ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား – ဦးအုန်း

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား – ဦးအုန်း

ပုပ္ပားတောင်တော်မြတ်သည် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ(Dryzone Ecosystem) ဂေဟစနစ်တွင် စိမ်းလန်းလှပသော အချက်အချာကျသော ဒေသတွင်ရှိ၍ အလွန်မှ အရေးကြီးလှပေသည်။ ပုပ္ပားတောင်၏ ဂေဟစနစ် ပျက်ပြယ်သွားလျင် အပူပိုင်းဒေသတစ်ခုလုံးသည် ကန္တာရအသွင် ပြောင်းသွားပါလိမ့်မည်။ ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းသည် အာကာသတစ်ခွင်မှ အအေးဓာတ်(ဆီးနှင်း၊ မိုးရေမိုးပေါက်)များကို တစ်နှစ်ပတ်လုံး ဖမ်းယူ၍ တောင်တစ်ခုလုံးသို့ စိမ့်ဝင်ဖြန့်ဖြူးပေးပြီး အအေးဓာတ်ကို ပေးလျက်ရှိသည်။ ဥပမာ ရေငယ်စခန်း ညအိပ်ဖူးသူတိုင်း အအေးဓာတ်(Air Condition) ပေးသကဲ့သို့ အလွန်းအေးစက်စွာ အိပ်စက်ရ၍ နံနက် အိပ်ယာထလျင် အအေးမိမည်ကို ပူပင်ကြရ၏။ ပုပ္ပားတစ်ဝိုက်ရှိ စမ်းရေအားလုံးသည် စမ်းရေအားလုံးသည် မြေအောက်ရေ မဟုတ်ပါ။ တောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းကပေးသော Cloud Forest ခေါ် ဆီးနှင်းတိမ်တိုက် များက ပေးသောရေ ဖြစ်ပါသည်။

၄င်းဆီးနှင်းတိမ်တိုက်မှ ရလာသောရေဖြင့် တောင်ပေါ်တောင်အောက် ဒေသတစ်ခုလုံးအား ရေပေးဝေထားပါသည်။ ကျောက်ပန်းတောင်းတစ်မြို့လုံးကိုလည်း ရေပေးဝေထားပါသည်။ ပုပ္ပားတောင် တောင်ကတုံးဖြစ်သွားလျင် ကျောက်ပန်းတောင်းမြို့လည်း ရေပြတ်သွားပြီး ပျက်စီးသွားမည် ဖြစ်ပါသည်။ တောင်ပတ်ဝန်းကျင်လည်း ခြောက်သွေ့သွားပြီး လူအများ၏ စိုက်ပျိုးရေးရေ ရရှိရေးစနစ် ပျက်စီးသွား၍ မကြာမြင့်မီတွင် ကန္တာရလွင်ပြင် ဖြစ်ပြီး အနီးအနားရှိ ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့၊ မြင်းခြံမြို့၊ မိတ္ထီလာ မြို့တစ်ဝိုက် အားလုံးသော ဒေသတစ်ခုလုံး ကန္တာရအသွင် ပြောင်းလဲသွားမည် ဖြစ်ပါသည်။

၁၉၈၂-၈၆ ခုနှစ်များအတွင်းက မိမိကြိုးပမ်းပြီး ပြန်၍စိမ်းလန်းအောင် ပြုစုပျိုးထောင်ခဲ့သော တောင်တော်ပုပ္ပား သည် ယခုအခါ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပါသည်။ မူလက စိမ်းလန်းစွာရှိနေသော စကားဝါပင်များ ပြုန်းတီးလျက်ရှိပြီး သစ်ယာပင်များလည်း ရှားပါးလျက်ရှိကာ ယခင်က လုံးဝမရှိခဲ့သော လက်ဖက်ပင်များ စိုက်ပျိုးနေသည်ဟု ကြားရ၍ အလွန်တုန်လှုပ်မိပါသည်။

လက်ဖက်စိုက်တာက ပေ ၄၀၀၀၊ ၅၀၀၀ ကျော်မှသာ စိုက်၍ ဖြစ်ထွန်းပါမည်။ ယခုစိုက်နေတာက ပေ ၂၀၀၀ ကျော် ရေငယ်ဒေသတွင် မဖြစ်ထွန်းနိုင်သော လက်ဖက်စိုက်ဖို့အတွက် ကျောက်ပန်းတောင်းမြို့သို့ ပို့ပေးနေ သောရေကို လုယူပြီးစိုက်တော့ လူတွေသောက်တဲ့၊ လူတွေ သုံးတဲ့ သောက်တဲ့ စိုက်တဲ့ရေတွေ လျော့ပါးလာပြီး လက်ဖက်လည်း မဖြစ်ထွန်းပါ။ လက်ဖက်စိုက်လိုလျင် ချင်းတောင်နဲ့ ရှမ်းတောင်ဒေသကို သွားစိုက်ပါ။ အာဏာရှင် တန်ခိုးရှင်များရဲ့လမ်းညွှန်ချက်နဲ့ လက်ဖက်စိုက်နေတော့ သစ်တောဌာနအပါအဝင် မည်သူမှ မတားဝံ့ကြပါ။

ကျွန်တော် ၂၀၁၂ ခုနှစ်က ပုပ္ပားမှာ အစည်းအဝေးလုပ်တော့ ကျောက်ပန်းတောင်းက လူသုံးသောင်းကျော် ပုပ္ပားတက်လာပြီး ကျွန်တော့်ကို လာရောက် နှုတ်ဆက်ဂါရဝပြုကြပါသည်။ ကျွန်တော်က မိန့်ခွန်းစကားပြော အပြီးမှာ “လက်ဖက်စိုက်တာကို ချက်ချင်းရပ်” လို့ အော်လိုက်တော့ ပရိသတ်အားလုံးက “ချက်ချင်းရပ်” လို့ ကြွေးကြော်ခဲ့ကြပါသည်။ ထိုအရာသည် ပြည်သူ့ဆန္ဒဖြစ်ပါသည်။ ပြည်သူ့ဆန္ဒဟု ခေါ်ပါသည်။ ယခုလည်း ဒေသခံတွေ မလိုလားသည့် လက်ဖက်စိုက်ခြင်းကို အခုချက်ချင်းရပ်ကြပါဟု ထပ်မံကြွေးကြော်လိုက်ပါသည်။

ဦးအုန်း
ပုပ္ပားချစ်သူ၊ ကမ္ဘာမြေချစ်သူ

မှတ်ချက်။ ပုပ္ပားအလှ၊ ပုပ္ပားရသ၊ ပုပ္ပားဘဝ စာစုများမှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
#Greenness

About The Author

greenness_mm

No Comments

Leave a Reply