လေရဟတ်တွေကို သစ်သားနဲ့ စမ်းလုပ်နေပြီ

လေရဟတ်တွေကို သစ်သားနဲ့ စမ်းလုပ်နေပြီ

လေရဟတ် တာဘိုင်တွေက အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဖို့အတွက် အရမ်းကို အားကိုးရတဲ့ လုပ်ငန်းစည်တစ်ခုဖြစ်ပါတယ် ။
လေတိုက်နှုန်းပုံမှန်နီးပါးရှိတဲ့ ဒေသတွေမှာ လေရဟတ်တွေထက်ပိုကောင်းတဲ့ လျှပ်စစ်ထုတ်ယူနိုင်တဲ့ ပစ္စည်း မရှိသေးပါဘူး ။ ဒါပေမဲ့ လေရဟတ်တွေလုပ်ဖို့အတွက် အကြီးစားသံမဏိလုပ်ငန်းတွေက ကာဗွန်ထုတ်လုပ်မှု များနေတဲ့အတွက် လေအားလျှပ်စစ် လုပ်ငန်းက ကာဗွန်မထွက်ဘူး ဆိုတဲ့ အစိမ်းရောင်ထိန်းသိမ်းရေး လုပ်ငန်းနဲ့ လားလား ဆန့်ကျင်နေပါတယ်။
အဲ့လိုအခြေအနေမျိုးမှာ ဆွီဒင်နိုင်ငံက ပညာရှင်တွေက သစ်သားနဲ့လေရဟတ်တာဘိုင်တွေလုပ်ဖို့အတွက် တီထွင်မှုက စလုပ်နေပါတယ် ။ ကာဗွန်လုံးဝမထွက်တဲ့ လေအားလျှပ်စစ်စီမံကိန်းကို စပြီး တပ်ဆင်ဖို့လုပ်နေပါတယ် ။ ဆွီဒင်နိုင်ငံအနောက်တောင်ပိုင်း ဂိုသမ်ဘာဂ်မြို့နားမှာ အဲ့ဒိသစ်သားလေရဟတ်ကို စတင်စမ်းသက် တပ်ဆင်နေပါတယ် ။
မီတာ ၁၅၀ မြင့်တဲ့ အဲ့ဒိလေရဟတ်ကို ပြီးခဲ့တဲ့ အပတ်က တပ်ဆင်ပြီးသွားလို့ စမ်းသက်လည်ပတ်စေရာ ၂ မီဂါဝပ်ထွက်ပြီး အိမ်ထောင်စု ၄၀၀ ကို လျှပ်စစ်အားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲ့ဒိလေရဟတ်က ကမ္ဘာ့အမြင့်ဆုံး သစ်သားလေရဟတ် ဖြစ်နေပါတယ်။
သံမဏိ လေအားလျှပ်စစ်တာဝါတိုင်တွေက ခိုင်ခံမှု ပိုကောင်းတယ်ဆိုပေမဲ့ မြင့်လာလေလေ တပ်ဆင်ရတာ ပိုမိုခက်ခဲပါတယ် ။ သစ်သား တာဝါတိုင်တွေကတော့ အဲ့ဒိအခက်အခဲ မရှိဘဲ အလွယ်တကူဖြုတ်တပ်နိုင်တဲ့ အားသာချက်က ရှိနေပါတယ် ။ အလေးချိန်နဲ့ ခိုင်ခံမှုအချိုးညီနေပါက သစ်သားလေရဟတ်တာဝါတိုင်တွေလည်း နှစ်ပေါင်းများစွာကြာအောင် ခံနိုင်ရည်ရှိနိုင်ပါတယ် ။ သစ်သားတွေကို ရေလုံအောင် ဆေးကောင်းကောင်း သုတ်ထားနိုင်ပါက ကြာရှည်ခံမှုက စိန်ခေါ်မှု တစ်ရပ်မဟုတ်တော့ပါ ။ ရေရှည်မှာ သံမဏိတာဝါတိုင်တွေ ထက်ပိုပြီး ကုန်ကျစရိတ်သက်သာသွားမှာဖြစ်ပြီး ပိုမြင့်တဲ့ တာဝါတိုင်တွေဆိုရင်ပိုပြီးတော့တောင် သက်သာမှာပါ ။
လောလောဆယ်မှာတော့ ဆွီဒင်ကုမ္ပဏီက မြေပြင်ပေါ်မှာ ပဲ သစ်သားလေရဟတ်ကို တပ်ဆင်ထားနိုင်ပေမဲ့ နည်းနည်း အဆင့်မြင့်ပြီးရင်တော့ ကမ်းလွန်လေရဟတ်တာဝါတိုင်တွေကိုပါ တည်ဆောက်ပေးနိုင်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ဆိုပါတယ်။ သီအိုရီအရ သစ်သားတာဝါတိုင်တွေက အမြင့်မီတာ ၁၅၀၀ အထိတည်ဆောက်နိုင်ပါတယ် ။ လောလောဆယ် ဈေးကွက်မှာ မီတာ ၁၅၀ နဲ့ မီတာ ၂၀၀ တို့ပဲ အမှာများလက်ခံရရှိထားတယ်လို့ သိရပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply