သစ်ပင်စိုက်ခြင်းဖြင့် နိုင်ငံတော်ကိုကာကွယ်ပါ

သစ်ပင်စိုက်ခြင်းဖြင့် နိုင်ငံတော်ကိုကာကွယ်ပါ

(၁)
“သစ်ပင်စိုက်တာဟာတစ်ဦးချင်း၊ တစ်ယောက်ချင်းလုပ်နိုင်တဲ့ကိစ္စပါ။ ကမ္ဘာကြီးဟာပျက်နေတယ်။ အဲဒီပျက်နေတဲ့ကမ္ဘာကြီးကို ပြန်ကောင်းအောင် လုပ်တဲ့နေရာမှာစိတ်ရှည်ရှည်နဲ့ လုပ်ရမှာပါ။ကမ္ဘာကြီးကိုချစ်တယ်ဆိုရင် ဒီလောက်ကလေးတော့ လုပ်ကြပါလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်”

မကြာသေးမီက ကွယ်လွန်ခဲ့သည့် သစ်တောပညာရှင် ကမ္ဘာမြေချစ်သူဦးအုန်းပြောနေကျစကားဖြစ်သည်။ ထိုစကားကိုပင် သစ်ပင်စိုက်ပွဲတစ်ခုတွင် သူပြောနေရင်း မျက်ရည်များကျလာခဲ့သည်။ ရှိုက်သံသဲ့သဲ့ ကြားတွင် သူ့စကားသံများ တိမ်ဝင်သွားခဲ့သည်။ သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသူတိုင်း စိတ်မကောင်း ဖြစ်ကြရသည်။ အမြဲတမ်းမာမာထန်ထန်ပြောတတ်သည့် သူ့ထံမှ ထိုကဲ့သို့အမူအရာကိုတွေ့ရသောကြောင့်လည်း အံ့သြကြရသည်။ ကျွန်တော်ကတော့ သူ့ကိုနားလည်သည်။ သူအသက်အရွယ်ရလာပြီ။ စိတ်သွားတိုင်းကိုယ်မပါသလို ပါးစပ်ကပြောတိုင်းလည်း လက်ကမပါနိုင်တော့။ ထို့ကြောင့် သူ့ကိုယ်သူအားမရဖြစ်မိသည်။ ပျက်ယွင်းလာသောကမ္ဘာကြီးကို ပြန်လည်ပြုပြင်ရန် သစ်ပင်များမစိုက်နိုင်တော့သဖြင့် သူ ဝမ်းနည်းသည်။ ဝမ်းနည်းစိတ်ကို မထိန်းနိုင်သဖြင့် သူမျက်ရည်ကျသည်။ ပြီးတော့ မျက်ရည်ကြားထဲကနေပဲ သူအားတင်းပြီးပြောလိုက်ပါသေးသည်။

“ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထိရောက်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ သစ်ပင် စိုက်တာပဲ။ သစ်ပင်တွေကို ရှင်အောင်စိုက်နိုင်ရင် ပျက်နေတဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ပြီး ကမ္ဘာကြီးကိုလည်းကယ်တင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သစ်ပင်ကိုရှင်အောင်စိုက်ကြပါလို့ အဘပြောချင်တယ်”ဟူသတဲ့။ သူ့စကားများကို နားထောင်ပြီး အလွန်စိတ်မကောင်း ဖြစ်မိသည်။ ထို့ကြောင့် ကြုံကြိုက်သည့်အခါတိုင်း၊ ဆောင်းပါးရေးဖြစ်သည့်အခါတိုင်းသစ်ပင်စိုက်ရန် အရေးတကြီးလိုအပ်ကြောင်း ထည့်သွင်းရေးသားဖြစ်ခဲ့သည်။ တစ်ချို့ စာဖတ်သူများက ကျွန်တော့်ကို အမြင်ကပ်ကြ ပေလိမ့်မည်။ တစ်ချို့က လက်ခုပ်တီးကြပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ သက်ရှိအားလုံး အသက်ရှင်သန်နိုင်ရေးအတွက် ကမ္ဘာမြေပေါ်တွင် သစ်ပင်များကို ရှင်သန်အောင် စိုက်ပျိုးရမည်ဟု ကျွန်တော်ယုံကြည်ပါသည်။
(၂)
ပြီးခဲ့သည့် ဇွန် ၅ ရက် ကမ္ဘာပတ်ဝန်းကျင်နေ့တွင် ဘောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့်မျာ းစုပေါင်းပြီးသစ်ပင် စိုက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မင်းသမီးဂျက်ကလင်းဖာနန်ဒက်ဇ်၊ ဒေစီရှား၊ ဂျူဟီချော်လာတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုံ့ဆော်မှုအနေဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းကိုဖတ်မိမိချင်း ကျွန်တော့်စိတ်ထဲတွင် ကြည်နူးမိသည်။ ထိုသတင်းလေးကို ကျွန်တော့် လက်တော့ပ်ထဲတွင် သိမ်းထားလိုက်မိသည်။ ထိုသစ်ပင်စိုက်ပွဲတွင် ချော်လာက“သူတို့ရဲ့ လုပ်ဆောင်မှုဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းရေးလုပ်ဆောင်မှုတွေအပေါ် လူတွေ ပိုပြီးအာရုံစိုက်လာနိုင်စေဖို့ မျှော်လင့်ပါတယ်”ဟုပြောခဲ့သေးသည်။ ထိုလုပ်ဆောင်မှုကြောင့် အိန္ဒိယပြည်သူများလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ယခင် ထက်ပိုပြီးအာရုံစိုက်လာလိမ့်မည်။ သစ်ပင်များလည်း စိုက်ပျိုးလာကြလိမ့်မည်ဟုကျွန်တော်ထင်မြင်မိသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူများသည် သူတို့ချစ်ခင်နှစ်သက်သော၊ လေးစားသောအကြီးအကဲများ၊ ရုပ်ရှင် သရုပ်ဆောင်အပါအဝင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များကိုစံနမူနာထားကြသည်။ ထိုသူတို့၏ သွားလာနေထိုင် စားသောက်သည်မှစ၍ လှုပ်ရှားမှုတော်တော်များများကို အတုယူတတ်သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ပြည်သူချစ်မြတ်နိုးတန်ဖိုးထားသောအကြီးအကဲများနှင့် အနုပညာရှင်များကသစ် ပင်စိုက်ပျိုးခြင်းကိုလုပ်ဆောင်ကြရန် ကျွန်တော် မျှော်လင့်မိသည်။ သို့သော် လူနည်းစုလောက်ကသာ သစ်ပင် စိုက်ပျိုးမှုကိုလုပ်ဆောင်ခဲ့ကြပြီး ပြည်သူများအကြား တွင်ကျယ်မှုလည်းမရှိခဲ့ပေ။ ခေါင်းဆောင်ပိုင်းက စိုက်ပျိုးမှုကို ကြည့်ပြန်တော့လည်း သိပ်အားရစရာမရှိ၊ မေ့လောက်မှ တစ်ခါလောက် သစ်ပင်စိုက်ပွဲတွင် ပေါ်လာခြင်းဖြစ်သည်။ ပရဟိတလုပ်ငန်းများ၊ သာရေးနာရေးများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများစသဖြင့် လုပ်ငန်းများတွင် အင်တိုက် အားတိုက် ဆောင်ရွက်ကြသကဲ့သို့ သစ်ပင်စိုက်ပျိုးရေးကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်ကြစေချင်သည်။ သစ်ပင်များမရှိတော့လျှင် ကမ္ဘာမြေလည်း ဆက်လက်တည်ရှိတော့မည် မဟုတ်ပေ။ ထိုအချက်ကိုအမြဲသတိရပြီး သစ်ပင်များကို စိုက်ပျိုးကြရမည်ဖြစ်သည်။
(၃)
မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံရှစ်နိုင်ငံရှိ အမြဲစိမ်းသဘာဝသစ်တောများသည် ၂ဝ၁၄ခုနှစ်မှ ၂ဝ၁၆ခုနှစ် နှစ်နှစ်တာကာလအတွင်းတစ်နှစ်လျှင် သြစတြေလျနိုင်ငံ၏အကျယ်အဝန်းပမာဏနှုန်းအတိုင်းပျက်စီး ပျောက်ဆုံးနေရကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့ကြောင်း သတင်းတစ်ပုဒ်ကို သိပ်မကြာခင်ကဖတ်လိုက်ရသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDPနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာရေးအဖွဲ့အစည်း ၅ ခုပူးတွဲလုပ်ဆောင်နေသည့်“ရာသီဥတုအတွက် သဘာဝပတ်ဝန်းကျင်”ဟုတိုက်ရိုက်အမည်ရသောNature4Climate စီမံကိန်းအတွက် သုတေသနပြုလုပ်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာမှ ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကို သက်သာစေရန် မြေကိုအကျိုးရှိရှိအသုံးချနိုင်ရေးလေ့လာချက်များတွင် သစ်တောပြုန်းတီးမှု မြန်ဆန်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုတွေ့ရှိချက်များအရ လက်ရှိနှုန်းအတိုင်းဆက်သွားလျှင် ၂ဝ၃ဝတွင် ပါရာဂွေး၊ လာအိုနှင့်ဂီနီနိုင်ငံတို့မှ အမြဲစိမ်းသစ်တောများ ပျောက်ဆုံးတော့မှာဖြစ်သည်။ ထို့အပြင် ၂ဝ၄ဝတွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ နီကာရာဂွာ၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်အင်ဂိုလာနိုင်ငံတို့မှ သဘာဝတောများ ပျောက်ဆုံးတော့မှာဖြစ်ကြောင်းသိပ္ပံပညာရှင်များက ခန့်မှန်းထားခဲ့ကြသည်။“ကမ္ဘာပေါ်မှာတောရိုင်းတွေ ပျက်စီးဆုံးရှုံးလာတာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်သင့်တာဖြစ်ကြောင်း၊ ဒါဟာမရှိမဖြစ် အရေးကြီးတဲ့ ရာသီဥတုတည်ငြိမ်ရေးအခြေခံတွေကို စနစ်တကျဖျက်ဆီးနေတာဖြစ်ကြောင်း”ကမ္ဘာ့သဘာဝအရင်းအမြစ်များ လေ့လာရေးသိပ္ပံ WRI အဖွဲ့မှအကြီးတန်းပညာရှင် ဖရန့်ဆက်ဆေမွှားက ပြောကြားခဲ့သည်။ ထိုသတင်းအရ မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေသည်။ သစ်တောသစ်ပင်များပျောက်ဆုံးသွားမည့်နေ့သည် မြန်မာနိုင်ငံပျောက်ဆုံးသွားမည့်နေ့လည်း ဖြစ်နေနိုင်သည်။ ထို့ကြောင့် သစ်ပင်များကို နိုင်ငံတော်အဆင့် စီမံချက်ချမှတ်ပြီးစနစ်တကျ စိုက်ပျိုးသင့်ပေသည်။
(၄)
“ဥတုရာသီတောကိုမှီ”ဆိုသည့်စကားရှိသည်။ သစ်တောရှိမှ ရာသီဥတုကောင်းမည်။ ရာသီဥတုကောင်း မှ စိုက်ပျိုးရေးကောင်းမွန်မည်။ သဘာဝဘေးအန္တရာယ်များကင်းရှင်းပြီးသာယာနေချင်စဖွယ်ကောင်းသော နိုင်ငံတစ်နိုင်ငံဖြစ်လာမည်။ ယခုတော့ ၀ိသမလောဘသားများ၏ မဆင်မခြင်လုပ်ရပ်များကြောင့် မြန်မာ့သစ် တောများ ပြုန်းတီးခဲ့ပြီဖြစ်သည်။ သာယာလှပသောရေမြေတောတောင် သဘာဝပတ်ဝန်းကျင်နှင့် ကောင်းမွန် သောရာသီဥတုအနေအထားများပျက်ယွင်းခဲ့ရပြီ။ ထိုသို့ဖြစ်ပွားရခြင်းသည် အစိုးရအဆက်ဆက် ညံ့ဖျင်းသည့်စီမံခန့်ခွဲမှုနှင့် အဂတိလိုက်စားမှုများကြောင့် ဖြစ်သည်ဟုဆိုလိုက်ချင်ပါသည်။
နိုင်ငံတကာညွှန်းကိန်းများအရကြည့်လျှင်လည်းမြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့်ထိခိုက်မှုအဆိုးဆုံးနှင့် သဘာဝဘေးကျရောက်မှုကြောင့် ထိခိုက်မှုအများဆုံးကမ္ဘာ့ ၁၀ နိုင်ငံတွင် ဒုတိယစာရင်းဝင်နေ သည်။ သဘာဝဘေးအန္တရာယ်ကြောင့် တစ်နှစ်လျှင်နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေရကြောင်းဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကပြောကြားခဲ့ဖူးသည်။ “ရာသီဥတုနဲ့ပတ်သက်ရင်မရေရာတဲ့ဘဝကြီး၊သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ရင်မမျှော်မှန်းနိုင်တဲ့ဘဝကြီး၊ခန့်မှန်းချက်ထုတ်ဖို့တောင်ခက်နေတယ်။အဲဒါမိုးလေဝသသမားတွေညံ့လို့မဟုတ်ဘူး။သိထားတဲ့အညွှန်းဘောင်ကိုကျော်ပြီးရာသီဥတုဖောက်ပြန်မှုက ဖြစ်နေတယ်။ပြောင်းလဲလာတဲ့ရာသီဥတုကို ပြည်သူလူထုတွေနားလည်လာဖို့လိုတယ်။အဲဒါကြောင့် ပြည်သူလူထုကဘယ်သူ့ကိုမှအပြစ်မတင်တော့ဘဲနဲ့နားလည်အောင်လုပ်ပြီးကိုယ်အသက်ရှည်အောင်နေထိုင်ဖို့လိုတယ်”ဟုမိုးလေဝသပညာရှင်တစ်ဦးက ဂျာနယ်တစ်စောင်တွင် ပြောခဲ့သည်ကိုမှတ်သားခဲ့ရဖူးသည်။သူ့ပြောစကားအရရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုသည် မိုးလေဝသပညာရှင်များပင် ခန့်မှန်းရခက်သည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုအခြေအနေများကိုထိန်းသိမ်းနိုင်ရန်အတွက် သစ်ပင်များကိုရှင်သန် အောင် မဖြစ်မနေစိုက်ပျိုးရန် လိုအပ်နေပြီဖြစ်သည်။
(၅)
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံ၏ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားများ သည်နှစ်စဉ်ဆက်တိုက်လျော့ကျလာနေသည်။ထိုအခြေအနေများကိုကုစားရန်လက်ရှိနှုန်းဖြင့်သစ်ပင်စိုက်သည့်နည်းလမ်းတစ်ခုတည်းဖြင့်လိုက်၍မှီရန်မသေချာပေ။ထို့အတွက်သစ်ပင်စိုက်ခြင်းနှင့်သစ်တောများထူထောင်ခြင်းတို့့ကိုအရှိန်အဟုန်မြှင့်လုပ်ဆောင်ပေးရန်နှင့် အခြားသဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကိုအောင်မြင်စွာတားဆီးနိုင်မည့်နည်းလမ်းပေါင်းစုံဖြင့်အမြန်ဆုံးလုပ်ဆောင်ပေးရန်အထူးလိုအပ်ပါသည်။ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတို့၏ နောက်ဆက်တွဲအဖြစ် ဆိုးရွားသောအကျိုးဆက်များကိုမြန်မာပြည်သူများ နှစ်စဉ် ကြုံတွေ့ခံစားနေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်သစ်တောသစ်ပင်စိုက်ပျိုးခြင်းကိုအင်တိုက်အားတိုက်ဆောင်ရွက်ခြင်း၊လက်ရှိသစ်တောသစ်ပင်များကိုမပြုန်းတီးအောင် စနစ်တကျ ထိန်းသိမ်းခြင်း၊ ရွာသွန်းသမျှမိုးရေကိုထိန်းချုပ်နိုင်ရန်အတွက်မြေပြင်ကိုကောင်းမွန်သည့်နည်းလမ်းများဖြင့်ပြုပြင်ပေးခြင်းစသည်တို့ကိုထိထိရောက်ရောက် ဆောင်ရွက်သင့်ပါသည်။ သို့မှသာ မြန်မာ နိုင်ငံသည် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားများ ပြန်လည်ကောင်းမွန်ပြီး သဘာဝ ဘေးအန္တရာယ်များလည်းလျော့ကျသက်သာမည်ဖြစ်သည်။ ။

ရွှေလက်
7Day News Journal(25.7.2018)

About The Author

greenness_mm

No Comments

Leave a Reply