ရာသီဥတုပြောင်းလဲမှု

ရာသီဥတုပြောင်းလဲမှု

သိပ္ပံပညာရှင်များက ကမ္ဘာကြီးပူနွေးလာပြီဟု ကြေညာပြီး တစ်ဆက်တည်းမှာပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ လေ့လာမှုမှတ်တမ်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် အလွန်အမင်း ဆင်းရဲသည့်အခြေအနေဖြင့် အသက်ရှင်သန်နေထိုင်ရမည့် ကမ္ဘာ့လူဦးရေ သည် သန်း ၁၀၀ ကျော်ရှိလာမည်ဖြစ်သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာအနှံ့တွင် အာဟာရဓာတ်ပြတ်လပ်နေသူဦးရေ တစ်ဘီလီယံကျော်ရှိပြီး ကလေးငယ် သန်း ၂၀၀ ခန့်သည် ဖွံ့ဖြိုးမှုချို့တဲ့မှုနှင့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။ ၂၀၃၀ ပြည့်နှစ်နှင့်၂၀၅၀ ပြည့်နှစ်အကြား ရာသီဥတုပြောင်းလဲမှုကြောင့် သေဆုံးနိုင်ခြေသည် တစ်နှစ်လျှင် နှစ်သိန်းခွဲ ခန့်ရှိနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာပင် ကျန်းမာရေးကြောင့် တိုက်ရိုက်ဆုံးရှုံးရမှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံမှ လေးဘီလီယံအထိရှိမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားသည်။

ရာသီဥတုပြောင်းလဲမှုများသည် အစွန်းရောက်မိုးလေဝသအခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။ အပူ လွန်ကဲသဖြင့် လူများသေဆုံးကြရသကဲ့သို့ အအေးလွန်ကဲသဖြင့်လည်း လူများသေဆုံးခဲ့ကြရသည်။ ထို့အပြင် ဆီနှင်းများထူထူထပ်ထပ်၊ သိပ်သိပ်သည်းသည်း ကျဆင်းခဲ့ခြင်းကြောင့် ကူးသန်းသွားလာရေးများ ခက်ခဲ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်၊ စားဝတ်နေရေး ဗျာများခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ဖတ်ခဲ့ရသည့် ရိုမေးနီးယားနိုင်ငံ၏အပူချိန်သည် သုည ဒီဂရီ ရေခဲမှတ်အောက် ၂၃ ဒီဂရီထိ ကျဆင်းခဲ့သဖြင့် လူ ၁၀၀ နီးပါး သေဆုံးခဲ့ရသည်ဟူသော သတင်းမှာ ကျွန်တော့်စိတ်ထဲစူးနင့်နေခဲ့သည်။

မြန်မာပြည်သည် ၁၉၈၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်ကာလများတွင် အလွန်ဆိုးရွားသော ရာသီဥတုပြောင်းလဲမှု များနှင့်ရင်ဆိုင်ခဲ့ရသည်။ ထိုကာလတွင် ကမ္ဘာကြီးပူနွေးမှုနှင့် ရာသီဥတုပြောင်းလဲမှုကို မည်သူကမှစိတ်မဝင်စား ခဲ့ပေ။ ကမ္ဘာ့နိုင်ငံကြီးများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ အအေး လွန်ကဲခြင်း အစရှိသည့် လွန်ကဲမိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူများ သေးဆုံးခြင်း၊ စားစရာမရှိ သောက် စရာမရှိ နေစရာမရှိနှင့် အနာဂတ်ပျောက်ဆုံးခြင်း၊ နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေခဲ့သည်။ ထိုအချိန်တွင် မြန်မာလူမျိုးအများစုက “ သူတို့နိုင်ငံမှာ ဘုရားမရှိ တရားမရှိလို့ သဘာဝဘေးအန္တရာယ်တွေ ခံရ တာ။ ငါတို့က ဗုဒ္ဓဘာသာနိုင်ငံ၊ ဘုရားနဲ့တရားနဲ့နေတာ အဲဒီလို သဘာဝဘေးအန္တရာယ်တွေ မဖြစ်နိုင်ဘူး” ဟု ပြောဆိုကြပြီး အေးအေးလူလူပင်နေထိုင်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ရာတွင် လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့ပြီး နောက်ဆက်တွဲဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင် ကြုံတွေရမှ မြန်မာပြည်တစ်ပြည်လုံး အံ့အားသင့် ဝမ်းနည်းကြေကွဲခဲ့ကြရသည်။ ထိုအခါမှ ရာသီဥတုပြောင်းလဲ ခြင်းကို အာရုံစိုက်မိလာကြတော့သည်။ သို့သော်လည်း ဆွမ်းဆန်ထဲ ရောနေသည့်ကြွက်ချေးများကတော့ ရှိနေပါသေးသည်။

ရွှေလက်-ရေးသည်၊

#greenness

#photo crd

About The Author

greenness_mm

No Comments

Leave a Reply