သစ်ပင်များကို မိမိဘာသာ ကြီးထွားနိုင်သည့်အထိ ရှင်သန်အောင် စိုက်ပျိုးပေးပါ

သစ်ပင်များကို မိမိဘာသာ ကြီးထွားနိုင်သည့်အထိ ရှင်သန်အောင် စိုက်ပျိုးပေးပါ

ဆေးပညာတွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသကဲ့သို့ပင် သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးသွားပြီးမှ ပြုပြင်ပေးခြင်းထက် ပျက်စီးနိုင်ခြေရှိသည့်အချိန်ကို ဆန်းစစ်ကာ လိုအပ်သလို ထိန်းသိမ်းပေးခြင်းက များစွာ ပိုမိုကောင်းမွန် အကျိုးရှိလေ့ ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ပျက်စီးခါနီး သို့မဟုတ် ပျက်စီးပြီးကာမှ အရေးပေါ် နှင့် ပင်ပမ်းတကြီး လုပ်ဆောင်ရခြင်းထက်၊ ပျက်စီးနိုင်ခြေရှိသည့်အချိန်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းက အချိန်၊ လုပ်အားနှင့် ကုန်ကျစရိတ် စသည်များကို များစွာ သက်သာစေပြီး ဂုဏ်ယူစရာ အလုပ်များ ဖြစ်လာစေမည် ဖြစ်သည်။
သက်ရှိ သက်မဲ့ ဝတ္ထုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယင်းတို့၏ ဘဝဖြစ်စဉ်များနှင့်အတူ ဖြစ်တည်ပျက်စီးမှုပုံစံများကိုပါ သိရှိနားလည်ရန် လိုအပ်သည်။ ဘဝဖြစ်စဉ်များအတွင်း ပျက်စီးနိုင်မှုဖြစ်နိုင်သည့် အဆိုးဆုံးအခြေအနေများတွင် ဂရုတစိုက် အလေးထား ထိန်းသိမ်းပေးခြင်းဖြင့်၊ ယင်းတို့၏ ဘဝဖြစ်စဉ်များကို ပိုမိုကောင်းမွန်အောင် စောင့်ရှောက်ပေးနိုင်ကြမည် ဖြစ်သည်။
သစ်ပင်များကိုလည်း အပင် ၁ဝဝ စိုက်လျင် ၁ဝ ပင်သာ ရှင်သန်ကျန်ရစ်သည် ဆိုပါက၊ သစ်ပင် ၁ဝ ပင်ကိုသာ အပင်ပေါက်ဘဝမှ ယင်းတို့ဘာသာ ရပ်တည်ရှင်သန်နိုင်သည်အထိ စေတနာထား စိုက်ပျိုးပြုစုပေးခြင်းဖြင့် အခြား အပင် ၉၀ အတွက် အလဟဿ ဆုံးရှုံးရမည့် အချိန်၊ လူအား နှင့် စရိတ်များကို ချွေတာနိုင်ပြီး အကျိုးဖြစ်နှုန်းကို မြင့်မားလာစေမည် ဖြစ်ပါသည်။
သစ်ပင် ၁ဝဝ စိုက်မိရန် ရည်မှန်းကာ စိုက်ပျိုးသည်ထက်၊ အပင် ၁ဝ ပင်ကိုသာ ကြီးသည်အထိ စိုက်ပျိုးပေးခြင်းဖြင့် စေတနာ၏ တန်ဖိုးကို ပိုမိုမြှင့်တင်ပေးသင့်ပါသည်။ ထို့ထက်ပို၍ သစ်ပင် ၁ဝဝ စိုက်နိုင်ရန် ရည်မှန်းထားသကဲ့သို့၊ အပင် ၁ဝဝ လုံးကို ရှင်သန်ကြီးထွားသည်အထိ အောင်မြင်စွာ စိုက်ပျိုးနိုင့်ခဲ့ပါလျင်ကား၊ အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူရမည့် လုပ်ဆောင်ချက် ဖြစ်ပါလိမ့်မည်။
ထိုသို့ဖြစ်လာစေနိုင်ရန်အတွက် အထူးသဖြင့် ဖြစ်ထွန်းရန်ကောင်းမွန်သည့် ပတ်ဝန်းကျင်မဟုတ်ပါက၊ သစ်ပင်များကို ပျက်စီးနိုင်ခြေမြင့်သည့် အပင်ငယ်နုချိန်တွင် ပြောင်းရွှေ့မြေချစိုက်ပျိုးခြင်းထက်၊ ပျိုးပင်အဖြစ် အချိန်ပေးလျက် အလေးအနက်ထား ဂရုတစိုက် စောင့်ရှောက်ထားပေးကာ၊ အပင်များ မိမိတို့ဘာသာ ရပ်တည်ရှင်သန်နိုင်ချိန်ရောက်မှ အတည်တကျ မြေချစိုက်ပျိုးပေးခြင်းက အပင်စိုက်ပျိုးဖြစ်ထွန်းမှုများကို ပိုမိုအောင်မြင်စေနိုင်ပါလိမ့်မည်။
ဤမြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စာမျက်နှာများတွင်လည်း သစ်ပင်များကို စိုက်ပျိုးနေသည် ဆိုသည်များအပြင်၊ သစ်ပင်များကို ရှင်သန်အောင်မြင်အောင် စိုက်ပျိုးထားသည်များကို ဦးစားပေး ရေးသား ဖော်ပြသင့်ကြပါသည်။
မိမိတို့၏ အချိန်၊ လုပ်အားနှင့် ငွေကြေးစသည့် အရင်းအနှီးများကို အသုံးချလျက် သစ်ပင်သစ်တောများကို အမှန်တကယ် ရှင်သန်ကြီးထွားသည်အထိ အောင်မြင်အောင် စိုက်ပျိုးကြသူများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။
(၂ဝ၂ဝ ခု စက်တင်္ဘာလ ၂၁ ရက်နေ့တွင် ဖြည့်စွက်ရေးသားထားပါသည်။)
(ဘဝဖြစ်စဉ် – Lifecycle ၊ ဖြစ်တည်ပျက်စီးမှုပုံစံ – Failure pattern)
#သိန်းမော်(ထိန်းသိမ်းရေးအင်ဂျီနီယာ)

About The Author

greenness_mm

No Comments

Leave a Reply