ဘူမိသမိုင်းဖြစ်ရပ်များထဲက ဒီရေတောများ

ဘူမိသမိုင်းဖြစ်ရပ်များထဲက ဒီရေတောများ

ဒီရေတောများသည် ပူနွေးသောအရပ်ဒေသတွင် ပင်လယ်ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်၂ခု၏ ကြားဇုန်များအတွင်း ပေါက်ရောက်သော ဆားငန်ဒဏ်ကိုခံနိုင်သည့် သစ်မျိုးနွယ်အပင်များဖြစ်သည်။

ဆိုလိုသည်မှာ ယင်းတို့သည် ပင်လယ်နှင့် ကုန်းမြေနယ်နိမိတ်များကြားရှိ အကူးအပြောင်းဇုန်တစ်ခုဖြစ်သည့် မြေနိမ့်အရပ်များ (ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်၂ခုကြား) တွင် အကန့်အသတ်ဖြင့် ပေါက်ရောက်ကြရသည်။ ပေါက်ချင်သည့်အရပ်တွင် ပေါက်၍မရ။ ပျော့ပျောင်းသောမြေသား (ရွှံ့နှင့် နုန်းမြေများ) ကို နှစ်သက်ကြပြီး လှိုင်းကွယ်သည့်ကမ်းရိုးတန်းပိုင်းများတွင် ပိုမိုတွေ့ရသည်။

အချို့အပင်များမှာမူ မြေသားနည်းနည်းနှင့် ကျောက်ခဲစိုင်များပေါများရာတွင် တမူထူးခြားစွာ ကပ်ရပ်ပေါက်ရောက်ရှင်သန်ကြသည်။ ယင်းတို့လိုအပ်သော ဒီရေငန်နှုန်း၊ မြေငန်နှုန်းနှင့် မြေသားလေဝင်လေထွက်တို့အပေါ် မူတည်ကာ ဒီရေတောမျိုးစိတ်တခုချင်းစီ၏ပေါက်ရောက်ရာ ဇုန်များကိုခွဲခြားထားသည်။

ဒီရေတောပင်များ၏ ရေပေါ်တွင်ပေါ်နိုင်သည့် အသီးတောင့်များသည် ပင်လယ်ရေစီးကြောင်းများ၊ လှိုင်းလေများ၊ ဒီရေနှင့် ကမ္ဘာ့သမုဒ္ဒရာကြီးများလည်ပတ်မှုတို့တွင် မျောပါနေကြကာ အပူပိုင်းဇုန်တလျှောက်ရှိ ပင်လယ်ဒီရေမှတ် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအမှတ်တို့၏ ကြားဇုန်များအတွင်း ပေါက်ရောက်ကြသည်။

ဤနည်းအားဖြင့် ဒီရေတောအပင်မျိုးကွဲစုံများသည် ဝေးလံသောနေရာများရှိ အပူပိုင်းဒေသ ကမ်းရိုးတန်းဇုန်များသို့ရောက်ရှိကာ ပေါက်ရောက်ကြသည်။ ဒီရေတောများသည် ဘူမိဗေဒခေတ်တစ်လျှောက်လုံး တည်ရှိခဲ့ပြီး ဤဆောင်းပါးသည် ပထမအပိုင်းတွင် ၎င်းတို့၏ အစနှင့် ဆင့်ကဲဖြစ်စဉ်နှင့် ဒုတိယပိုင်းတွင် ၎င်းတို့၏ ကမ္ဘာတဝှမ်း ပျံ့နှံ့ပေါက်ရောက်ခဲ့ပုံတို့ကို ဆွေးနွေးပါမည်။ ဤဆောင်းပါးတွင်ဆွေးနွေးသွားသည့် ဘူမိအချိန်ပိုင်းများကို နားလည်ရန် ဖော်ပြပါ ဇယားကိုလေ့လာနိုင်ပါသည်။

ယနေ့အခါ ဒီရေတောများ ဖြန့်ကျက်ပေါက်ရောက်မှုကို ခေတ်အစောပိုင်း ဘူမိဖြစ်စဉ်များက လွှမ်းမိုးထားခဲ့သည်။ လွန်ခဲ့သည့်နှစ်သန်းပေါင်း ၁၀၀ (ယင်းခေတ်ကို ဘူမိသက်တမ်းအခေါ်အဝေါ်အရ Cretaceous ခေတ်ဟုခေါ်သည်) ကတည်းကပင် ဒီရေတောများ ပျံ့နှံ့ပေါက်ရောက်ခဲ့ကြောင်း ရုပ်ကြွင်းမှတ်တမ်းများရှိသည်။ ထို့ကြောင့်ပင် ဘူမိသက်တမ်းတလျှောက် ဒီရေတောအပင်များ တည်ရှိခဲ့ကြောင်းနှင့် မျိုးစိတ်များ မည်သို့နှင့် မည်သည့်နေရာတွင် ဦးဆုံးပေါ်ပေါက်လာကြောင်း သိနားလည်ခွင့်ရခဲ့ပေသည်။

ဘူမိဗေဒမှတ်တမ်းများတွင် ဒီရေတောအပင်များ၏ မူလအစကို ခြေရာခံခဲ့ပြီး ယင်းတို့သည် အခြားသောကုန်းတွင်းအပင်များမှ ဆင်းသက်လာသည်ကို သေချာစေရန် လေ့လာခဲ့ကြသည်။ Cretaceous ခေတ်နှောင်းပိုင်း မှ Paleocene ကာလအထိ ဒီရေတောအပင်များသည် ၎င်းတို့၏ ဘိုးဘီများဖြစ်ကြသည့် ကုန်းတွင်းပိုင်းပေါက် အပင်မျိုးစိတ်များနှင့် လုံးဝမတူကွဲထွက်သွားခဲ့ကြသည်။ ဒီရေတောအပင်အများစုသည် angiosperms အုပ်စုဝင်များဖြစ်ပြီး Cretaceous အစောပိုင်းကာလများတွင် ပြန့်ကျဲစွာပေါက်ရောက်တတ်သော တောင်ပေါ်ချုံပုတ်များအဖြစ် ရုပ်ကြွင်းမှတ်တမ်းများတွင် ပထမဆုံးတွေ့ရှိခဲ့သည်။

ဒီရေတောနှင့် ပတ်သက်သည့် ရှေးအကျဆုံး ထင်ရှားသော ကျောက်ဖြစ်ရုပ်ကြွင်းသည် နှစ်ပေါင်း ၇၅ သန်းခန့်ရှိ ဓနိပင် Nypa ရုပ်ကြွင်းဖြစ်သည်။ မျိုးရိုးဗီဇနှင့် ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အထားအရ Nypa သည် လွန်ခဲ့သောနှစ်ပေါင်း ၇၂.၁-၈၃.၆ သန်းက အခြားသော ထန်းနှင့်ဓနိမျိုးစိတ်များမှ ဆင်းသက်လာခဲ့သည်။ အများစုတွေ့ရှိရသော Rhizophora မျိုးစိတ်သည် လွန်ခဲ့သောနှစ်ပေါင်း ၄၇.၈၄-၅၄.၆ သန်းအတွင်း ဆင့်ကဲဖြစ်စဉ်ဖြစ်ပေါ်လာခဲ့ပြီး Paleocene-Eocene Thermal Maximum (Paleocene ခေတ်နှောင်းပိုင်းနှင့် Eocene ခေတ်အစောပိုင်းကာလများအတွင်း ခန့်မှန်းခြေ နှစ် 100,000 ကြာမြင့်သော အမြင့်ဆုံးအပူချိန်ရောက်ရှိခဲ့သောကာလ) မှ စတင်ခဲ့သည်။

ထိုပူနွေးသောကာလတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာပြီး ဒီရေတောအပင်များအဖြစ်ပြောင်းလဲလာမည့် ရှေးဘိုးဘွားအပင်မျိုးစိတ်များသည် ရေနစ်မြုပ်ခံခဲ့ရကာ ထိုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် အလိုက်သင့်ပြုပြင်ပြောင်းလဲခဲ့ကြသည်။

ယင်းကုန်းပိုင်းအပင်မျိုးစိတ်အများစုသည် ပင်လယ်ရေကြီးမှုကြောင့် ဖြစ်ပေါ်လာသော ကုန်းနှင့်ပင်လယ်စပ်ကြားမြေများတွင် ရှင်သန်ရန်ခက်ခဲခဲ့ကြသည်။ ရလဒ်အနေနှင့် ယင်းအပင်မျိုးနွယ်များစွာ၏ ဂေဟဗေဒအသွင်အပြင်များသည် ဆင့်ကဲပြောင်းလဲလာခဲ့ရာမှ ဒီရေတောအပင်များဖြစ်လာခဲ့ကြသည်။ ဤထူးခြားသောသွင်ပြင်များတွင် အောက်ဆီဂျင်ဖမ်းယူခြင်းကိုကူညီပေးသည့် ဒူးခေါင်းပုံ အမြစ်များ၊ လေရှူမြစ်များနှင့် အမြစ်ပျဉ်များ၊ ဆားဖယ်ထုတ်ခြင်းနှင့် စစ်ထုတ်ခြင်းများကို လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များ ပါဝင်ကြသည်။

ဆားငန်ရေတွင် အသက်ရှင်နိုင်ရန် ကုန်းပေါ်ပေါက်အပင်များသည် ဆားခံနိုင်ရည်ကို မြင့်တင်လာခဲ့ကြကာ ဒီရေတောမျိုးစိတ်များ၏ ရှေးဦးဘိုးဘေးအပင်များဖြစ်လာခဲ့ကြသည်။

ယင်းတို့၏ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ အာရှတိုက်ရှိ မလေးရှား၊ ဥရောပတိုက်ရှိ ချက်သမ္မတနိုင်ငံနှင့် စလိုဗက်ကီးယား၊ အာဖရိကတိုက်ရှိ အီဂျစ်၊ သမုဒ္ဒရာပိုင်းဒေသရှိ သြစတြေးလျ၊ မြောက်အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် တောင်အမေရိကတိုက်ရှိ ဂီယာနာတို့တွင် ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤအပိုင်းတွင် ဒီရေတောများ ကမ္ဘာ့နေရာအနှံ့အပြား ပျံ့နှံ့ပေါက်ရောက်ခဲ့ပုံတို့ကို ရှင်းပြပါမည်။ နှစ်ပေါင်းသန်းပေါင်းများစွာအတွင်း ကမ္ဘာ့အပေါ်ယံအလွှာကြီးများရွေ့လျားခြင်းဖြစ်ရပ်များကြောင့် ဂွန်ဒွါနာတိုက်ကြီးသည် Jurassic ခေတ်အစောပိုင်းတွင် ပြိုကွဲသွားကာ ကုန်းမြေနှင့်ပင်လယ်ကြား ဒီရေအတက်အကျဖြစ်ပေါ်သည့် ကြားခံဒေသအသစ်များ ဖြစ်ပေါ်လာခဲ့သည်။

ဂွန်ဒွာနာတိုက်ကြီးသည် အပိုင်းအစများအဖြစ် ကွဲပြားသွားပြီး ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း၌ ကွဲပြားသွားသောအပိုင်းအစများပေါ်တွင် အပင်များနှင့် တိရစ္ဆာန်များကို အသီးသီး သယ်ဆောင်သွားကြသည်။ အဲဒီအချိန်အတွင်းမှာပဲ angiosperms များနဲ့ ဒီရေတောပင်များ ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်။ တိုက်ကြီးပြိုကွဲသွားရခြင်းသည် မျိုးရိုးဗီဇများကိုလည်း အကြီးအကျယ် ရောနှောစေခြင်းနှင့် နေရာအနှံ့အပြားသို့ ရောက်ရှိခြင်းများဖြစ်စေခဲ့ပါသည်။ ဂွန်ဒွာနာတိုက်ကြီး၏ အစိတ်အပိုင်းများသည် ပြန်လည်ပြိုကွဲကြပြန်ပီး ယနေ့ခေတ် အာဖရိက၊ တောင်အမေရိက၊ အန္တာတိက၊ အိန္ဒိယနှင့် သြစတြေးလျတို့အဖြစ် ပေါ်ပေါက်လာခဲ့သည်။ တိုက်ကြီး ရွေ့လျားမျောပါနေခြင်းကြောင့် ဒီရေတောပင်များ ပိုမိုပျံ့နှံ့ပေါက်ရောက်နိုင်ခဲ့သည်။

Nypa, Rhizophora, Avicennia နှင့် Sonneratia စသည့် ဒီရေတောမျိုးစိတ်တို့ကို လေ့လာကြည့်သောအခါ ရှေးကျပီး တည်ငြိမ်သော မျိုးရိုးဗီဇများကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ဒီရေတောမျိုးစိတ်များကို ဘူမိဗေဒအရ ရှေးအကျဆုံးဟု ယူဆခဲ့ကြသည်။ ဆိုလိုသည်မှာ ဘူမိသက်တမ်း အစောပိုင်းများတွင်ပင် ရှိခဲ့သည်ဟု ပြောခြင်းဖြစ်သည်။

ကျောက်ဖြစ်ရုပ်ကြွင်းများအရ Cretaceous ခေတ်နှောင်းပိုင်း မှ Miocene (နှစ်သန်းပေါင်း ၁၀၀ မှ ၇ သန်းအထိ) ကာလအထိ ဒီရေတောများ ကြီးထွားမှုနှင့် ပျံ့နှံ့ပေါက်ရောက်မှုသည် တိုက်ကြီးများ၊ ပင်လယ်နှင့် ရေစီးကြောင်းများ ပြောင်းလဲမှုတို့နှင့် အဓိက ဆက်စပ်မှုရှိခဲ့သည်။ အတိတ်က ရာသီဥတုအခြေအနေများနဲ့ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှုများကြောင့် ဒီရေတောမျိုးစိတ်များစွာ မျိုးတုန်းပျောက်ကွယ်ခဲ့ရပီး ယနေ့အခါတွင် မျိုးစိတ်အချို့သာ ကျန်ရစ်ခဲ့ကြသည်။

ပူနွေးသော Eocene ခေတ်တစ်လျှောက် ဒီရေတောများ နေရာအများအပြားတွင် ကျယ်ကျယ်ပြန့်ပြန့်ပေါက်ရောက်ခဲ့ကြသည်ဟု ယူဆရသည်။ ဥပမာအားဖြင့်၊ Avicennia ဝတ်မှုန်ကို ဆိုက်ဘေးရီးယားတွင် (လတ္တီတွဒ် 72 အထက်) Eocene အစောပိုင်းမှ အလယ်ပိုင်းကာလအထိ ရှာဖွေတွေ့ရှိခဲ့သည်။ Oligocene နှင့် Miocene ခေတ်များအတွင်း ကမ္ဘာ့အပူချိန်များ ကျဆင်းလာသောအခါ ဥရောပကဲ့သို့ အေးမြသောဒေသများမှ ဒီရေတောများ ပြန်လည်ဆုတ်ခွာသွားခဲ့သောကြောင့် ဒီရေတောများ ပေါက်ရောက်မှုဧရိယာ လျော့နည်းသွားခဲ့ရသည်။

ယခုအခါတွင် ဒီရေတောများကို ဇီဝပထဝီဝင်နယ်မြေနှစ်ခုတွင် တွေ့ရှိနိုင်သည်။ အာရှ၊ ဩစတြေးလျ၊ သမုဒ္ဒရာနှင့် အာဖရိကတိုက်အရှေ့ဘက်ကမ်းရိုးတန်းတို့ပါဝင်သော အင်ဒိုအနောက်ပစိဖိတ်ဒေသနှင့် အမေရိကတိုက်နှင့် အာဖရိကအနောက်ဘက်ကမ်းရိုးတန်းတို့ ပါ၀င်သော အတ္တလန္တိတ်အရှေ့ပစိဖိတ်တို့ဖြစ်သည်။

နိဂုံးချုပ်ရလျှင် ယခင်က ကမ္ဘာတစ်ဝှမ်းရှိ ဒီရေတောများ ပေါက်ရောက်မှုအပေါ် ဘူမိဗေဒဖြစ်ရပ်များနှင့် ရာသီဥတုဖြစ်စဉ်များက လွှမ်းမိုးခဲ့သည်။ ထိုနည်းတူစွာ ဤဖြစ်ရပ်များသည် အနာဂတ်တွင် ဒီရေတောများ ဆက်လက်ပေါက်ရောက်နိုင်ရန် အရေးပါနေဦးမည်လည်းဖြစ်ပါသည်။

About The Author

greenness_mm

No Comments

Leave a Reply