ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပါ

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပါ

တောင်ကိုရီးယားသည် တောင်ကုန်းတောင်တန်း ပေါများသည့် နိုင်ငံဖြစ်ကာမြေပြန့်လွင်ပြင် ရှားပါး သည်။ ဆိုးလ်မြို့အတွင်း၌ပင် အတော်အတန်မြင့်သည့် တောင်များကိုတွေ့ရသည်။ သစ်တောသစ်ပင် ပေါက်ရောက် ရန် ခက်ခဲသောကျောက်တောင်များလည်းပါဝင်သည်။ သို့သော် ရောက်ရှိခဲ့သည့်နေရာတော်တော်များများတွင် သစ်တောသစ်ပင်များကိုအလေးပေးထိန်းသိမ်းထားကြောင်းတွေ့ခဲ့ရသည်။ တည်းခိုခဲ့ရသည့် ဟိုတယ် ပေါ်မှ ကြည့်ပါကနေရာတိုင်းတွင် သစ်ပင်များဖြင့် စိမ်းစိုနေသောမြင်ကွင်းများကိုသာ မြင်ခဲ့ရသည်။ လူသွားလမ်းများပေါ်၌ပင် ပေါက်ရောက်နေသောသစ်ပင်များကိုပင် အလေးပေးထိန်းသိမ်းထားကြောင်းတွေ့ရသည်။ အဝေးပြေးလမ်းများတွင်သာမက မြို့တွင်းလမ်းများဖောက်လုပ်ရာတွင်လည်းတောင်များကို ဖြိုချခြင်းမျိုးမလုပ် ဘဲတောင်အောက်မှ လိုဏ်ခေါင်းတည်ဆောက်ပြီးဖောက်လုပ်ထားသည်။ ပြန်လည်ရရှိရန်မလွယ်ကူသောသဘာဝပတ်ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်မှု၏ တောင်းဆိုမှုကြောင့် မပျက်စီးအောင် နည်းလမ်းရှာဖြေရှင်းခြင်းဟုဆိုရမည် ထင်သည်။

လူနေအိမ်များတည်ဆောက်ရာတွင်လည်းတောင်များကိုမဖြိုဘဲတောင်စောင်းများတွင် အဆင်ပြေအောင် ဆောက်လုပ်ထားကြသည်။ နေရာအချို့ဆိုလျှင် တောင်စောင်းအတိုင်းကားဖြင့်တက်သွားရပြီးလမ်းကိုလည်းအုတ်ကြွပ်များဖြင့် ခင်းထားသည်ကိုတွေ့ရသည်။ ဥရောပမြို့တစ်မြို့သို့ ရောက်သွားသည့်အလားခံစားခဲ့ရသည်။ တက်ရောက်ခဲ့ရသည့်မီဒီယာဖိုရမ်သို့ လာရောက်ဟောပြောခဲ့သည့် ဆိုးလ်မြို့ရှိတက္ကသိုလ်မှ ပါမောက္ခတစ်ဦးကတောင်ကိုရီးယား၏ ဦးစားပေးရည်မှန်းချက်များထဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေးများပါဝင်ကြောင်းပြောပြသည်။ သစ်ပင်ပေါက်ရန် ခက်ခဲသောကျောက်တောင်များ၌ပင် မြေဆီလွှာဖြစ်ပေါ်လာအောင် ဖန်တီးကာသစ်ပင်စိုက်ကြကြောင်းရှင်းပြသည်။ ၄င်းက ‘ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ရင်းသစ်တောပြုန်းတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေ ဖြစ်လာရင် ဘယ် လောက်ဆိုးလဲဆိုတာငါတို့နိုင်ငံအတွေ့အကြုံအရကောင်းကောင်းသိတယ်။ သဘာဝသစ်တောတစ်တောပျက်စီးဖို့လွယ်ပေမယ့် ဖြစ်ဖို့က နှစ်ရာနဲ့ချီပြီး ကြာနိုင်တယ်။ ဒါကြောင့် ကိုရီးယားမှာသစ်တောသစ်ပင်ကိုအလေးထားကြတာ။ နိုင်ငံသားတိုင်းအလေးထားအောင်ကိုမူဝါဒချပြီးလုပ်ထားတာ’ ဟုပြောသည်။

တောင်ကိုရီးယားတွင် ဖွံ့ဖြိုးတိုးတက်မှုများစတင်ဖြစ်ပေါ်ခဲ့သည့် ၁၉ရဝ ပြည့်လွန်နှစ်များတွင် မြို့ပြတိုးချဲ့မှုများနှင့်အခြားပယောဂများကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်ခဲ့သည်။ စက်မှုနည်းပညာကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့်ပါ ကြုံတွေ့ခဲ့ရသည်။ ၁၉၈ဝ ပြည့်နှစ်ဝန်းကျင်တွင် သစ်တောပြုန်းတီးမှု၏အကျိုးဆက်များကိုစတင်ရင်ဆိုင်လာရချိန်တွင် အချိန်မီသတိပြုမိကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိခဲ့ရသည်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် သစ်တောသစ်ပင်များကိုအလေးပေးထိန်းသိမ်းခြင်း၊ ကာဗွန် ထုတ်လွှတ်မှုလျှော့ချနိုင်ရန် ကြိုးပမ်းခြင်းများကိုအလေးပေးလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များမှစတင်ပြီးအစိမ်းရောင်ဖွ့ံဖြိုးရေးရည်မှန်းချက်ကိုစတင်အကောင်အထည်ဖော်ခဲ့သည်။ အစိုးရအဆက်ဆက်ကမပျက်မကွက် တာဝန်ယူဖော်ဆောင်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားသည် လက်ရှိအချိန်တွင် အာရှမြို့ကြီးများထဲ၌ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမြင့်မားသည့်မြို့တစ်မြို့ဖြစ်လာခဲ့ပုံရသည်။ စက်မှုနိုင်ငံများထဲတွင် တောင်ကိုရီးယားသည် ကာဗွန်ထုတ်လွှတ်မှုလျော့ကျသည့်နည်းပညာများအသုံးပြုနိုင်စွမ်းအရှိဆုံးနိုင်ငံ ဖြစ်လာသည်အထိထိထိရောက်ရောက် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ စက်မှုဖွံ့ဖြိုးရန်ဖော်ဆောင်ခဲ့သည့် အကျိုးဆက်များအဖြစ် အက်စစ်မိုးရွာသွန်းခြင်းကဲ့သို့ဖြစ်စဉ်များကိုဆက်လက်ရင်ဆိုင်နေရသော်လည်းအာရှမြို့ကြီးများထဲတွင် ကျန်းမာရေးအတွက် နေပျော်စရာအကောင်းဆုံးမြို့တစ်မြို့အဖြစ် ရောက်ရှိလာခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားများ၏ စွမ်းဆောင်ရည်ကချီကျူးစရာပင်။ (ပြည့်ဖြိုးနိုင်- အတုယူရမည့်အစိမ်းရောင် အသားပေးဖွံ့ဖြိုးတိုးတက်မှု ဆောင်းပါးမှ)

ပြည့်ဖြိုးနိုင်ကရွှေလက်ရဲ့ မိတ်ဆွေအယ်ဒီတာတစ်ဦးဖြစ်ပြီးမကြာသေးမီကကိုရီးယားနိုင်ငံလေ့လာရေးခရီးစဉ်မှာလိုက်ပါခဲ့သူပါ။ ကိုရီးယားအတွေ့အကြုံတွေကို“အာရှကျားတစ်ကောင်ထံမှရရှိလာသောသတင်းသမားတစ်ဦး၏အတွေးစများ” ခေါင်းစဉ်နဲ့ဆောင်းပါးတွေရေးခဲ့ပါတယ်။ အဲဒီအထဲကမှ သဘာဝပတ်ဝန်းကျင် ဆိုင်ရာအတုယူဖွယ်ရာအနည်းငယ်ကိုထုတ်နှုတ်တင်ပြတာပါ။ ရွှေလက်တို့ နိုင်ငံအနေနဲ့ အလွန်အတုယူဖွယ်ရာကောင်းပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခဲ့ကြတယ်။ ရွှေလက်လေ့လာမိသလောက် ကမ္ဘာ့နိုင်ငံကြီးအများစုဟာ သဘာဝပတ်ဝန်းကျင်အပေါ်မှာ အလေးထားခဲ့ကြတာတွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်တိုင်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုသက်သာအောင် လုပ်ဆောင်ခဲ့ကြ တယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တဲ့နေရာမှာလိုက်နာရမဲ့ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတွေကိုလိုက်နာခဲ့ကြတယ်။ အဲဒီအတွက်လည်းနည်းပညာနဲ့ ငွေကြေးကိုအလုံအလောက် အသုံးပြုခဲ့ကြတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာတော့…။

ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ရင်းသစ်တောတွေ ပြုန်းတီးကုန်တယ်။ တောင်တွေ ပျောက်ကွယ် ကုန်တယ်။ ရေထုမြေထုလေထုတွေ ညစ်ညမ်းကုန်တယ်။ ဇီဝမျိုးစုံ မျိုးကွဲတွေ မျိုးသုဉ်းကုန်တယ်။ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေ မှေးမှိန်ကုန်တယ်။ လူတွေရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် လူမှုဘဝတွေ ထိခိုက်ကုန်တယ်။ ချုပ်ပြောရရင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကြောင့် ရွှေလက်တို့နိုင်ငံ သဘာဝ ပတ်ဝန်းကျင်နဲ့ ပြည်သူတွေရဲ့လူမှုဘဝပတ်ဝန်းကျင်တွေ ထိခိုက်ကုန်ပါတယ်။ ရွှေလက်ကအဲဒီလိုပြောတဲ့အခါတိုင်းလူတစ်ချို့က “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်တာ၊ ဒီလောက်တော့ ထိခိုက်မှာပဲ၊ သဘာဝပတ်ဝန်း ကျင်ကိုမထိခိုက်ချင်ရင် အမှောင်ထဲမှာနေ၊ ကားမစီးနဲ့ နွားလှည်းစီး..” စသဖြင့် သရော်တော်တော် ပြောဆိုခဲ့ကြတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေကိုလည်း “အစိုးရဘာလုပ်လုပ် ကန့်ကွက်နေကြတော့တာပဲ။ အလကားပါကွာ။ နိုင်ငံခြားအဖွဲ့အစည်းတွေဆီကထောက်ပံ့ငွေရလို့ အစိုးရကိုကန့်လန့်တိုက်နေကြတာ” ဆိုပြီးအမျိုးမျိုးပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အခန့်မသင့်ရင် အဆဲပါ ခံရပါသေးတယ်။ ထားပါတော့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးဆောင်းပါးတစ်ပုဒ်ရေးမှ အဲဒီအကြောင်းအသေးစိတ်ရေးပြပါမယ်။

တကယ်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာလူတစ်ဦးချင်းကနေအစပြုပြီး နိုင်ငံတစ်နိုင်ငံချင်းဆီအထိလိုအပ် ပါတယ်။ဖွံ့ဖြိုးတိုးတက်မှုကိုလူတိုင်းကြိုက်သလို နိုင်ငံတိုင်းလည်းကြိုက်ပါတယ်။ ရွှေလက်ကိုယ်တိုင်လည်းကိုယ့်ကိုယ်ကိုဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေသလို နိုင်ငံတော်ကိုလည်းဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဒါပေမဲ့ ရွှေလက်ဆိုလိုတာတစ်နပ်စားဖွံ့ဖြိုးတိုးတက်မှု၊ ကောက်ရိုးမီးဖွံ့ဖြိုးတိုးတက်မှု မဟုတ်ဘူး။ လက်ရှိမျိုးဆက်ရောအနာဂတ်မျိုးဆက်အတွက်ပါ ခံစားရနိုင်မဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါ။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ အများကြီးစတေးပြီးမှ အနည်းငယ်ပြန်ရလာမဲ့ အမည်ခံဖွံ့ဖြိုးတိုးတက်မှု မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုသက်သာစေတဲ့၊ ထိခိုက်မှုတွေအတွက် အစားပြန်ရတဲ့၊ ထိုက်တန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလိုချင်တာပါ။ ဥပမာ- ဒေသတစ်ခုမှာ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတစ်ခုလုပ်တယ်ဆိုပါစို့။ အဲဒီဒေသမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုဘဝထိခိုက်မှုတွေရှိခဲ့ပြီးအဲဒီဒေသမှာကျ တော့ လျှပ်စစ်မီးလည်းမရ၊ ထိခိုက်မှုအတွက် တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေလည်းမရ စသဖြင့် ဘာဖွံ့ဖြိုးတိုးတက်မှုမှမရဘူးဆိုရင် အဲဒါကိုဖွံဖြိုးတိုးတက်မှုလို့ ခေါ်ဦးမှာလား။ မြန်မာနိုင်ငံမှာအဲဒီလိုစီမံကိန်းတွေ အများကြီးပါ။ ဘယ်သူမှ မကန့်ကွက်ခဲ့တဲ့ကာလတွေမှာ ဖြစ်တည်ခဲ့တဲ့စီမံကိန်းတွေပေါ့။

ဟိုးအရင်ကရွှေလက်တို့ မြန်မာနိုင်ငံမှာဖွံ့ဖြိုးတိုးတက်မှုကိုအကြောင်းပြစီမံကိန်းတွေ လုပ်ခဲ့ကြတယ်။ တံတားဆောက်၊ လမ်းဖောက်၊ ဆည်ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလိုလိုမလိုလိုလုပ်ခဲ့ကြတယ်။ ဒီအတွက် နိုင်ငံမှာအကျိုးကျေးဇူးတွေ ဖြစ်ထွန်းခဲ့သလိုဆုတ်ယုတ်မှုတွေလည်းရှိခဲ့ပါတယ်။ (ဥပမာ-ဆည်ရှိပြီးရေမရှိတဲ့အဖြစ်မျိုး) အဲဒီစီမံကိန်းတွေအတွက် သဘာဝပတ်ဝန်းကျင်နဲ့လူမှုဘဝတွေ အများကြီးထိခိုက်ခဲ့ရပါတယ်။ နိုင်ငံတကာမှာတော့ စီမံကိန်းတွေလုပ်ရင် တတ်နိုင်သလောက် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်တယ်။ မဖြစ်မနေထိခိုက်ရတော့မယ်ဆိုရင်လည်းအဲဒီနေရာမှာ ထိခိုက်သွားတဲ့သဘာဝပတ်ဝန်းကျင်အတွက် အခြားနေရာမှာအစားပြန်လုပ်ပေးတယ်။ ရွှေလက်တို့ နိုင်ငံမှာတော့ ဘာမှအစားပြန်မရခဲ့ပါဘူး။ အထူးသဖြင့် စီမံကိန်းတွေကြောင့် ဆုံးရှုံးသွားခဲ့တဲ့သစ်တောတွေ ဘယ်သူပြန်စိုက်ပေးခဲ့လဲ။ အဆိုးဆုံးကတော့ နိုင်ငံအတွက် ဘာဖွံ့ဖြိုးတိုးတက်မှုမှမရတဲ့ဆီအုန်းစိုက်ခင်းတွေ၊ ရာဘာစိုက်ခင်းတွေ၊ ကြံစိုက်ခင်းတွေ၊ ပီလောပီနံစိုက်ခင်းတွေကြောင့် သစ်တောတွေ အသားလွတ်ဆုံးရှုံးခဲ့ရတာပါပဲ။ အဲဒါတွေအတွက် ဘယ်သူတာဝန်ယူခဲ့လဲ။ ပြောရရင်အများကြီးပါပဲ။

ရွှေလက် အဓိကပြောချင်တာကတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းတွေလုပ်တဲ့အခါတိုင်းသဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေရဲ့လူမှုဘဝတွေ ထိခိုက်မှု အသက်သာဆုံးဖြစ်အောင် လုပ်ဖို့၊ ပေးဆပ်လိုက် ရတဲ့ထိခိုက်မှုကများပြီး ပြန်ရလိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကနည်းနေရင် အဲဒီစီမံကိန်းကိုမလုပ်ဖို့ပါပဲ။ နိုင်ငံတကာမှာလည်းအဲဒီလိုလုပ်နေကြပါတယ်။ ရွှေလက် ဆောင်းပါးအစမှာဖော်ပြခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ သဘာ ဝပတ်ဝန်းကျင်အပေါ်အလေးထားမှုကိုကြည့်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဖြစ်မနေလုပ်ရမဲ့လုပ်ငန်းတွေကိုလုပ် ရင်း သဘာဝပတ်ဝန်းကျင်ကိုလည်း မရမကထိန်းသိမ်းခဲ့တာလေ။ တော်တော်လေးစားအတုယူဖို့ ကောင်းပါ တယ်။ ရွှေလက်တို့ နိုင်ငံမှာတော့ လမ်းဖောက်မလား၊ လမ်းချဲ့မလားမလွတ်တဲ့သစ်ပင်တွေ လှဲမယ်။ တောင်တွေ ဖြိုမယ်။ သယံဇာတတွေ တွေ့ရင်တူးမယ်။ သဘာဝပတ်ဝန်းကျင်အတွက် ထည့်မစဉ်းစားခဲ့ကြဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ဟာ တစ်နေ့တစ်ခြားသိသိသာသာပျက်စီးဆုံးရှုံးနေတယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ရာသီဥတုလည်းဖောက်ပြန်နေတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာနေကြရတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေလုပ်တိုင်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်နိုင်ခြေတွေကိုထည့်သွင်းတွက်ချက် ပြီးထိခိုက်မှုအသက်သာဆုံးဖြစ်အောင် အလေးထားဆောင်ရွက်သင့်ကြောင်းရေးသားလိုက်ရပါတယ်။ ။

ရွှေလက်
August 27, 2017

About The Author

greenness_mm

No Comments

Leave a Reply