သင်္ဘောအောက်နဲ့ တိရိစ္ဆာန်တွေအောက်ကနေ ကားမောင်းခြင်း

သင်္ဘောအောက်နဲ့ တိရိစ္ဆာန်တွေအောက်ကနေ ကားမောင်းခြင်း

လှရုံတင်မက စိတ်ဝင်စားဖို့ကောင်းလို့ပါ…
ကုန်းလမ်းကိုဖြတ်ပြီး ရေကြောင်းသွားလာလုပ်လို့ရအောင် ကွန်ကရစ်သုံးလုပ်ထားတဲ့ တူးမြောင်းတွေကို Aquaduct လို့ခေါ်တယ်။ အလွန်တိုးတက် ယဉ်ကျေးမှုမြင့်မားခဲ့တဲ့ ရောမလူမျိုးတွေက စခဲ့တာပါ။ ရေချောင်း တူးမြောင်းများလှတဲ့ နယ်သာလန်မှာ Aquaduct အခု ၃၀ လောက်ရှိသတဲ့။
ရောက်ခါစ ကားဦးတည်ရာ မျက်နှာချင်းဆိုင် အဝေးက မြင်နေရတဲ့ ကန့်လန့်ဖြတ်သင်္ဘောကြီး ဆီကို တဖြေးဖြေး နီးလာပြီး နောက်ဆုံး သူ့အောက် လှိုဏ်ခေါင်းကနေ ဝင်သွားရတဲ့အခါ feeling က ကလေးဘဝ ပွဲစျေးလည်ရသလိုပဲ။
တိရိစ္ဆာန်တွေ တောအုပ်တစ်ဖက်ကနေ တစ်ဖက်ကို ကားလမ်းဖြတ်ကူးတဲ့အခါ အသေအပျောက်များတဲ့ အတွက် တစ်နေရာကနေတစ်နေရာကူးဖို့ လုပ်ထားတဲ့ မြေပေါ်တံတား မြေအောက် လှိုဏ်ခေါင်း တွေကို တော့Ecoduct လို့ခေါ်တယ်။ ခုချိန်မှာ တစ်နိုင်ငံလုံး Ecoduct တံတားပေါင်း အခု သုံးဆယ်လောက်ရှိတယ်။ အဲဒီထဲမှာ တစ်ခုကလွဲလို့ လူတွေမသုံးရ အနားမသွားရဘူး တိရိစ္ဆာန်တွေကို အနှောင်အယှက် မဖြစ်အောင် ကာကွယ်ထားတယ်။
ဒီecoduct တွေဟာ တောကောင်ကြီး သမင် ဒရယ် မြေခွေးတွေ အတွက်ဖြစ်သလို မြွေလို ရှဉ့်လို အကောင်သေးသေးလေးတွေ အတွက်လည်း ထည့်စဉ်းစားထားတယ် ။ ဒါတင်မကသေးဘူး ဖားတွေ အကောင်ပေါက်ချိန်ဆို volunteers ကလေး လူကြီးတွေက ရေပုံးတွေနဲ့ ဖားပေါက်လေးတွေလိုက်ကောက်ပြီး ကားလမ်းမကူးရအောင် ရေကန်ထဲ ရေချောင်းထဲ ပို့ပေးကြသေးတာ။
တစ်ချို့ရေငံနေငါးတွေဟာ ရေချိုမှာပဲ မျိုးပွားကြတယ်။ တချို့ ရေချိုနေငါးတွေဟာ ရေငံမှာပဲ မျိုးပွားကြတယ် ။အဲဒီတော့ ဒီငါးတွေမျိုးမတုန်းဖို့ ပင်လယ်နဲ့ မြစ်ချောင်းတွေကြား အသွားအပြန်လုပ်တဲ့ လမ်းကြောင်း အဓိကကျတဲ့ နေရာတွေမှာ ရေအောက်ရေတံခါးပေါက်သေးသေးလေးတွေ လုပ်ထားပေးသလို ရေပေါ်ကတံခါးတွေကိုလည်း တခါတရံ အဖွင့်အပိတ်လုပ်ပေးရတယ်။ ငါးတွေကိုလည်း အကောင်အရွယ်မရောက်သေးရင် မဖမ်းရတာ၊ ဥပါတဲ့ငါးဆို ပြန်လွှတ်ပေးရတာ အစရှိသဖြင့် မျိုးမတုန်းအောင် ဥပဒေတွေနဲ့ တင်းတင်းကျပ်ကျပ်တားထားတယ်။( ကျွန်မတို့က ငါးသလောက်တို့ ဂဏန်းတို့ဆို ဥပါမှကြိုက်ကြတာမဟုတ်လား😞)
ဒီစာကိုဖတ်ပြီး နိုင်ငံခြားသားတွေများ တိရိစ္ဆာန်ကို …ပိုကဲလိုက်တာ လို့တွေးသူရှိသလို ကြင်နာလိုက်တာလို့ တွေးသူလည်းရှိမှာပါ။
လူ တိရိစ္ဆာန် သစ်ပင် တောတောင် ရာသီဥတု အားလုံးဟာ ဆက်စပ်နေတယ် တစ်ခုပေါ်တစ်ခု အကျိုးသက်ရောက် မှုရှိတယ်။ ကြင်နာစိတ်နဲ့ စောင့်ရှောက်သင့်တာ မှန်ပေမယ့် ကိုယ်နေတဲ့ ကမ္ဘာမြေ စိမ်းလန်းရှင်သန်ဖို့ နောက်ဆုံးတော့ ကိုယ့်အကျိုးအတွက် လည်းပါပါတယ် ။
အပင်တွေမရှိပဲ ကျွန်မတို့ အသက်မရှင်သန်နိုင်ဘူး။ တိရိစ္ဆာန်တွေလည်းမရှင်သန်နိုင်ဘူး အပင်တွေရှင်သန်ဖို့လည်း သတ္တဝါတွေမရှိပဲ မဖြစ်နိုင်ဘူး။
အပင်မျိုးပွားဖို့ ပျားပိတုန်းအပြင် တိရိစ္ဆာန်လေးတွေလည်းလိုအပ်တယ်။ တချို့အပင်တွေက ငှက်တွေ ဆင်တွေ လို တိရိစ္ဆာန်တွေက အပင်က အသီးကိုစားပြီးလို့ မစင်စွန့်ရာကနေမှ မျိုးပွားနှိုင်တယ်။ အဲတော့ မြန်မာပြည်မှာ အထိန်းအချုပ်မရှိစားနေတဲ့ ပုရစ်လို ပိုးကောင်တွေကို မှီပြီး ရှင်သန်ရတဲ့ ငှက်တွေအတွက် နောက်ပိုင်းမှာ ရှင်သန်ဖို့ ခက်ခဲလာမယ်။ အဲဒီအခါ ဒီငှက်မျိုးကို ရှင်သန်လို့ မျိုးပွားရတဲ့ အပင်တွေလည်း ပျောက်ကွယ်လာမယ်။ ဒါက မြင်သာတဲ့ ဥပမာတစ်ခုပါ။
အစာရေစာငတ်မွတ်ခေါင်းပါးတဲ့ နေရာက တောသူတောင်သားတွေကို မဝေဖန်ချင်ပေမယ့် အရသာနောက်လိုက်နေရင်း စီးပွားရေးနောက်လိုက်ရင်း စားသုံးသူများလာတဲ့အခါ မွေးမြူထားတဲ့ တိရိစ္ဆာန်မဟုတ်လို့ အလွန်အကျွန် ဖြစ်စေ မျိုးတုံးစေနိုင်တာကိုနားလည်သလောက် သတိပေးချင်မိတာပါ။ စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော် 🙏
#All photo’s …ofcourse credit
Thuzar Khin ရေးသည်။

About The Author

greenness_mm

No Comments

Leave a Reply