပိုထွက်မှာက ဂရမ် ၄ ခု ပိုလာတာကြောင့်ချည်း မဟုတ်ကြောင်း သိရပါတယ်။ ‘ပုလဲနှင့်ငါး’ ပုစွန်ဖမ်းလုပ်ငန်းမှာ အလေအဖိတ် အလွန်များတယ်။ ‘ပုလဲနှင့်ငါး’ ပုစွန်ဖောင်အထက်ကနေပြီး ပုဂလိက လုပ်ငန်းရှင်များ(သူခိုးကြီး၊ သူခိုးကလေးများ)က ပုစွန်ဖမ်းတာဟာ ယခုနှစ် အတော်နည်းသွားတယ်။ သူပုန်သူကန်နဲ့ ဓားပြဂိုဏ်းတွေကို နှိမ်နင်းနိုင်ခြင်းနဲ့အတူ တရားဥပဒေစိုးမိုးရေးက အောင်မြင်လာသောကြောင့် ဖြစ်ပါတယ်။ နောက်ပြီးတော့ ‘ပုလဲနှင့်ငါး’ မှာ လုပ်နေကြတဲ့ လုပ်သားတော်တော်များက ပုစွန်ဖမ်းရင်း ဟင်းစားလောက် ယူတာမဟုတ်ဘဲ မတော်မတရား စီးပွားဖြစ်ယူကြတယ်။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်တယ်လို့ သိရပါတယ်။ ခုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဟာ ပါတီကောင်စီများနဲ့ လက်တွဲပြီး ကြီးကြပ်မှုကော်မတီ များ ဝင်နေပါတယ်။ ဒါကြောင့် ဌာနတွင်း မသမာမှုများကို အတော်အတန် လျော့ပါးစေလိမ့်မယ်တဲ့ ဗျာ။
ရေလုပ်သားများဟာ ရိုးရိုးသားသားလုပ်ကြဖို့သာမက စေ့စေ့စပ်စပ် သေသေချာချာ လုပ်ကြခြင်းနဲ့ ထိိုးထွင်း ဉာဏ် ထုတ်လုပ်ကြခြင်းအားဖြင့် ကုန်ပိုထွက်လာကြအောင် စည်းရုံးသွားကြရလိမ့်မယ် ဗျာ။
သောကြာရွာမှနေပြီး ကနိရွာကိုအကူးမှာ လယ်သမားကြီးများရဲ့ ပုစွန်မြုံးကြီးများကို တွေ့ခဲ့ရပါတယ်။ လယ်တွေ ကို လုံအောင်ပိတ်ထားပြီး ရေလွှဲပေါက် တစ်ပေါက်တည်းထားတယ်။ အဲဒီရေလွှဲပေါက်မှာ မြုံးထောင်ပြီး ပုစွန်ဖမ်းတယ်။ တစ်အိမ်ထောင်စားဖို့ မကဘူးလို့ သိရတယ်။ သူတို့က အဖမ်းများလို့ ထိခိုက်နေကြောင်း သိခဲ့ရပါတယ်။ ဒီမှာလည်း ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင်တို့ရဲ့ ၀ိရောဓိတရားကို ဆင်ခြင်မိခဲ့ပါကြောင်း ဗျာ။ ။
သိန်းဖေမြင့်
(ဗိုလ်တစ်ထောင်သတင်းစာ၊ ၂၄ ဩဂုတ်၊ ၁၉၇၁)

About The Author

greenness_mm

No Comments

Leave a Reply