ဘိုးဘွားသစ်ပင်ကြီးတွေ

ဘိုးဘွားသစ်ပင်ကြီးတွေ

တစ်ရက်ကျွန်တော့်ဇာတိရွာကလေးက အစ်မဝမ်းကွဲတစ်ယောက်နှင့် ဖုန်းပြောကြရင်း စိတ်ထဲ ရုတ်တရက်ပေါ်လာသဖြင့် ရွာဘုန်းကြီးကျောင်းအနောက်ဘက် ကပ်ရက် လမ်းဘေးက ကုက္ကိုလ်ပင်ကြီး အကြောင်းမေးလိုက်မိပါသည်။

” ခုတ်ပစ်လိုက်ပြီးပြီကား။ မရှိတော့ဘူး။ခုတ်ဆို ဟိုဘက်ရွာက လူတစ်ယောက်ကို ဆယ်သိန်းနဲ့ ရောင်းတာ” ဟု သူက ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောဆိုပါသည်။ အစ်မဖြစ်သူက ပေါ့ပေါ့ပါးပါးအသံဖြင့်ပြောဆိုလိုက်သော်လည်း ကျွန်တော့်စိတ်ထဲမှာ မပေါ့ပါးနိုင်ပါ။ နှမျောစိတ်၊ လွမ်းမောစိတ်တွေဖြစ်လျက် နေပါတော့သည်။

ထိုကုက္ကိုလ်ပင်ကြီးအောက်မှာ ကျွန်တော်တို့ကလေးဘဝက မောင်နှမတွေအတူကစားခဲ့ကြသည်။ သူငယ်ချင်းတွေနှင့်ထိုအပင်အောက်မှာပင်ချိန်းဆို တွေ့ဆုံခဲ့ကြရသည်။ ကျွန်တော်တို့မောင်နှမတွေ ထိုအပင်ကြီးအောက်မှာပင် စက်ဘီးစီသင်ပြီး စက်ဘီးစီးတတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ဘဝကစ အပင်ကြီးအဖြစ်ရှိနေနှင့်ပြီး သက်တမ်းဘယ်လောက်မှန်းမသိသည့် ဘိုးဘွားသစ်ပင် ၁၀ ပင်လောက် ကျွန်တော်တို့ရွာကလေးမှာရှိပါသည်။

ရွာမြောက်ဘက်အဝင်က စိမ်းစားသရက်ပင်ကြီးတစ်ပင်၊ မြစ်ကမ်းပါးဘေးက မန်ကျည်းပင်ကြီးနှစ်ပင်၊ ဘုန်ကြီးကျောင်းအနောက်ဘက်က ကုက္ကိုလ်ပင်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကြားက အောင်းပင်ဟုခေါ်ကြသည့် သရက်ပင်ကြီးသုံးပင်၊ စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးတစ်ပင်၊ ရွာတောင်ဘက်အထွက်က ရုံးပင်ကြီးတစ်ပင်တို့ဖြစ်ပါသည်။ ထိုအပင်ကြီးကိုးပင်မှာ ငါးပင်ကမရှိတော့ပါ။ မရှိတော့သည့် အပင်ကြီးငါးပင်အနက် လေးပင်က လူလက်ချက်နဲ့ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထိုအပင်များနှင့်အတူ ကျွန်တော်တို့ မျိုးဆက်၏ ငယ်ဘဝအမှတ်တရတွေလည်း ပျောက်ကွယ်သွားပါတော့သည်။

တကယ်တော့ ရွာထဲက ထိုဘိုးဘွားသစ်ပင်ကြီးတွေသည် ကလေးတွေအတွက် ကစားရာနေရာ၊ ခရီးသည်တွေအတွက်နားခိုရာကိုသာ ပေးသည်မဟုတ်ပါ။ ထိုအပင်ကြီးတွေနှင့်ပတ်သက်ပြီး လူတွေရဲ့စိတ်ခံစားမူဆိုင်ရာတန်ဖိုးရှိပါသည်။ ပြီးခဲ့သည့်နှစ် မြန်မာနိုငံအလယ်ပိုင်း မီးလောင်သည့်ကျေးရွာတစ်ရွာက အဘွားအိုတစ်ဦးငိုနေသည့် ရုပ်သံကို ခုထိအမှတ်ရနေပါသည်။အဘွားခမျာ အိမ်ကိုမီးလောင်လို့ငိုခြင်းမဟုတ်။ မီးထဲပါသွားသော မကျည်းပင်ကြီးတွေကို နှမျောတသစိတ်ဖြင့် တကယ်ပင်ကြေကွဲစွာငိုနေခြင်းဖြစ်ပါသည်။

 

” အိမ်က ပြန်ဆောက်လို့ရတယ်။ အဖွားတို့ငယ်ငယ်ကစရှိခဲ့တဲ့ဒီအပင်ကြီးတွေ ဘယ်လိုမှပြန်မရနိုင်တော့ဘူး” ဟု ထိုအဖွားကဆိုပါသည်။ တကယ်ပင်ပြန်မရနိုင်တော့ပါ။ အသစ်ပြန်စိုက်လျင် ထိုအဖွား၏မြေးတွေ အဖွားအရွယ်ရောက်မှသာလျင် အပင်ကြီးတွေကိုပြန်ရနိုင်တော့မည်ဖြစ်သည်။

ရပ်ရွာထဲက အပင်ကြီးတွေကို ပြန်လည်အစားထိုးဖို့ဆိုသည်မှာ ရာစုနှစ်တစ်ဝက်လောက်အနည်းဆုံးကြာမည်ဖြစ်သည်။ အပင်ကြီးတွေသည် အစားထိုးမရသည့် ရွာ၏ဘိုးဘွားတွေပင်ဖြစ်ပါသည်။ ရွာက ကလေးတွေအတွက် အရိပ်ရကစားကွင်းဖြစ်ပါသည်။ ရွာတစ်ရွာ၏ အမှတ်အသားတစ်ခုလည်းဖြစ်ပါသည်။ ထိုအပင်ကြီးတွေနှင့်ဆက်နွယ်နေသည့် မျိုးဆက်တို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုသည် တန်ဖိုးမဖြတ်နိုင်ပါ။ ရွာက ဘိုးဘွားတွေကိုစောင့်ရှောက်ကြသလို ကိုယ့်ရပ်ကိုယ့်ရွာက အပင်ကြီးတွေကိုလည်း တန်ဖိုးထားစောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

တက်နေထွန်း

About The Author

greenness_mm

No Comments

Leave a Reply