ရာသီဥတုဖောက်ပြန်မှုကို ပြင်ဆင်ဖို့ ကတိတွေပေးပေမဲ့ ဂျာမဏီ ၊ နော်ဝေ နဲ့ ဗြိတိန် တို့ကတော့ ရုပ်ကြွင်းလောင်စာတွေကို ပိုထုတ်ဖို့စီစဉ်နေ

ရာသီဥတုဖောက်ပြန်မှုကို ပြင်ဆင်ဖို့ ကတိတွေပေးပေမဲ့ ဂျာမဏီ ၊ နော်ဝေ နဲ့ ဗြိတိန် တို့ကတော့ ရုပ်ကြွင်းလောင်စာတွေကို ပိုထုတ်ဖို့စီစဉ်နေ

ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု လေ့လာမှု တစ်ရပ်က ဂျာမဏီ ၊ နော်ဝေ နဲ့ ဗြိတိန် အစိုးရများက အနည်းဆုံး ၂၀၅၀ ခုနှစ်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို တိုးမြှင့်ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့ပါတယ်။
ရုပ်ကြွင်းလောင်စာ အဓိကထုတ်လုပ်သော နိုင်ငံများသည် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ မှာ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ကန့်သတ်မယ်ဆိုတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ပြီး ရုပ်ကြွင်းလောင်စာပမာဏ နှစ်ဆကျော် ထုတ်ယူရန် စီစဉ်ထားကြပါတယ်။
မကြာခဏဖြစ်ပေါ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုဖြစ်တဲ့ ပြင်းထန်သော အပူလှိုင်းများ၊ မိုးခေါင်မှု၊ ရေကြီးမှုနှင့် တောမီးတွေ ယနေ့ကမာ္ဘက ဖြစ်ပွားနေပေမဲ့ သူတို့ကတော့ သူတို့နိုင်ငံတွေရဲ့ စွမ်းအင်လုံခြုံရေး ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ရုပ်ကြွင်းလောင်စာတွေကို ပိုမိုထုတ်လုပ်ဖို့ပဲ အာရုံစိုက်နေပါတယ်။
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ကျောက်မီးသွေး ထုတ်လုပ်မှု သိသိသာသာ ကျဆင်းရန် လိုအပ် သော်လည်း အဲ့ဒိအစိုးရတွေရဲ့ အစီအစဉ်များကို ခန့်မှန်းတွက်ချက်ရာမှာတော့ ရုပ်ကြွင်းလောင်စာ ထုတ်ယူမှုက ၂၀၃၀ ခုနှစ်အထိ တိုးမြင့်နေကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
အဲ့ဒိလိုပဲ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် အနည်းဆုံး ၂၀၅၀ ခုနှစ်အထိ တိုးနေဦးမယ် လို့ Production Gap Report က ဖော်ပြခဲ့ပါတယ်။ အဲ့ဒိပြဿနာက ၂၀၃၀ မှာ ကမာ္ဘ့ကြီးရဲ့ တိုးလာတဲ့ အပူချိန် ၁.၅ ဒီကရီကိုထိန်းထားမယ်ဆိုတဲ့ အစိုးရများရဲ့ ကတိကဝတ်ကို ဆန့်ကျင်နေတာပဲ ဖြစ်ပါတယ်။
အစီရင်ခံစာသည် ရာသီဥတု ရည်မှန်းချက်များနှင့် ရုပ်ကြွင်းလောင်စာ ထုတ်ယူရေး အစီအစဉ်များကြား ကွာဟချက်ကို ဆန်းစစ်ထားပြီး ကွာဟချက်မှာ ၂၀၁၉ တုန်းက ပထမဆုံး အကြိမ် ရေတွက်ပြီးကတည်းက မပြောင်းလဲသေးပါဘူး ။
“အစိုးရများ၏ ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကို တိုးချဲ့ရန် အစီအစဉ်များသည် ကာဗွန်ထုတ်လွှတ်မှု သုံည အတွက် လိုအပ်သော စွမ်းအင်အကူးအပြောင်းကို အားနည်းစေပြီး စီးပွားရေးအန္တရာယ်များ ဖန်တီးကာ လူသားမျိုးနွယ်၏အနာဂတ်ကို မေးခွန်းထုတ်စရာဖြစ်စေတယ်” လို့ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ Inger Andersen က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ် ။
ယခုလကုန်တွင် ဒူဘိုင်း၌ ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်များ ခေါ်ယူကျင်းပပြီး ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချရန် ကြိုးပမ်းနေချိန်တွင် နိုင်ငံများအနေဖြင့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်ယူမှု လျှော့ချရန် တိုက်တွန်းမှာဖြစ်ပါတယ် ။
မောင်ယဿ
Ref: EURONEWS

About The Author

greenness_mm

No Comments

Leave a Reply