ရွှေခရုအန္တရာယ် အချိန်မီ နှိမ်နှင်းကာကွယ်

ရွှေခရုအန္တရာယ် အချိန်မီ နှိမ်နှင်းကာကွယ်

မိုးသံလေသံလေးကြားတာနဲ့ ရွှေခရုအသံတွေက ပူညံပူညံ ထွက်ပေါ်လာပါတယ်။ မုတ်သုံမိုးက ခေါ်လာလေသလား မသိပါ။ ကြဲပြီး၊ စိုက်ပြီးစ စပါးခင်းတွေ၊ မိုးလေးနဲ့ အပင်ပေါက်ခါစ စပါးခင်းတွေမှာ ရွှေခရု တွေဖျက်လို့ စပါးခင်းလည်းကုန် ဖြစ်နေတယ် ဆရာတဲ့။ သူတို့ဆီမှာတော့ အတော့်ကို ဂျိုမွှေတဲ့ ရွှေခရုမို့ “မွှေခရု”လို့တောင် ခေါ်နေကြတယ်။ အဲ့ဒါ ရွှေခရုကို ဘယ်လို ကာကွယ်နှိမ်နင်းရမယ် အကြံလေးပေးပါဦး ဆရာလို့ ဆိုပါတယ်။

ရွှေခရုအကြောင်း ပြောရမယ်ဆိုရင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ရွှေခရုကို အင်္ဂလိပ်လို Golden Apple Snail လို့ ခေါ်တယ်။ မျိုးရင်းကတော့ Gastropoda Ampullariidae ဖြစ်တယ်။ အခု နောက်ပိုင်းမှာ ပင်လယ် ကမ်းရိုးတန်း ဒေသတစ်လျှောက် ဒီရေနဲ့ အတူတူပါလာပြီး စပါးခင်းတွေကို ဖျက်ဆီးတာ ခေတ်စားလာတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် မျိုးစေ့များ သယ်ယူရင်းပါလာပြီး အညာမှာတောင် စပါးခင်းတွေ ဖျက်ဆီးခံရတာ တွေ့ရတယ်။

ရွှေခရုဟာ စပါးခင်းရွှေ့ပြောင်းစိုက်ပြီး ၁၀-၁၅ ရက်အတွင်း ကြဲခင်းနဲ့ တိုက်ရိုက် မျိုးစေ့ချ စိုက်ခင်းမှာတော့ ၄-၁၀ ရက်အတွင်း အပင်နုကလေးတွေကို ငုံးငုံးတိုအောင် ကိုက်ဖြတ်စားသောက်ကြတယ်။ ဥကပေါက်လာပြီး အကောင်ငယ်ဘဝ ၁၅ ရက်သားဆိုရင် စတင်ဖျက်ဆီးပြီး စပါးပင် တစ်လသားကျော်လာလို့ အပင်ရင့် သွားရင်တော့ ဖျက်ဆီးမှု နည်းသွားတာ တွေ့ရတယ်။ ခရုကောင်ငယ်လေး ဘဝကနေ အကောင်ကြီး ဘဝထိ ၆၀-၈၄ ရက်ထိ ကြီးထွားတယ်။ အကောင်ငယ်လေးတွေဟာ အမဲရောင်ဖျော့ပြီး အကောင်ကြီးတွေဟာ အမဲရောင် ပါးစပ်ကျယ်ကြီးတွေနဲ့ ဖြစ်တယ်။ အကောင်ကြီး အမနဲ့ အထီးဟာ ၁၀ -၂၀ နာရီ အတွင်း မိတ်လိုက်ပြီး တစ်ကြိမ် ဥပေါင်း ၉၀-၆၀ဝ ထိ အုတယ်။ တစ်လဆိုရင် ဥပေါင်း ၁ဝဝဝ-၂ဝဝဝ ထိ အုနိုင်တယ်။

ဥကလေးတွေဟာ အမြုံလိုက်အုတယ်။ အုတဲ့အခါမှာ ချောင်းမြောင်း၊ ကမ်းပါးတလျှောက်ပေါက်နေတဲ့ ကျူရိုး၊ ကိုင်းရိုး၊ သစ်ကိုင်းပင်စည်တွေမှာ တွယ်ကပ်ပြီး အုထားလေ့ ရှိတယ်။ ဥဘဝမှာ ၇-၁၄ ရက်ကြာရင် အကောင်ငယ်လေးတွေ ပေါက်လာတယ်။ ပေါက်လာတဲ့ ရွှေခရု အကောင်လေးတွေထဲမှာ အမငါးကောင်မှာ အထီးတစ်ကောင် နှုန်းပါတယ်။ သက်တမ်းက ရက် ၆၀ မှ တစ်နှစ်ထိ အသက်ရှင်နိုင်တယ်။ တချို့ဆိုရင် ငါးနှစ်၊ ၁၀ နှစ်ထိ ရှင်သန်နေနိုင်တယ်။ ရွှေခရုဟာ အသက်ရှင်တဲ့ သက်တမ်းကလည်း ကြာတယ်။

တစ်ခါပေါက်ရင် အကောင်ထောင်နဲ့ချီ ပေါက်နိုင်တယ်။ ပေါက်တဲ့ အထဲမှာလည်း အမငါးကောင်ပါရင် အထီးတစ်ကောင် ပါတဲ့အတွက် အချိန်တိုအတွင်းမှာ မြန်မြန်နဲ့ များများ မျိုးဆက်ပွားနိုင်တယ်။ အချိန်မီ ကာကွယ်နှိမ်နင်းမှု မပြုလုပ်ရင် နှိမ်နှင်းလို့ မရအောင် ဖြစ်သွားနိုင်တယ်။

ရွှေခရုကို ထိရောက်စွာ ကာကွယ်နှိမ်နှင်းမယ် ဆိုရင်တော့
(၁) စပါး ပျိုးထောင်ရင် ကုန်းမြင့်မှာ ဘောင်နဲ့ ပျိုးထောင်ပါ။ သက်လျှင် စပါးမျိုး ပျိုးသက် ၂၅ -၃၀ ရက်၊ သက်ကြီး စပါးမျိုး ၃၀-၃၅ ရက် ရွှေ့ပြောင်းစိုက်ပါ။

(၂) ကြဲခင်း စနစ်ဖြစ်ပါက ရွှေခရုသတ်ဆေး ကြိုတင်ဖြန်းပြီးမှ စိုက်ပါ။

(၃) မစိုက်မီ ရွှေခရုဥများကို ဖြတ်ယူ ဖျက်ဆီးပစ်ပါ။

(၄) နွေထယ်ရေး မဖြစ်မနေခံပြီး တစ်ဧက ထုံး ၁၅၀ ပိဿာနှုန်း ကြိုတင်ထည့်ပြီးမှ စိုက်ပါ။

 

(၅) စပါးရွှေ့စိုက်ပြီး ၁၀ ရက်အတွင်း ရေထုတ်ပြီး ထုံးပါးပါး ပက်ပါ။

(၆) နွေထယ်ရေး ပြင်ချိန်တွင် ဆေးရွက်ကြီးမှုန့် တမာကြိတ်ဖတ်တင်းဝက်ခန့် ထည့်ပါ။

(၇) စပါးခင်းဒေါင့်တွင် ရေဝပ်ကျင်းများ ပြုလုပ်ပြီး ပိနဲ္နခွံ၊ ဒူးရင်းခွံ၊ ဖရဲသီးခွံ၊ ကော်ဖီစစ်ပြီး အမှုန့်၊ သင်္ဘောရွက်၊ သင်္ဘော ပင်စည်များချ၍ ခရုများ စုဝေးလာလျှင် ဖမ်းယူ ဖျက်ဆီးသုတ်သင်ပါ။

(၈) ကောက်ရိုး၊ ရိုးပြတ်များ မီးရှို့ပါ။

Credit – အောင်ဆန်း (စိုက်ပျိုးရေး)

About The Author

greenness_mm

No Comments

Leave a Reply