လူကိုခိုက်စေတဲ့အပင် တကယ်ရှိသလား

လူကိုခိုက်စေတဲ့အပင် တကယ်ရှိသလား

ဇွဲဝဏ္ဏ(ကျုံပျော်) – ရေးသည်
ဒီကမ္ဘာမှာ လူကိုခိုက်‌စေတဲ့ အပင်ဆိုတာ ရှိသလား၊ မစိုက်သင့်တဲ့နေရာဆိုတာရော ရှိသလား၊ မြန်မာလူမျိုး အများစုဟာ အပင်တွေပေါ်မှာ သံသယတွေ ကြီးထွားနေကြတယ်။
ကျွန်တော့်အိမ်ကို သူငယ်ချင်း အမျိုးသမီးတစ်ယောက် ရောက်လာတယ်၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ ငြုပ်ပင် ကို တွေ့ပြီး “ဟယ်…အိမ်ရှေ့မှာ ငြုပ်ပင်စိုက်ထားတယ်” ဆိုပြီး တအံ့တဩပုံစံနဲ့ပြောတယ်။ ကျွန်တော် ကလည်း “အေးလေ…ဧည့်ခန်းမှာ ထိုင်ရင်မြင်နေရတယ်၊ အသီးတွေ ခဲခဲလှုပ်နေတာမြင်ရတော့ စိတ်ချမ်းသာစရာပေါ့” လို့ ပြန်ပြောလိုက်တယ်။ ဒီတော့သူက “အိမ်ရှေ့မှာ ငြုပ်ပင် မစိုက်ကောင်းဘူးလေ”တဲ့။ ထပ်ပြော သေးတယ်” အိမ်ပူတယ်”တဲ့။သူထပ် ပြောတဲ့ စကားက ကျွန်တော်ကို ပြုံးစေတယ်၊ ပြုံးရင်းနဲ့ပဲ “ငြုပ်သီးက အိမ်ကို ပူစေတာ ဟုတ်လို့လား၊ တခြားနေရာ မဟုတ်ဘူးလား” ပြန်မေးတော့ မျက်စောင်းထိုးတယ်။ ထားပါတော့၊ ပြောလိုတာက အပင်တွေဟာ လူတွေကို ခိုက်တတ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အဓိက ပြောချင်တာပါ။
အိမ်ရှေ့၊ အိမ်‌နောက်၊ အိမ်‌ဘေး စသဖြင့် အိမ်ခြံဝန်းအတွင်းမှာ ဟိုအပင် စိုက်ကောင်းလား၊ ဒီအပင် စိုက်ကောင်းလား ဆိုပြီး နီးစပ်ရာကို မေးမြန်းကြတာတွေ ရှိသလို ဂေါပကလူကြီးကို မေးတာတွေလည်းရှိတယ်၊ တချို့ကတော့ ဗေဒင်ဆရာတွေကို မေးကြတဲ့အထိ အပင်တွေအပေါ်မှာ သံသယရှိနေကြတယ်။ Facebook အားကောင်းလာတော့ FB မှာ မေးကြ မြန်းကြ ပြောကြ ဆိုကြနဲ့ ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှတယ်။ FB မှာ စိုက်ပျိုးရေး ဂရု‌တွေရှိ‌တော့ ပိုပြီး ဟန်ကျတယ်၊ ဟိုအပင် စိုက်ကောင်းလား ဒီအပင် စိုက်ကောင်းလားမေးတဲ့ ပိုစ့်မြင်တိုင်း အဖြေ Comment တွေကို ဝင်ကြည့်ဖြစ်တယ်။ ဟိုအပင်ကို အိမ်ခြံထဲစိုက်ရင် လူခိုက်တယ်၊ ဒီအပင် ကတော့ စီးပွားပျက်စေတယ် စသဖြင့် အနှုတ်သဘောဆောင်တဲ့ အဖြေတွေချည်း မြင်တွေ့ရတယ်။
အဲ့ဒီလိုေ မးခွန်းနဲ့ အဖြေတွေ တွေ့မြင်တိုင်းမှာ အဲ့ဒီအပင်နဲ့ ပတ်သက်တဲ့ လက်တွေ့ဆန်တဲ့ သိပ္ပံနည်းအရ သုတေသနပြုချက်နဲ့ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လေ့လာကြည့်မိတယ်။ သိပ္ပံနည်းအရ ဆိုတာကတော့ အပင်တစ်ပင်ရဲ့ မျိုးဗီဇ၊ လူကိုအန္တရာယ်ဖြစ်စေတဲ့ အခြေခံအကြောင်းအရင်း၊ ရေဓါတ် ဆုတ်ယူနိုင်မှု အခြေအနေ စသဖြင့် သူ့ရဲ့ဂုဏ်သတ္တိတွေ အားနည်းချက် အားသာချက်တွေကို သုတေသန ပြုချက်တွေ၊ ဓါတ်ခွဲစမ်းသတ်ချက်တွေကို ပြောတာပါ။ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်ဆိုတာ ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဟာ ဗုဒ္ဓဟောကြားချက်တစ်ခုတည်းကိုသာ နာခံကြတာဖြစ်လို့ ဗုဒ္ဓ ကန့်သတ်ချက် သာ အဓိကပါပဲ၊ ဟိုအပင်က လူကိုဘာဖြစ်စေလို့ မစိုက်သင့်ဘူး၊ ဒီအပင်က ဘာဖြစ်‌စေလို့ မစိုက်သင့်ဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ ဗုဒ္ဓကိုယ်တိုင် ဟောပြောခဲ့တာမျိုး မရှိသေးပါဘူး။ ပွင့်‌တော်မူခဲ့တဲ့ ဘုရားတိုင်းလိုလိုဟာ သစ်ပင်တွေ အောက်မှာပဲ ပွင့်ထွန်းခဲ့တာဖြစ်သလို ဘုရားအလောင်း ဖွားတော်မူတာက အစ သစ်ပင် အောက်မှာပါပဲ၊ ရဟန်းတွေ တရားကျင့်ကြံဖို့ရွေးချယ်စေတဲ့ နေရာသုံးမျိုးမှာလည်း သစ်ပင်ဝါးပင်အောက် ဆိုတာ တစ်ချက်အပါအဝင် ဖြစ်တယ်။ ဒါကိုကြည့်ရင် ဘာသာရေးမှာလည်း သစ်ပင်တွေရဲ့အရေးပါပုံကို တွေ့မြင်ရပါလိမ့်မယ်။
အပင်တွေမရှိရင် သတ္တဝါတွေသက်ရှင်ရပ်တည်နိုင်မှုကိုထိခိုက်နိုင်တဲ့အခြေအနေမှာ လူတွေဟာ အပင်တွေကို သံသယဝင် အပစ်မြင့်လေ့ရှိကြတယ်။ လူတွေရဲ့အနီးတဝိုက်မှာ မစိုက်ကောင်းတဲ့ အပင်ဆိုတာ မရှိဘူးလို့ ပြောရပါလိမ့်မယ်၊ အပင်တိုင်းဟာ လူကိုဆိုးကျိုးဖြစ်စေတဲ့ သာဓကမကြားဖူးသေးသလို တိကျသေချာတဲ့ အထောက်အထားတွေလည်း မတွေ့သေးပါဘူး။ အယူသီးစိတ်နဲ့ အပင်တွေကို မကောင်းမြင်တတ်တဲ့ ဓလေ့ဟာ ကျွန်တော်တို့လူသားမျိုးနွယ် မျိုးဆက် အဆက်ဆက်လက်ဆင့်ကမ်းလာတာကြောင့် အပင်တွေကို ခိုက်တယ်လို့ အစွဲအလန်းကြီးနေခြင်းသာဖြစ်ပါတယ်။ ရှေ့လူကြီးတွေပြောခဲ့တဲ့ စကားပုံကို ခေတ်လူတွေ အဓိပ္ပာယ်ကောက်ယူမှု လွဲရာကနေ အသိပါလွဲတဲ့ သဘော‌တွေလည်း ဖြစ်ပါဝင်တယ်။
ဥပမာ- မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ဆိုပြီး ရှေ့လူကြီးတွေက မိန့်ဆိုခဲ့တယ်။ ဒီအဆိုကို ခေတ်လူတွေက မွေးနေ့ရယ် သောကြာ‌နေ့ရယ် တနင်္လာ‌နေ့ရယ်ကို ဆံပင်မညှပ်ရဘူးလို့ အဓိပ္ပါယ် ကောက်ကြတယ်၊ နေ့ရက် ခုနှစ်ရက်နဲ့ ဖွဲ့စည်းထားတဲ့ ရက်သတ္တတစ်ပတ်မှာ မွေးနေ့ရယ် သောကြာနေ့ရယ် တနင်္လာနေ့ရယ်မှာ ဆံပင်ညှပ်ရင်ခိုက်တယ်လို့ အယူသီးကြတယ်။ စစ်စစ်အားဖြင့် ဗုဒ္ဓဂေါတမဟာ သောကြာနေ့မှာ ဖွားမြင်တယ်၊ တနင်္လာနေ့မှာ ဆံပယ်တယ်၊ ဒါကြောင့် သောကြာနေ့မွေးဖွားသူတွေဟာ တနင်္လာနေ့မှာ ဆံပင်ညှပ်ရင် မြတ်စွာဘုရားကိုလိုက်တုတဲ့ သဘောသက်ရောက်လို မညှပ်သင့်ဘူးလို့ ပြောတာဖြစ်ပါတယ်၊ ညှပ်ရင်ဘာဖြစ်သလဲဆိုတော့ဘာမှမဖြစ်ပါဘူး။ အဓိပ္ပါယ်ကောက်ယူမှုလွဲရာကနေ လူတွေဟာ အပင်တွေအပေါ်သံသယဖြစ်နေကြတာပါ၊ လူတွေလောက် ဘယ်အပင်မှ မကောက်ကျစ်ဘူးဆိုတာ မှတ်ယူစေချင်ပါတယ်။
အပင်တွေမှာ လူကိုခိုက်အောင်လုပ်နိုင်တဲ့ ပါဝါမရှိသလို အစွမ်းတွေလည်း မရှိပါဘူး။ လူတွေကို အကျိုးယုတ်စေတဲ့ အပင်ရှိခဲ့ရင်လည်း ကမ္ဘာနိုင်ငံတွေမှာ မစိုက်ကြဖို့ ဥပဒေနဲ့ တားမြစ်ကြပါလိမ့်မယ်။ ဆေးအဖြစ် သုံးသင့်တဲ့ ဘိန်းပင်မျိုးကိုတောင် လွဲမှားစွာအသုံးပြုကြလို့ ဥပဒေနဲ့ တားမြစ်ထားတာ အကောင်းဆုံး သာဓကပါပဲ။ များသောအားဖြင့် အပင်တွေဟာ လူကိုကောင်းကျိုးပေးတာချည်းပါပဲ၊ မမြင်နိုင်တဲ့ ကောင်းကျိုးတွေက လေထုကိုသန့်စင်စေတယ်၊ CO2ကိုလျော့ပါးစေတယ်၊ ရာသီဥတုကောင်းမွန်စေတယ်၊ မြေအောက်ရေကို ထိန်းသိမ်းပေးတယ်၊ ဂေဟစနှစ်ကို ကောင်းမွန်‌စေတယ်။ လက်တွေ့ကျကျမြင်တွေ့နိုင်တဲ့ အကျိုးကျေးဇူးကတော့ အရိပ်ရမယ်၊ ငှက်တွေ ခိုနားနိုင်မယ်၊ လူတွေထင်းလောင်စာ အသုံးပြုနိုင်မယ်၊ အဆောက်အအုံအတွက် အသုံးပြုနိုင်မယ်၊ တခြားသော အသုံးဝင်ပုံတွေလည်း များစွာရှိနေပါလိမ့်မယ်။ တချို့ဆိုရင် ကမ္ဘာကျော် သူဌေးဖြစ်အောင် အပင်တွေကို အသုံးချကြတယ်။
သစ်ပင်တွေဟာ ကမ္ဘာကြီးပူနွေးမှုကို လျော့ကျစေတဲ့ အဓိက ဇါတ်ကောင်လည်း ဖြစ်ပါတယ်၊ ကာဗွန်ဒိုင်အောက်ဆိုက် ကို ဆုတ်ယူပြီး လူတွေအတွက် အောက်စီဂျင်ပြန်လည်ထုတ်ပေးတဲ့ လူတွေရဲ့ အသက်သခင်တွေလည်းဖြစ်ပါတယ်။ ဥတုရာသီတောကိုမှီ ဆိုတဲ့ဆောင်ပုဒ်ကိုကြည့်ရင် လူတွေအတွက် အပင်တွေဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာ မြင်သာပါလိမ့်မယ်။
ဒါပေမဲ့ အပင်တွေ မစိုက်သင့်တဲ့ နေရာတော့ရှိပါတယ်။ မစိုက်ကောင်းတာကို ပြောတာမဟုတ်ဘူးနော်၊ မစိုက်သင့်တာကို ပြောတာ၊ မစိုက်သင့်တဲ့အရပ်ဆိုတာ ကိန်းဂဏန်းတွေ၊ နေ့နံတွေနဲ့ တွက်ချက်ပြီး ဘယ်အပင်ကို အိမ်ရဲ့ဘယ်အရပ်မှာ မစိုက်ရဘူးဆိုတာမျိုး၊ စိုက်ရင် အရပ်မျက်နှာရယ် အပင်အမည်ရယ် အိမ်ရယ် ဓါတ်နံမတည်လို့ ဘာဖြစ်စေမယ်ဆိုတာမျိုး ပြောတာ မဟုတ်ပါဘူး။ ဘယ်လိုနေရာမျိုးတွေမှာ နှစ်ရှည်ပင် အပါအဝင် သီးပင် စားပင် မစိုက်သင့်ဘူးဆိုတာကို ပြောတာပါ။ အပင်တွေကိုသူ့နေရာနဲ့သူ ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် လူတွေကို ဆိုးကျိုးသက်ရောက်စေမှာ မဟုတ်ပါဘူး။ ဆိုးကျိုးဆိုတာ အပင်တွေက တုန့်ပြန်တိုက်ခိုက်တဲ့ စွမ်းအားတို့ ပါဝါတို့ကို ပြောတာလည်းမဟုတ်ပါဘူး၊ လူတွေနှလုံးသွင်းမမှန်လို့ အကုသိုလ်ဖြစ်ရမဲ့ အခြေအနေကိုသာ ပြောတာပါ။
လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မေးခွန်း Post တစ်ခုတွေ့မိပြန်တယ်၊ သူမေးထားတာက “အိမ်ရှေ့တမာ နောက်ဖေးဩဇာဆိုတာ စိုက်ဖို့ပြောတာလား၊ မစိုက်ဖို့ပြောတာလား”တဲ့။ မေးခွန်းမှာကိုက အပင်တွေအပေါ် သံသယဝင်တဲ့ သဘောမြင်တွေ့ရတယ်။ ခိုက်တယ်၊ မစိုက်နဲ့လို့ ပြောရင် မစိုက်ဘဲ နေမဲ့သဘောရှိတယ်။ Post အောက်မှာ အဖြေ Comment ပေါင်း ၁၀၀ကျော်တယ်၊ ကျေနပ်လောက်တဲ့အဖြေ၊ မှတ်သားလောက်တဲ့ အ‌ဖြေမျိုး မတွေ့ရဘူး။၊ တမာ ကတက် စီးပါွးတက်ဆိုတဲ့ အဖြေ‌တွေသာ အများဆုံး‌တွေ့ရတယ်။
ကျွန်တော်လည်း တစ်ခုဝင်ဖြေလိုက်တယ် “အိမ်ရှေ့မှာ တမာစိုက်ရင် လူမခိုးဘူး၊ အိမ်နောက်မှာ ဩဇာစိုက်ရင် လူမမြင်နိုင်လို့ မခိုးနိုင်ဘူး၊ ခိုးဖို့လည်း မလွယ်ကူဘူး” လို့ လိုတိုရှင်းပဲ ဝင်မန့်ခဲ့တယ်။
ဆိုလိုရင်းက အပင်တွေကို သူ့နေရာနဲ့သူ စိုက်ပျိုးသင့်တဲ့ သဘောကို ပြောတာပဲဖြစ်ပါတယ်။ ဒါကိုပြည့်စုံအောင် ထပ်ရှင်းရရင် တမာပင်ရဲ့ ပင်စည်ဖွဲ့စည်းပုံကိုကြည့်ရင် မာကြောပြီးနွဲ့နှောင်းတဲ့သဏ္ဍန်ရှိလို့ မြင်ရသူကို ပသာဓဖြစ်စေတယ်၊ ရွက်အုပ်ကောင်းပြီး ရွက်အုပ်အရောင်က တခြားအစိမ်းရောင်တွေနဲ့ မတူတဲ့ စိမ်းဝါမို့ မြင်ရသူကို စိတ်ချမ်းမြေ့စေတယ်။ ဒါကြောင့်အိမ်ရှေ့မှာစိုက်ရင် စိတ်ချမ်းသာမှု ရရှိစေမယ်။ အရွက်စားချင်သူ နည်းပါးသလို စားချင်သူတွေလည်း အလွယ်တကူ ခူးစွတ်လို့ မရနိုင်ဘူး၊ ဒါကြောင့် အပင်တွေစိုက်မယ် ဆိုရင် တမာလို အပင်မျိုး အိမ်ရှေ့မှာ စိုက်သင့်တယ်လို့ ဆိုတာ။
အိမ်ရှေ့မှာ ဩဇာကဲ့သို့ သီးပင်စိုက်ရင် လူတွေမျက်စေ့ကျမယ်၊ အလွယ်တကူ ခူးစွတ်စားသုံးနိုင်မယ်၊ ကိုယ့်သီးနှံပင်ကို ကိုယ်မသိပဲ တပါးသူ ခူးစွတ်စားသုံးနေတာကို မြင်ရရင် ပိုင်ရှင်ဖြစ်သူမှာ စိတ်သောက ဖြစ်ရမယ်၊ နှလုံးသွင်း မမှန်လို့ စိတ်သောကဖြစ်ရတာဟာ အကျိုးယုတ်စေတာပဲ။ အိမ်နီးချင်းနိုင်ငံတွေမှာ ဆို ခြံစည်းရိုးအပြင်ဘက် ကျနေတဲ့သီးနှံကို ပိုင်ရှင်မဟုတ်သူ ခူးစွတ်စားသောက်ရင် ထောင်ဘယ်နှစ်နှစ် ဆိုတာမျိုး ဥပဒေပြဌာန်းချက်တွေ ထားရှိကြတာ်။ လူတွေက “စားချင်ရင် တောင်းစားပါ၊ ခိုးမစားပါနဲ့”လို့သာ ပြောကြတာ၊ တကယ်တမ်း တောင်းစားပြန်ရင်လည်း မကြိုက်ကြပြန်ဘူး၊ စားချင်ရင် စိုက်ထားပါလားတို့၊ ဝယ်စားလေတို့ စသဖြင့် ပြန်ပြောလေ့ရှိကြတယ်။ ဒီလိုပြန်ပြောတော့ နှစ်ဦးနှစ်ဖက် အမြင်မကြည်ဖြစ်တော့တာပါပဲ၊ အပင်တွေကို စစိုက်ကတည်းက သူ့နေရာနဲ့သူ ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် အပင်တွေအပေါ် အကြောင်းခံတဲ့ ပြဿနာတွေ မဖြစ်နိုင်တော့ပါဘူး။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့ စကားလည်းရှိတာမို့ သီးပင် စားပင် တွေကို အိမ်နောက်ဖေးမှာ စိုက်ခြင်းအားဖြင့် ဝင်ငွေလည်းရစေသလို စိတ်အနှောက်အယှက်လည်း အထိုက်အလျှောက် ကင်းစေမှာပါ။
နောက်တစ်ခုက အပင်တွေကို သူ့နေရာနဲ့သူ ရွေးချယ်စိုက်ပျိုးတာမျိုးမဟုတ်ပဲ ကြုံသလိုစိုက်ပျိုးတဲ့အခါ အပင်ကြီးမှ ခုတ်ပစ်ရတာမျိုးတွေလည်း မြင်တွေ့နေရပါတယ်။ အိမ်အမိုးပေါ် အရွက်ကျလို့ ခုတ်တာ၊ ဓါတ်ကြိုးနဲ့မလွတ်လို့ ခုတ်ရတာ၊ အသစ်ဖေါက်လုပ်မဲ့ ကားလမ်းနဲ့မလွတ်လို့ ခုတ်ရတာ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ အပင်တွေကို ခုတ်ပစ်နေကြတာတွေ့ရပါတယ်။ စတင်စိုက်ပျိုးစဉ်က တွက်ချက်မှု အားနည်းခဲ့တာမျိုးဆိုရင်တောင် ခေါင်မိုးပေါ်အရွက်မကျအောင် အပင်ကိုနှိမ့်ပြီး အလှဆင်ပုံ‌ဖေါ်တာမျိုး၊ ဓါတ်ကြိုးဘက် အကိုင်းမထွက်အောင် အပင်ကိုထိန်းချုပ်တာမျိုး၊ သစ်ပင်ကို ရှောင်ကွင်းပြီး လမ်းဖေါက်တာမျိုး တွေနဲ့ အပင်တွေကို တစ်နိုင်တစ်ပိုင် ထိန်းသိမ်းသင့်ပါတယ်။
အနှစ်ချုပ်ရရင် လူတွေကိုအကျိုးယုတ်အောင် သူတို့ရဲ့ပါဝါတွေ အစွမ်းတွေနဲ့ လုပ်နိုင်စွမ်းတဲ့အပင် ကမ္ဘာမှာ မရှိသေးပါဘူး။ အိမ်ခြံရဲ့ အရပ်လေးမျက်နှာမှာ မစိုက်ကောင်းတဲ့ အပင်ဆိုတာလည်းမရှိပါဘူး၊ ပိုင်ရှင်ဖြစ်သူ နှလုံးသွင်း မမှန်ရင် အကုသိုလ်ဖြစ်မှာ တစ်ခုတည်းကြောင့်သာ အပင်တွေကို နေရာရွေးချယ် စိုက်ပျိုးသင့်တယ်လို့ ပြောတာပါ။ ဒါကြောင့် အပင်တွေအပေါ် လူသားမျိုးနွယ် မျိုးဆက် အဆက်ဆက် သံသယ ကင်းနိုင်ကြပါစေ။ ။
EPNဆောင်းပါး၊ ၂၀၂၁၊ နိုဝင်ဘာ ၁၆
ဆောင်းပါးရှင် – ဇွဲဝဏ္ဏ(ကျုံပျော်)
ဓါတ်ပုံ – Google Search

About The Author

greenness_mm

No Comments

Leave a Reply