“”သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသော ဒီရေတောပင်များ””

“”သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသော ဒီရေတောပင်များ””

မြန်မာနိုင်ငံသည် ဒီရေတောအများအပြားရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်
သတ္တမမြောက် ဒီရေတောအများဆုံးပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။
ဒီရေတောများသည် ပင်လယ်ကမ်းရိုးတန်း၊ကမ်းဦးရေတိမ်ပိုင်း၊ကမ်းတက် မြေများနှင့် ပင်လယ်ဒီရေဝင်ရောက်သော မြစ်ချောင်းကမ်းစပ်များတွင် သဘာဝအလျောက် ပေါက်ရောက်နေသော တောများဖြစ်ပြီး လူနှင့် အခြား
သက်ရှိဇီဝမျိုးစုံတို့အတွက် လွန်စွာအရေးပါသည့်တိုင် အကြောင်းအမျိုးမျိုး
ဖြင့် ပျက်စီးဆုံးရှုံးနေရသည့် သယံဇာတများလည်း ဖြစ်သည်။
ဒီရေတောများ၏ အရေးပါပုံ
ဒီရေတောတွင်ပေါက်ရောက်သော အပင်များသည် တန်ဖိုးမရှိဟု သာမန်အား
ဖြင့် ထင်မြင်ရသော်လည်း ယင်းအပင်များ၏ထူးခြားသော အမြစ်များနှင့် တစ်စုတစ်ဝေးတည်း ထူထပ်စွာပေါက်ရောက်မှုတို့ကြောင့် ဒီရေလှိုင်းများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကမ်းပြိုမှုကို ကာကွယ်ပေးနိုင်သည်။
ဒီရေတောများအတွင်း ငါး၊ပုစွန်၊ကဏန်းနှင့် ရေသတ္တဝါများ ရှင်သန်ကျက်စား ခြင်း၊သားပေါက်မျိုးပွားခြင်းတို့ကြောင့် ငါး၊ပုစွန်စသော ရေထွက်သယံဇာတ များကို တိုးပွားစေနိုင်ပြီး ပင်လယ်စာထုတ်လုပ်နိုင်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်နိုင်သည်။
ဒီရေတောများသည် ကုန်းမြေပေါ်ရှိ မိုးသစ်တောပင်များထက် ကာဗွန်ဒိုင် အောက်ဆိုက် ၅ဆပို၍ စုပ်ယူနိုင်သည်။သန္တာကျောက်တန်းနှင့် ပင်လယ်မြက် များကို ကာကွယ်ရန်အတွက် ရေသန့်ကိုစစ်ထုတ်ပေးသည်။
သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူ ၄ဦး အတွက် လုံလောက်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည်။ကမ္ဘာပေါ်တွင် နေထိုင်သည့် သက်ရှိ များအတွက် အအေးဓာတ်ပေးခြင်း၊အရေးကြီးသောဂေဟစနစ်ကို ထောက်ပံ့ ခြင်းတို့ ပြုလုပ်ပေးသည်။ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေသောဖွံ့ဖြိုးတိုးတက် မှုဆီသို့ရောက်ရှိအောင် ကူညီပေးနိုင်သည်။
ထို့ပြင် ဒီရေတောများသည် ပင်လယ်ထဲသို့ စီးသွားမည့် အညစ်အကြေးအနယ် အနှစ်များကို စစ်ယူထားသည့်နေရာများလည်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုပြောင်း လဲမှုတွင် အရေးပါသည့် ကာဗွန်ကို အဓိကသိုလှောင်ထားရာနေရာလည်း ဖြစ် သည်။
ဒီရေတော၏အောက်ခြေသည် ငါး၊ပုစွန်၊ကဏန်းနှင့် အခွံမာရေသတ္တဝါများ၊ နို့တိုက်သတ္တဝါများ၊တွားသွားသတ္တဝါများနေထိုင်ကြသကဲ့သို့ သစ်ပင်များ ထက်တွင်လည်း ကမ်းရိုးတန်းငှက်မျိုးစိတ်အများအပြားနှင့် ရွှေ့ပြောင်းနေထို င်သောငှက်မျိုးစိတ်များ ကောင်ရေ ထောင်နှင့်ချီ၍ ရှင်သန်နေထိုင်ကျက်စား လျက်ရှိရာ ဒီရေတောများသည် မုန်တိုင်း၊ဒီရေလှိုင်း၊ဆူနာမီ စသည့် သဘာဝ ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းကြီးများ ဖြစ်ကြပြီး ဇီဝမျိုးစုံမျိုးကွဲများ၏ အစိမ်းရောင်ကမ္ဘာငယ်များဟုလည်း ဆိုနိုင်သည်။
ထိုသာမက သစ်ပင်၊သစ်တောများအားလုံးသည် ဂေဟစနစ်ကို အထောက် အပံ့ပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ထူးခြားစွာပါဝင်လျက်ရှိသည်
။ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ခံစားလာရသည်။လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ် ရှိ ဒီရေတောဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသော အကျိုးပြုမှု များကို ဆောင်ကြဥ်းပေးလျက်ရှိလေသည်။
သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေ
တောများ၊ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ ၅၀ ရာခိုင်နှုန်း သောမြင်သာထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတောများက ဆောင်ရွက်သည်။ယင်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကို ကာကွယ်ပေးနေသည်ဟု ဆိုလျှင်လည်း မမှားပေ။ဆူနာမီ၊ဆိုင်ကလုန်းနှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ် မဖြစ်ပေါ်စေရန် ဒီရေတောများက မားမားမတ်မတ်ကာကွယ် ပေးနေခြင်းဖြစ်လေသည်။
ဒီရေတောများ ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းများ
ဒီရေတောများ ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းများတွင် ဒီရေတောများ ကို ခုတ်ထွင်ရှင်းလင်း၍ လယ်မြေများအဖြစ်ပြောင်းလဲခြင်း၊ပုစွန်ကန်/ငါးကန် များ တူးဖော်ခြင်း၊ဆားကွင်းများအဖြစ် ပြောင်းလဲခြင်း၊မျောတိုင်များ ခုတ်ယူ ခြင်း၊ ထင်း၊မီးသွေးထုတ်ယူခြင်း စသည်ဖြင့် အလွန်အကျွံထုတ်ယူခြင်းများ ကြောင့် ဖြစ်သည်ဟုဆိုသည်။
ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့်နေရာ တွင်ရှိနေသော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများပြုန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ကုန်းမြေသစ်ပင်များ ထက် ၃ဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆကြပါသည်။ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန် အချိန်တန်ပြီဟု ဆိုနိုင်ပါသည်။
ဒီရေတောများကို ကာကွယ်ထိန်းသိမ်း စိုက်ပျိုးပြုစုရာတွင် စုပေါင်းပါဝင် ခြင်း
ဒီရေတောများ၏ တန်ဖိုးနှင့် အရေးပါပုံတို့ကို ဒေသခံပြည်သူများနှင့် ဒီရေတောကို အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများက ကောင်းစွာသိရှိနားလည်ကြသည့်အလျောက် ထိန်းသိမ်းစောင့်ရှောက်သွားလို ကြပြီး ပြင်ပမှလာရောက်၍ ခုတ်လှဲထုတ်ယူမှုများ၊အခြားစီးပွားရေးလုပ်ငန်း များအတွက် ခုတ်ထွင်ရှင်းလင်းမှုများကို ထိထိရောက်ရောက်တားဆီးပေးစေ လိုကြသည်များရှိကြောင်းကိုလည်း သိရှိရသည်။
ယခုအခါ သဘာဝဘေးအန္တရာယ်များကာကွယ်ရေးတွင် အရေးပါသော သဘာဝဒီရေတောများ မပျက်စီးမလျော့နည်းစေရန် ကာကွယ်ထိန်းသိမ်းပြီး ဒီရေတောပေါက်ရောက်ရာဒေသကြီးများဖြစ်သည့် ရခိုင်ပြည်နယ်၊မွန်ပြည်
နယ်တို့ အပါအဝင် ဒေသများတွင် ဒီရေတောများကို စိုက်ပျိုးလျက်ရှိသည်။
ပင်လယ်နှင့် ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင်ပေါက်ရောက် တတ်သည့် တစ်ခုတည်းသော ဒီရေတောပင်များသည် အနည်များကိုသန့်စင် စေပြီး သန္တာကျောက်တန်းများ၊ပင်လယ်မြက်များကို ကာကွယ်ပေးနေသည့် အပြင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါးစေရန် အမြင့်ဆုံးစွမ်းရည်ကို ထောက်ပံ့ပေးလျက်ရှိသည်။
ထိုကဲ့သို့ အံ့အားသင့်စရာကောင်းသည့် အပင် များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက်တစ် လမ်းမှ ကာကွယ်ပေးနေပြန်သောကြောင့် အကျိုးကျေးဇူးကြီးမားလှပါသည်။
သို့ဖြစ်ပါသောကြောင့် ကမ်းရိုးတန်းဒေသများကမ်းပြိုမြေပြိုတိုက်စားခံရမှုမှ ကာကွယ်ရေး၊ ရေလှိုင်းဒဏ်နှင့် မုန်တိုင်းဒဏ်တို့မှကာကွယ်ရေး၊ ငါး၊ပုစွန် ရေသယံဇာတများပေါများရာတွင်အရေးပါသည့်ဒီရေတောများ မပျက်စီးစေ ရန်ထိန်းသိမ်းရာတွင်လည်းကောင်း၊ဒီရေတောများ ထပ်မံစိုက်ပျိုးရာတွင်လည်းကောင်း ဒေသခံပြည်သူများ၊ အစုအဖွဲ့များ၏ ပူးပေါင်းပါဝင်ဆောင်
ရွက်မှုများဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရပါမည့်အကြောင်း လေ့လာရေးသားလိုက်ရပါသည်။
မသန်းလှ(ပညာရေး)

About The Author

greenness_mm

No Comments

Leave a Reply