ရာသီကပ်ဘေးသင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၁)

ရာသီကပ်ဘေးသင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၁)

”ဒီနှစ်မှာ ဘယ်လယ်ကွင်းမှ ရေမတင်ပဲ စိုက်ရတယ်ဆိုတာ မရှိဘူး။ ဒီဇယ်တစ်ပေပါက
ခြောက်သိန်းကျော်တွေချည်း ။တက်တာပဲ ရှိတယ်။တောင်သူတွေမှာ လယ်လုပ်ရမှာကို ကြောက်နေပြီမောင်။
စပါးဈေး၊စစ်ဘေးတွေကြောင့်တာ ဝမ်းစာကိုမဲပြီး လုပ်ကြတော့တာ။ မစိုက်ရင်လည်း ငတ်တော့မှာဟေ့။
ဒီလိုမိုးမျိုးနဲ့ ဒီဒေသက သားစဉ်မြေးဆက် လယ်လုပ်စားဖို့ မကောင်းတော့ဘူး”ဟု မဲဇာတိုက်နယ်က တောင်သူကိုအေးက ဆိုသည်။
မိုးကိုမီခိုသည့် ဒေသခံတောင်သူတွေရဲ့ မိုးညည်းချင်းများက နေရာတိုင်းမှာ မကြားချင်အဆုံး ။အလှူ၊မင်္ဂလာ၊အသုဘ ၊ဥပုသ်ယူ ဘယ်လူစုလူဝေး ဖြစ်ဖြစ် မိုးဇလ သတင်း၊စိုက်ပျိုးရေး သတင်း ၊စစ်ရေးသတင်းတွေက ထိပ်ဆုံးမှာ ရပ်တည်နေသည် ။ တောင်သူတွေနဲ့ စကားပြောတိုင်း မဲဇာမြစ်ရိုးရဲ့ လေးသံက နားထဲပဲတင်ထပ်နေသည်။
”တောင်သူတွေ ရူးရမယ့်နှစ်ပမောင်ရေ…”
နည်းလွန်းလှသည့်မိုး
လွန်ခဲ့သည့် ဇွန်လကုန်ပိုင်းက ဖြစ်သည်။ မိုးမကောင်း တောင်ရိုးလျှောက်၊လူမကောင်း
တောင်းဝှေးထောက်ဟု ပင်သချေရွာက အသက် ၇၆ နှစ်အရွယ် ဒေါ်မြကတောင်ဝှေးထောက်ကာ
ကောင်းကင်းကြည့်ရင်း ပြောသည်။ ရွာနေသည်မိုးက ဘုရားစူး၊မိုးကြိုးပစ် မိုးဟုဆိုရမလိုပင်
နှင်းဖွဲလေးလို့ ငွေ့ငွေ့လေး ကျနေသည်။မိမိတို့ ငယ်စဉ်က ကျခဲ့သည့် နှင်းပင် ယခုမိုးထက် သည်းသည်ဟု ရဲရဲကြီး အာမခံနိုင်ပါသည်။၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ဆောင်းတွင်းများ မနက်စောစော အလုပ်ထွက်ကြပါက ခေါင်းပေါင်း၊ဦးထုပ်များ ရွှဲရွှဲစိုသည်။ယခုမိုးကား ခမောက်ပင် ဆောင်းစရာမလို။
” မိုးက အုံ့တယ်။ ရွာတယ်။နေ့တိုင်းလောက်ပဲ။ရေက တစ်ကိုယ်စွတ်မရတာ များတယ်။ပုစဉ်းသေး
ပန်းတာမှ များသေးတယ် ။ အင်းတော်မြို့နယ် အထက်ပိုင်းတွေက ခံသာသေးတယ်။ အင်းတော်တောင်ခြမ်း တစ်မြို့နယ်လုံးကြီး မိုးကွင်းနေတာ ။ရွာရှေ့အင်းဟာ ဝါဝင်ခါနီးနေပြီ ဖားလီးထစ်မှ ရေဆေးစရာမရှိဘူး ”ဟု တောင်သူကိုအေးက ညည်းသည်။ တစ်နှစ်မှ မစမ်းဖူးတဲ့ ကျဲခင်းလုပ်ဖို့ ပြင်နေရသည်ဟု ဆိုသည်။
ကသာခရိုင် မိုးဇလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ရုံးမှတ်တမ်းအရ ကသာခရိုင်၏
ပျမ်းမျှ မိုးရေချိန်မှာ ၆၀ ဒသမ ၁၅ လက်မဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မိုးရွာရက် ၇၉ ရက်၊မိုးရေချိန် ၅၀ ဒသမ ၄၃လက်မ၊၂၀၁၇ ခုနှစ်တွင် မိုးရွာရက် ၉၂ ရက် ၊မိုးရေချိန် ၆၂ ဒသမ ၃၂ လက်မ၊ ၂၀၁၈ ခုနှစ်တွင် မိုးရွာရက် ၈၁ ရက်
မိုးရေချိန် ၅၄ ဒသမ ၅၃ လက်မ၊၂၀၁၉ ခုနှစ်တွင် မိုးရွာရက် ၈၇ ရက်၊မိုးရေချိန် ၃၂ ဒသမ ၇၆ လက်မ၊
၂၀၂၀ ခုနှစ်တွင် မိုးရွာရက် ၉၃ ရက် ၊မိုးရေချိန် ၆၃ ဒသမ ၇၀ လက်မ၊၂၀၂၁ ခုနှစ်တွင် မိုးရွာရက် ၇၇ ရက်၊မိုးရေချိန်၃၈ ဒသမ ၃၉ လက်မ၊ ၂၀၂၂ ခုနှစ်တွင် မိုးရွာရက် ၉၃ ရက်၊မိုးရေချိန် ၅၉ ဒသမ ၅၇ လက်မ ရွာသွန်းခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ကုန်အထိ အထိ မိုးရွာရက် ၆၃ ရက်၊စုစုပေါင်း မိုးရေချိန် ၃၁ ဒသမ ၁၈ လက်မ သာရွာသွန်းခဲ့သည်။ ဇန်နဝါရီတွင် မိုးရေချိန်မရှိပဲ ဖေဖော်ဝါရီတွင် ၀ ဒသမ ၀၈ လက်မ၊ မတ်လတွင် ၁ ဒသမ ၂၂ လက်မ၊
ဧပြီတွင် ၀ ဒသမ ၆၃ လက်မ၊ မေတွင် ၄ ဒသမ ၇၆ လက်မ၊ ဇွန်လတွင် ၁၀ ဒသမ ၉၅ လက်မ၊ဂျူလိုင်တွင် ၅ လက်မ၊ သြဂုတ်တွင် ၇ ရက်အတွင်း ၈ ဒသမ ၅၄ လက်မ ရွာသွန်းထားသည်။
ကသာခရိုင်၊မိုးလေဝသနှင့် ဇလဗေဒ ဌာနက ဦးဟန်ထက်အောင်က ” မိုးက ဒီနှစ်လည်း နည်းသွားတယ်။အယ်နီညိုနှစ်ကတော့ ပုံမှန် မိုးလေဝသဖောက်နေတာပဲ။ ကမ္ဘာကြီး ပူးနွေးမှု အကျိုးဆက်ကနေ ဖြစ်လာတဲ့ Climate Change အကျိုးဆက်တွေပဲဗျ။ ၁၉၇၉ ခုနှစ်လောက်ကတည်းမြန်မာပြည်လည်း ဖြစ်လာတယ်လို့ ပညာရှင်တွေက မှတ်တမ်းတွေနဲ့ ထုတ်ပြလာတယ်။
“အရင်ကတော့ မသိမသာနဲ့ပေါ့။အခုတော့ သိသိသာသာ အထိအခိုက်တွေ ဖြစ်လာတာပေါ့”ဟု ဆိုသည်။
ယခင် မိုးအနည်းဆုံးနှစ်တွေက ၂၀၁၉ ခုနှစ်တွင် ၃၂ ဒသမ ၇၆ လက်မ၊၁၉၉၉ ခုနှစ်တွင် ၄၁ ဒသမ ၉၄ လက်မ၊ ၁၉၉၈ ခုနှစ်တွင် ၄၁ ဒသမ ၄၃ လက်မ၊ ၂၀၀၂ ခုနှစ်တွင် ၄၂ ဒသမ ၇၈ လက်မတို့ဖြစ်သည်။
မိုးခေါင်သည့် ပုံစံဖြစ်သည့် ပူခေါင်၊အုံ့ခေါင်၊ရွာခေါင်တွင် ရွာလည်ရွာ၊ခေါင်လည်းခေါင် သောနှစ်ဟု ဒေသခံ တောင်သူတွေက
သတ်မှတ်ကြသည်။ဘယ်နေ့ရောက်ရောက် အုံ့ပျက်ပျက် ဟုဆိုကြသည်။
” ငါတို့ငယ်စဉ်ကတော့ ခုနှစ်ရက် ခုနှစ်လီ ရွာလွန်းလို့ ခြင်းကျားမျက်ခွက်ထဲ ကျောက်ခဲထည့်ပြီး ဒါပြည့်အောင်ရွာ၊ကျောက်ခဲ အရည်ပျော်အောင်ရွာဟလုပ်ကြရတာ။ဒီနှစ်မှာ တစ်ကိုယ်စွပ်လို့ ပြောရတဲ့ မိုးက မိုခါမုန်းတိုင်းတုန်းက ခဏလေးရယ်။နောက်ထပ် မိုးတွေက တစ်ကိုယ်စွပ်ရုံ နှစ်ကြိမ်လောက် ရှိမယ်။ဟိုဘက်ကုန်းရိုးက မိုးသည်းတယ်။ဒီဘက်ကုန်းရိုးက မိုးပေါက်ကို မကျတာလည်း တွေ့တယ်။မျက်လှည့်ပြသလိုပဲ။ ဆယ်နှစ်ကျော်အတွင်းမှာ
တောင်သူ လုပ်ငန်းတွေ ထိခိုက်လာတာပဲ။ သိသိသာသာ ဖြစ်နေတာ ၂၀၁၉ ခုနှစ်က တစ်နှစ်ခြားပဲ
လေ ။အဓိကတော့ သစ်တောပြုန်းတာပဲလို့ ယူဆတယ်။ကျွန်းသစ်ဆိုရင် မျိုးသုဉ်းသလို ဖြစ်နေပြီ။ တောင်တွေက ညို့လို့ မှိုင်းလို့ မရှိတော့ဘူးလေ ”ဟု အသက် ၇၀ ကျော် တောင်သူ ဦးအောင်သိန်းက ဆိုသည်။
ပျောက်ကွယ်သွားသည့် သစ်တောကြီးတွေ
ကသာခရိုင်သည် တော၊တောင်၊ချောင်း၊မြောင်း၊ စိမ့်ကြီး ၊မြိုင်ကြီး အရပ်ဖြစ်သည်။ သား၊ငါး
ပေါသည်။ ကသာခရိုင်သည် စစ်ကိုင်းတိုင်း မြောက်ဘက်အကျဆုံး ခရိုင်တစ်ခုဖြစ်ပြီး မြောက်ဘက်တွင် ကချင်ပြည်နယ်၊အရှေ့ဘက်တွင် ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေသည်။အနောက်ဘက်တွင် ထမံသီ ဘေးမဲ့တောရှိသည့် ခန္တီးခရိုင်၊ဟုမ္မလင်းမြို့နယ်နှင့် ထိစပ်နေသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ပြောင်းလဲသွားသည်က သစ်စက်တွေ များလာခြင်း၊ ရွှေမှော်တွေ များလာခြင်းက ကသာခရိုင်တွင် သိသိသာသာ ဖြစ်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး သံလမ်းရိုး တစ်လျှောက်က မြို့ရွာများနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် သစ်ကောင်းများ ရှားပါးလာခြင်းကလည်း ကသာခရိုင်က သစ်တောများ သစ်ခိုးထုတ်မှု များစေသည့် အကြောင်း တစ်ရပ်ဖြစ်နေသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ပွင့်လင်းရာသီ တစ်လျှောက်လုံး အုံးနှင့်ကျင်းနှင့် ထုတ်လုပ်ခဲ့သော်လည်း တရုတ်နယ်စပ်များက ကိုဗစ်ရောဂါအကြောင်းပြကာ မှောင်ခိုဝင်ပေါက်များ တင်းကြပ်ခဲ့သဖြင့် ခိုးထုတ်မှုမှာ ၂၀၂၂ ခုနှစ်လောက် မများခဲ့ပေ။
ကသာခရိုင်တွင် ကသာ၊အင်းတော်၊ဗန်းမောက်၊ထီးချိုင့် စသည့်မြို့နယ် လေးခု ရှိပြီး သစ်တော
ကြိုးဝိုင်း ၄၄ ခု၊ ဧရိယာ ဧက ၁၀၀၈၃၃၇ ဧက၊ ကြိုပြင် ကာကွယ်တော ၂၀ ခု၊ ဧရိယာ ဧက ၃၀၈၂၁၁ ဧက၊ သဘာဝထိန်းသိမ်းရေ နယ်မြေ ၁ ခု၊ ဧရိယာဧက ၆၀၀၄၆ ဒသမ ၇၁ ဧက ရှိသည်။လက်ရှိအနေအထားအရ ဇလုံတောင် သဘာဝထိန်းသိမ်းရေးနယ်မြေမှလွဲ၍ ကျန်ဒေသများတွင် ရသည့်နည်းလမ်းဖြင်း သယ်ထုတ်နေကြကြောင်း၊ ကျွန်းသစ်၊တမလန်း ၊ပိတောက်အပြင် အင်ကြင်း၊သစ်ရာ စသည့် သစ်များကို ခုတ်ယူခဲ့ကြောင်း သိရသည်။
” ရထားနဲ့လာရင် အနောက်ဘက်ခြမ်း၊အရှေ့ဘက်ခြမ်း ကျွန်းကုန်တဲ့နှစ်က ၂၀၂၂ ခုနှစ် ပွင့်လင်း ရာသီမှာပဲ ကုန်သွားခဲ့ပြီ။ ပေါင်လုံးသာသာ သုံးထွာဆိုင် ကျွန်းက မြင်ရဖို့ မလွယ်တော့ဘူး”ဟု မန်လည်နယ်သား တစ်ဦးက ဆိုသည်။
ကသာဒေသ၏ တောတောင်များကို အစောဆုံးမှတ်တမ်းတင်ခဲ့သူမှာ မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် နယ်နှင်ဒဏ်ပေးခံရသည် လက်ဝဲသုန္ဒရအမတ်ကြီး၏ ဂန္ထဝင်ကဗျာဖြစ်သည့် ” မဲဇာတောင်ခြေ ရတု” ဖြစ်ပါသည်။
၁၁၂၆ နှစ်တွင် ပြစ်ဒဏ်မှလွတ်ကင်းသဖြင့် နှစ်နှစ်နီးပါးမျှ အမတ်ကြီး ခိုအောင်းခဲ့သည့် နေရာဖြစ်ပါသည်။
ထီးချိုင့်မြို့နယ်အတွင်းရှိပြီး သံလမ်းဘူတာ ဆိုက်သည့် အင်းတော်မြို့နယ်က မဲဇာကြီးနှင့် ၁၈
မိုင်ခန့်ဝေးပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၉ နှစ်က စာဆိုအမတ်ကြီးက ” စီးသွင်ညိုရစ်၊မဲဇာမြစ်လည်း၊ထစ်ထစ်ထွန်းဘိ၊ချုံအတိနှင့် ၊တောကြီးဆိတ်ညံ ၊ဆီးကျံကျံဝယ်၊ဓူဝံ မပေါ်၊မမျော်ပါရ၊နေကိုတလည်း၊ ဘယ်က ရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ဖန်ဖန်အံ့သြ၊
ကြံတိုင်းမောစွ”ဟု အရပ်မျက်နှာ မမှတ်မိလောက် တောကြီးမျက်မည်း ဖြစ်ခဲ့ကြောင်း ရေးဖွဲ့ခဲ့ရသည့် ဒေသဖြစ်သည်။
ကသာခရိုင်မိုးသစ်တောကြီးများအကြောင်းကို တခမ်းတနား မှတ်တမ်းတင်ခဲ့သူမှာ ဆရာကြီးရွှေဥဒေါင်း ဖြစ်ပါသည်။ ကိုလိုနီခေတ်တွင် ဆာဟာကတ်ဘတ္တလာသည် ပထမအကြိမ် ဘုရင်ခံအဖြစ်နှင့် ရောက်လာစဉ် ၁၉၁၈ ခုနှစ်ဝန်းကျင်က Christmas Week (ခရစ္စမတ် ရက်သတ္တပတ်)အဖြစ် အမဲထွက်လည်ခဲ့ကြောင်း၊ ကသာဒိကြိတ်နယ်၊နမ်းပေါင်းတောမှာ တိရစ္ဆာန်ရိုင်းများ ပေါလည်းပေါ ၊စုံလည်းစုံသောကြောင့် မုဆိုးများ၏ နတ်ပြည်(Paradise of Hunters) ခေါ်ဝေါ်ကြကြောင်း၊ မြန်မာတစ်ပြည်လုံးတွင် ကြံများသည်ဤ အပိုင်းတွင်သာ တွေ့ရပြီး
ပညတ်ထားသော တိရစ္ဆာန်မျိုး ဖြစ်သောကြောင့် မည်သူမျှ ပစ်ခွင့်မရှိကြောင်း၊ ဘုရင်ခံနှင့် အဖွဲ့မူကား ဥပဒေ အထက်မှလူစုဖြစ်သောကြောင့် ပစ်နိုင်ခွင့် ရှိကြရာ ပစ်လည်းပစ်ကြကြောင်း၊ ဘုရင်ခံတို့ လူစုပြန်သွားကြသောအခါ နမ်းပေါင်းဗိုလ်တဲ ပတ်ဝန်းကျင်တဝိုက်မှာ သားကောင်များ၏ သချို ၤင်းကုန်းပမာဖြစ်၍ ပုတ်စော်နံ ကျန်ရစ်ကြောင်း
မှတ်တမ်းတင်ခဲ့လေသည်။ ဆရာကြီးသည် ငယ်သူချင်းဖြစ်သူ သစ်တောအကောက်ဝန်ထောက်နှင့် ပတ်သက်၍ ရောက်ရှိခဲ့ခြင်း၊ ထီးချိုင့်မြတောင်ရွာသူနှင့် အိမ်ထောင်ကျခဲ့ခြင်း စသည့်အကြောင်းများကြောင့် ကသာခရိုင်မိုးသစ်တောကြီးများ၏ အကြောင်းကို စုံစုံလင်လင် မှတ်တမ်းတင်ခဲ့ခြင်းမှာ အဖိုးမဖြတ်နိုင်အောင် ရှိလှပါတော့သည်။
ယခုအခါ
ကြံနှင့်ဆရာကြီးမှတ်တမ်းတင်ခဲ့သည့် မိုးသစ်တောကြီးများမှာ မျိုးသုဉ်းပျောက်ကွယ်ခဲ့လေပြီ။
သမိုင်းတွင်ခဲ့သည့် သစ်တောကြီးများမှာ တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန်တွင် ဆယ်စုနှစ်ချီကာ ယနေ့ကာလများအထိ ဒဏ္ဍာရီသဖွယ် ဖြစ်နေအောင်ခိုးထုတ်နေကြသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်ပါတော့သည်။
စစ်ဘေးနှင့် ရာသီဘေး တွဲ၍ ရင်ဆိုင်ကြရသည်
ကသာခရိုင်အတွင်းရှိ မြို့နယ်များသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် PDF တပ်ဖွဲ့ဝင်တို့
ပစ်ခတ်တိုက်ခိုက်မှု များသည့် ဒေသဖြစ်ခဲ့သည်။ကသာ၊ထီးချိုင့်၊အင်းတော်၊ဗန်းမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်သည်။နေအိမ်တွေ မီးလောင်ခံရသည်။ဝမ်းစာတွေကို တောတောင်တွေမှာ ဝှက်ကြရသည်။မြို့ပေါ်ကို ပို့ရသည်။
ကားလမ်းရိုးနှင့် ရထားသံလမ်းရိုး ဝန်းကျင်ရွာတွေမှာက လူတွေ အတည်တကျ မနေရဲကြ။၂၀၂၂ ခုနှစ်၊၂၀၂၃ ခုနှစ်အတွင်းထီးချိုင့်မြို့နယ်က ကျေးရွာများတွင် အိမ်ခြေရာချီကာ မီးလောင်ခဲ့ရာတွင် ဒေသခံတောင်သူများ၏ စပါးကျီများပါဝင်ခဲ့သည်။ အချို့ကျေးရွာများမှာ လေးကြိမ်အထိ မီးလောင်ခံရသည့် ဖြစ်စဉ်များပင် ရှိခဲ့သည်။
ယင်းဖြစ်စဉ်များက ဒေသတခုလုံးကို ရိုက်ခတ်ကာ အခြားသော ကျေးရွာများကတောင်သူများက ရိပ်သိမ်းရရှိခဲ့သည့် စပါးများကို ကျေးရွာအတွင်း မထားရဲတော့သည့် အဖြစ်နှင့်ရင်ဆိုင်ကြရခြင်းဖြစ်
သည်။
ကသာခရိုင်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ရှစ်သိန်းခြောက်သောင်းကျော်တွင်
တစ်သိန်းကျော်သာ မြို့ပြတွင် နေထိုင်သူများဖြစ်သည်။ခရိုင်တစ်ခုလုံး၏ လူဦးရေ ခုနှစ်သိန်းခွဲကျော်မှာ ဝမ်းစာရေးအတွက် မဖြစ်မနေ စပါးစိုက် နေကြရခြင်းဖြစ်သည်။
” အတော်များများက လယ်ကထွက်တာနဲ့ရောင်း၊ ကျန်တာကို လယ်တွေ အခင်းတွေမှာ ခွဲထား။ တစ်နှစ်စာကို တွက်ပြီး ဝမ်းစာချန်တော့ လာမယ့်နှစ်အတွက် လယ်ကို မလုပ်လို့မရဘူး ။ ဒီကာလက ဆွေတွေ၊မျိုးတွေ ဆီကလည်း ချေးငှားစားဖို့ မလွယ်ဘူးလေ။လယ်မလုပ်ရင် ငတ်နိုင်တော့ ရသမျှအင်အားနဲ့ လယ်လုပ်ရတာ”ဟု ဆိုသည်။
အင်းတော်မြို့နယ်အတွင်း စက်သုံးဆီဈေးမှာ ဂါလံ ၅၀ ဝင် ဒီဇယ် ၊ 92 ဆီ ဂါလံ ၅၀ ပါ တစ်ပေပါလျှင် ခြောက်သိန်းကျပ် အထက်တွင် ရှိနေသည်။ လယ်အတွက် အောင်ရေ အနည်းဆုံး သုံးကြိမ် တင်ရမည်ဆိုပါက တစ်ဧကလျှင်ဂါလံ ၃၀ ဝန်းကျင် ကုန်ကျသည်။ကသာခရိုင်တွင် ၂၀၁၉ ခုနှစ်တွင်း လယ်စိုက်ဧက ၃၆၃၆၃၄၄ ဧက(သုံးသိန်းခြောက်သောင်းကျော်)ရှိပြီး အများစုမှာ မိုးရေခံလယ်များဖြစ်သည်။ သွင်းစားစုတစ်ခုဖြစ်သည့် လောင်စာဆီပင် ကျပ်ငွေ သန်းနှင့်ချီသည့် ပမာဏဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
ထွန်းလင်းအောင် (မြစ်ကြီးနား)

About The Author

greenness_mm

No Comments

Leave a Reply